စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...

ပျော်စရာ ကောင်းသည်၊ အကောင်း ပျော်စရာ


........................................................

ပျော်စရာသည် ကာမဂုဏ်ဖြင့် ပျော်ရသည်က တစ်မျိုး၊
ဓမ္မကိုကျင့်သုံးလိုက်နာခြင်းဖြင့် ပျော်ရသည်က တစ်မျိုးဟု နှစ်မျိုးရှိသည်။

ကာမဂုဏ်ဖြင့် ပျော်ရခြင်းသည် အပူဓာတ်ဖြင့် ပျော်ရခြင်းဖြစ်သည်။
ဓမ္မဖြင့် ပျော်ရခြင်းသည် အအေးဓာတ်၊ အငြိမ်းဓာတ်ဖြင့် ပျော်ရခြင်းဖြစ်သည်။
....................

တစ်ခါက မြတ်ဘုရားသည် သာဝတ္ထိမြို့တော်ကြီးတွင် သီတင်းသုံးတော်မူနေခိုက်ဖြစ်သည်။
သာဝတ္တိတစ်မြို့လုံးသည် အုန်းအုန်းကျွက်ကျွက်ဖြင့် ပျော်မြူးနေကြသည်။
ထိုပျော်ပွဲကြီးကို ဗာလနက္ခတ္တပွဲသဘင်ဟုခေါ်ကြသည်။

လူများရမ်းရမ်းကားကားပျော်ကြသည်။ မြင်မကောင်းအောင် လိမ်းခြယ်ပြင်ဆင်ကြသည်။
နားမခံသာအောင် အော်ဟစ်သီးကျူးကြသည်။ ယဉ်ကျေးသူများ အနေခက်အောင် လိုက်လံ၊
နောက်ပြောင်၊ နှောက်ယှက်ကြသည်။ သူတော်စင်များ အခက်တွေ့သည့် ပွဲတော်ကြီးဖြစ်သည်။

ထိုပွဲတော်ကြီးခုနှစ်ရက်တာကာလ ကျင်းပနေခိုက် ဇေတ၀န်ကျောင်းတော်ကြီးတွင်လည်း
ဓမ္မဖြင့် မွေ့လျော်သူတို့ဖြင့် စည်ကားနေသည်။
သာဝတ္တိမြို့ကြီးသည် ငါးကုဋေခန့်သော သူတော်စင်များဖြင့် ငြိမ်းချမ်း၊ တည်ငြိမ်စွာဖြင့် ပျော်ကြပြန်သည်။

ထိုငါးကုဋေသော သူတော်စင်များသည် မြတ်ဘုရားအားလျောက်ထားကြသည်
မြတ်စွာဘုရား၊ သာဝတ္ထိမြို့အတွင်း ဗာလနက္ခတ္တပွဲသဘင်ကို ခုနှစ်ရက်ကြာ ကျင်းပနေကြပါသည်ဘုရား။

လူအများရမ်းကားကြသည်။ မြင်မကောင်း၊ ရှုမကောင်းအောင် ဆိုးသွမ်းကြသည်။
ထိုပွဲတော်ကာလအတွင်းမြို့အတွင်းသို့ ဆွမ်းခံကြွတော်မူပါနှင့်ဘုရား။
ဘုရားတပည့်တော်များ ကျောင်းသို့လာရောက်ပို့ဆောင်ကြပါမည်ဘုရား။

မြတ်ဘုရားသည် ဒကာ ဒကာမများ၏ လျောက်ထားချက်ကို လက်ခံတော်မူသည်။
ပွဲတော်အတွင်း မြို့အတွင်းသို့ ဆွမ်းခံကြွတော်မမူပေ။
ဒကာ ဒကာမများ ကပ်လှူသော ဆွမ်းဖြင့်သာမျှတတော်မူသည်။

ပွဲတော်ကာလပြီးသော် ရှစ်ရက်မြောက်နေ့တွင် ဒကာ ဒကာမများသည် ဘုရားရှင်နှင့်တကွ
သံဃာတော်များကိုပင့်ဖိတ်ပြီး ပွဲအတွင်းကြီးကျယ်သော ဆွမ်းလှူပွဲကျင်းပကြသည်။

ထိုအလှူပွဲကြီးတွင် ရှင်တော်ဘုရား..၊ ဘုရားတပည့်တော်များ ဗာလနက္ခတ္တပွဲတော်ကာလ အတွင်း
မကြားချင်သော အသံများကိုကြားကြရပါသည်။မမြင်ချင်သော အရာတို့ကို မြင်ရပါသည်။
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် နေထိုင်ကြရပါသည်။

ဘုရားတပည့်တော်များ မြို့အတွင်း မ၀င်သလို၊ ရှင်တော်မြတ်ဘုရားနှင့် တပည့်သားများလည်း မြို့တော် အတွင်း ကြွတော်မမူခဲ့ပါဘုရား..ဟု ငြိမ်းချမ်းစွာနေလိုသော သူများက လျောက်ထားကြသည်။

