စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မစ္ဆရိယပြိတ္တာ


“ရန်ကုန်မြို့က မစ္ဆရိယပြိတ္တာမ ”
                  
♦မစ္ဆရိယသည် သေးငယ်လျှင် “မိမိပစ္စည်း”ကိုသာ ဝန်တိုသည်။
♦ကြီးလာလျှင် “သူတပါး၏ ပစ္စည်း”ကိုပါလိုက်ပြီး ဝန်တိုလာတတ်သည်။
ကျွန်ုပ်၏ တပည့်မလေးတစ်ယောက်မှ တစ်ဆင့်သိရသော အဖွားကြီးတစ်ယောက်၏
အဖြစ်သည်ကား သနားစရာလည်းကောင်း၊ သံဝေဂရစရာလည်း ကောင်းလှပါသည်။
ထိုအဖွားကြီးသည် မစ္ဆရိယ၏ နှိပ်စက်မှုကြောင့် မပေးနိုင်မကမ်းနိုင် နှမြောစေးနည်း ဝန်တိုလှသည်။

မစ္ဆိရိယက ကြီးသထက်ကြီးလာသောအခါ မိမိပစ္စည်းကိုသာ ဝန်တိုရုံမကတော့ပဲ
အိမ်သားအားလုံး၏ ပစ္စည်းများကိုပါလိုက်ပြီး ဝန်တိုလာသဖြင့် အိမ်သားများ မည်သူ ဒါနပြုပြု၊
မပြုရန် တားဆီးပိတ်ပင်တော့သည်။ ထိုသို့ပြုခြင်းကို စာပေ၌ ပုညန္တရာယ် ဟုခေါ်သည်။
သူတစ်ပါး၏ “ကုသိုလ်ပျက်စီးအောင် အန္တရာယ်ပြုခြင်း”ဟု အဓိပ္ပါယ်ရသည်။ အလွန်အကုသိုလ်ကြီးသော အမှုပါတည်း။

တစ်နေ့တွင် ထိုအဖွားကြီးဆုံးသွားလေရာ ဗုဒ္ဓဘာသာတို့၏ ထုံးစံအတိုင်း ရက်လည်ဆွမ်းကျွေးပြီး
နောက်တစ်နေ့မှာပင် သူ၏ မြေးမလေးအား အိမ်မက်ပေးလေသည်။ အိမ်မက်ထဲတွင်
အဖွားကြီးမှာ ပိန်လှီနေပြီး အရိုးပေါ်အရေတင် ရုံသာရှိသည်။အဝတ်အစားလည်းမရှိဘဲ ကိုယ်တုံးလုံးကြီး ဖြစ်လျှက်ရှိသည်။အိမ်မက်ထဲ၌ မြေးနှင့်အဖွားပြောနေကြသည်မှာ...

“မြေးလေးရေ... အဖွားကို ကယ်ပါဦး၊ အဖွားမှာ စားစရာလည်းမရှိ၊
ဝတ်စရာလည်းမရှိ ဖြစ်နေပြီ။ မြေးလေး မြင်ရတဲ့ အတိုင်းပဲ”

“အဖွားရယ်... မြေးလေးတို့တစ်တွေ အဖွားဆုံးတဲ့နေ့ကလည်း သက်ပျောက်ဆွမ်းကပ်တယ်။
သင်္ဂြိုဟ်တဲ့နေ့ကလည်း မြေဆင်းဆွမ်း ကပ်လှူတယ်။ ရက်လည်တဲ့နေ့ကျတော့လည်း အဖွားသက်စေ့
သံဃာတွေပင့်ပြီး ဆွမ်းတွေ၊ သင်္ကန်းတွေ လှူခဲ့တာပဲ။ မြေးလေးတို့ အမျှပေးတာ အဖွား သာဓုမခေါ်ရဘူးလား”

“ခေါ်လို့မရပါဘူး ငါ့မြေးရယ်”

“ဘာလို့လဲ အဖွားရဲ့”

“ကိုယ်ပြုတဲ့ဒဏ် ကိုယ့်ပြန်ခံရတာပဲ ငါ့မြေးရယ်။ အဖွားမသေခင်တုန်းက ကိုယ်ကိုယ်တိုင်
ဒါနမပြုခဲ့တဲ့အပြင် သူတပါးပြုတဲ့ဒါနကိုလိုက်ပြီး တားဆီးခဲ့တဲ့ သူတစ်ပါးကုသိုလ်ကို ပိတ်ပင်တားဆီးခဲ့တဲ့
အကုသိုလ်ကံကြောင့် အခုအဖွားမှာ သာဓုခေါ်စရာ ပါးစပ်ပေါက်ပါမလာဘူး မြေးလေးရယ်”
ဟုပြောပြီး ပါးစပ်ပေါက် မပါသော သူ့မျက်နှာကို လှည့်ပြသဖြင့် မြေးဖြစ်သူမှာ လန့်ပြီး အိပ်ရာမှ နိုးသွားခဲ့ရပါသည်။

ထိုအဖွားကြီးကား ပြိတ္တာဘုံဘဝမှ ကျွတ်လွတ်ရန်မလွယ်တော့ပါချေ။ “ဣဿာမစ္ဆရိယ”သည်
ထိုကဲ့သို့ လောကီချမ်းသာများဆုတ်ယုတ်အောင် လုပ်သည်သာမကသေး၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊
နိဗ္ဗာန်ချမ်းသာမရအောင်လည်း လုပ်ပါသေးသည်။ “သုတ္တနိပါတ်ပါဠိတော်” ၌ “အဇိတရသေ့” က ဗုဒ္ဓအား-
ကေနသု နိဝုတောလောကောကေနသုန ပကာသတိ။ကိဿာ ကိလေပနံ ဗြူသိ။
ကိဿမဿံ မဟဗ္ဗယံ။

မြတ်စွာဘုရား ပရမတ်ရုပ်နာမ် သင်္ခါရတွေ အမြင်အောင် ဝါ မဂ်ဖိုလ်မရအောင် အဘယ်တရားတွေက
ပိတ်ဖုံးထာပါသလဲဘုရား ဟုမေးလျှောက်ရာ ဗုဒ္ဓက-ဝေဝိဇ္ဇာ ပမာဒါ ဉာဏပတံနကရောတိ။

ဣဿာမစ္ဆရိယ တရားနှစ်ပါးနှင့် မေ့လျော့ခြင်း၊ပမာဒတရားများက မဂ်ဖိုလ်မရအောင်
တားဆီးတတ်ကြောင်း ဟောကြားထားရာဣဿာမစ္ဆရိယသည် သာမန် အကုသိုလ်မဟုတ်။
မဂ်ဖိုလ်မရအောင်ပင် တားတတ်သည့် အကုသိုလ်တရားကြီးဖြစ်ကြောင်း သတိပြုကြရပါမည်။

[မေတ္တာရှင်(ရွှေပြည်သာ)၏ “အတွင်းရန်သူ” မှ-]

Dhamma Dãna Source ► Zahan Mon &
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...