ထိုအခါ မြတ်ဘုရားက .....
ပညာမဲ့မိုက်မဲသူများသည် မေ့လျော့ခြင်းကို ခုံမင်ကြကုန်၏။
သူတော်စင်များကား မမေ့မလျော့ခြင်းကို မြတ်နိုးကြကုန်၏။

ကာမဂုဏ်ပျော်( အပူပျော်) ကို အားမထုတ်ကြကုန်လင့်။
ဓမ္မဖြင့်ပျော်( အအေး၊ အငြိမ်) ပျော်ခြင်းသည်သာ အငြိမ်းဓာတ်များ
ကိန်းရာ မြတ်နိဗ္ဗာန်ရောက်ကြောင်းဖြစ်ပေသည်..ဟု ဟောကြားတော်မူသည်။

တရားဆုံးသော အငြိမ်းဓာတ်ဖြင့် အပူကင်းကြသော သူတို့သည် ပျော်ရွှင်စွာဖြင့် သာဓုခေါ်ကြည်နူးကြရသည်။

..................................
ဓမ္မပဒ၊ ဗာလနက္ခတ္တ၀တ္ထုကို ရေးဖွဲ့ပါသည်

https://www.facebook.com/photo.php?fbid=533033313399114&set=a.182955728406876.3

နူနာရောဂါသည် ရောဟိနီ။


•••••••••••••••••••••••
ကပိလ၀တ္ထုမြို့တော် နိဂြောဓာရုံကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်အနုရုဒ္ဓါ၏နှမ ရောဟိနီမင်းသမီးကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အရှင်အနုရုဒ္ဓါသည် နောက်ပါရဟန်းငါးရာနှင့်တကွ ကပိလ၀တ္ထုမြို့တော်သို့ ကြွတော်မူလေရာ ဆွေတော်မျိုးတော်များသည် လာ၍ရှိခိုးနှုတ်ဆက်ကြ၏။
ရောဟိနီမည်သော နှမတော်မင်းသမီးသည်ကား နူနာရောဂါ စွဲကပ်နေသဖြင့် အရှင်အနုရုဒ္ဓါသည် နှမတော်ကို ခေါ်စေပြီးလျှင် နှမတော်၏ လက်ဝတ်တန်ဆာကို ရောင်းချ၍ ဆွမ်းစားကျောင်း ဆောက်လုပ်လှူဒါန်းရန် ညွန်ကြား၏။ ဆွမ်းစားကျောင်းအတွက် လိုအပ်သော သစ်သားစသော
ပစ္စည်းများ စုဆောင်းရှာဖွေပေးရန် ဆွေတော်မျိုးတော်များအား တာဝန်ပေး၏။

ဘုံခုနစ်ဆင့်ရှိသော ဆွမ်းစားကျောင်းကို ဆောက်လုပ်နေစဉ် အထက်ဆင့်၌ ပျဉ်ခင်းသောအခါမှစ၍ အရှင်အနုရုဒ္ဓါသည် ရောဟိနီမင်းသမီးအား ဆွမ်းစားကျောင်းအောက်၌ မပြတ်တံမြက်လှည်းရန်၊ နေရာခင်းထားရန်၊
သောက်ရေအိုးတွင် ရေခပ်ထားရန် ညွန်ကြား၏။
ညွန်ကြားသည့်အတိုင်း ဆောင်ရွက်စဉ်မှာပင် ရောဟိနီ၏ နူနာရောဂါသည် ညှိုးမှိန်၍ လာလေသည်။

ဆွမ်းစားကျောင်းပြီးစီး၍ ရောဟိနီသည် ဘုရားရှင်နှင့်တကွ ရဟန်းသံဃာများကို ဆွမ်းစားကျောင်းသို့ ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်၏။
နူနာရောဂါ ရှိနေသေးသဖြင့် ကိုယ်တိုင်ကား မလာရောက်ပေ။ ဘုရားရှင်သည် ရောဟိနီကို ရှေ့တော်သို့ ခေါ်တော်မူကာ နူနာရောဂါ
ခံစားရခြင်း၏ အကြောင်းကံကို မိန့်ကြားတော်မူလေသည်။

လွန်လေပြီးသောအချိန်တွင် ရောဟိနီသည် ဗာရာဏသီမင်း၏ မိဖုရားကြီး ဖြစ်ခဲ့၏။ သူသည် ကချေသည်မတစ်ဦးကို ရန်ငြိုးဖွဲ့ပြီးလျှင် ကချေသည်မ၏ အိပ်ရာ၊ ပုဝါ၊ ကော်ဇော စသည်တို့၌
ခွေးလှေးယားသီးမှုန့်တို့ကို ဖြူး၍ထား၏။
ရယ်ရွှင်ဖွယ်ရာပြုသကဲ့သို့ ချေသည်မ၏ကိုယ်ပေါ်မှာလည်း
ခွေးလှေးယားသီးမှုန့်များ ကြဲချ၏။
ကချေသည်မသည် တစ်ကိုယ်လုံး ယားယံလှသဖြင့် အဖုအပိမ့်များ ထလာရ၏။ အိပ်ရာထဲ၌ ၀င်အိပ်သောအခါတွင်လည်း ပို၍ယားယံစွာ ခံစားရ၏။

ဘုရားရှင်သည် ရောဟိနီမင်းသမီး၏ အတိတ်ကံကို ဤသို့ဟောကြားတော်မူပြီးလျှင် အောက်ပါဒေသနာတော်ကို
ဟောကြားတော်မူလေသတည်း။

• အမျက်ကို စွန့်ရာ၏။
• မာနကို ပယ်ရာ၏။
• သံယောဇဉ်ဟူသမျှကို ကျော်လွန်ရာ၏။
• နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြသူတို့ထံသို့ . .
ဆင်းရဲဒုက္ခတို့သည် မကျရောက်လာကြပေ။

ဒေသနာတော်အဆုံး၌ ရောဟိနီမင်းသမီးသည် သောတာပန်ဖြစ်ကာ
နူနာရောဂါ ပျောက်သွား၏။
ကိုယ်အရေအဆင်းသည် ရွှေကဲ့သို့ ၀ါဝင်းစိုပြည်၏။
ထိုဘ၀မှ စုတေသောအခါ သိကြားမင်း၏ အချစ်မြတ်နိုးဆုံးသော မိဖုရား ဖြစ်လေ၏။

( ဓမ္မပဒ။ ကောဓ၀ဂ် )

https://www.facebook.com/photo.php?fbid=431310210300149&set=a.351047714993066.7

နံနက် အိပ်ယာမှ နိုးနိုးချင်း လေ့ကျင့်ခန်း လုပ်ပါ



နံနက် အိပ်ယာမှနိုးလျှင် ကျောများ တောင့်တင်းခြင်း၊ ခြေထောက်နာ ခြင်းနှင့် အခြားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ နာကျင်မှုကို ဖြစ်စေပါသည်။

ယင်းတို့ကို ဖြေလျော့ပြီး ပေါ့ပါးသည့် ကိုယ်ခန္ဓာ ရရှိစေရန် အောက်ပါ လေ့ကျင့်ခန်းများကို အိပ်ယာထဲ၌ပင် ပြုလုပ်ပါ။

(၁) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ။ ခန္ဓာကိုယ်ကို ညာသို့စောင်းပါ။ ပြီးလျှင် ဘယ်သို့ လှိမ့်၍စောင်းပါ။ (၁၀)ကြိမ် ပြုလုပ်ပါ။

(၂) ပက်လက် အနေအထားတွင် လက်နှစ်ဖက်ကို ဘေးမှာ ခပ်လျော့လျော့ ကပ်ထားပြီး ခြေထောက်နှစ် ဖက်ကို မျက်နှာကျက် ဆီသို့ မတင်ပါ။ (၁၀)စက္ကန့်ထားပါ။ ဤအနေအထား အတိုင်း (၁၀)ကြိမ်ပြုလုပ်ပါ။ သတိပြု ရန်မှာ ခြေဖျားကို ဖြေလျော့ ထားပါ။ ခြေချောင်းများကို ချွန်မထားပါနှင့် ခြေသလုံး ကြွက်တတ်တက်သည်။

(၃) ပက်လက်နေ၍ ခြေတစ်ဖက်၏ ဒူးကို ရင်ညွှန့်အထိကွေးချပါ။ စက္ကန့် (၂၀)ခန့်ထားပါ။ ဤနည်းဖြင့် ညာဒူး၊ ဘယ်ဒူး ပြောင်းပြီး တစ်ဖက်ကို (၃)ကြိမ်ပြုလုပ်ပါ။

(၄) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ။ လက်နှစ်ဖက်ကို မိမိအိပ်သည့် ခေါင်းရင်းဖက် ဖြည်းဖြည်း ဆန့်ထုတ်ပါ။ (၁၀)ကြိမ်ပြုလုပ်ပါ။

(၅)ပက်လက် ဆန့်အိပ်ပြီး ညာခြေကို ဖြည်းဖြည်းချင်း ညာဘက်ကို ဆန့်ထုတ်ပါ။ ညာဘက်ပြီးလျှင် ဘယ်ဘက် ခြေထောက်ကို အလားတူပြု လုပ်ပါ။ခြေထောက်ကို ဆန့်ထားဖို့ မမေ့ပါနှင့်။

ထုံးစံအတိုင်း တစ်ဖက်ကို (၁၀)ကြိမ်ပြုလုပ်ပါ။

TKD

https://www.facebook.com/photo.php?fbid=431311243633379&set=a.351047714993066.7
Related Posts Plugin for WordPress, Blogger...