စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နေရာ နဲ့ ဆု (Position and Prize )


                            
မည်သည့်အဖွဲ့အစည်းတွင် ဖြစ်စေ၊ မည်သည့်သင်တန်းမျိုးတွင်ပင်ဖြစ်စေ၊ မည်ကဲ့သို့သော စာမေးပွဲများတွင်ပင်ဖြစ်စေ ပထမနေရာ ရရှိနိုင်ဖို့ လွယ်ကူပါသည်။ပထမနေရာ ရရှိနိုင်ဖို့အတွက် အခြေခံနှင့် အဓိက အကျဆုံး လိုအပ်ချက်မှာ သင်၏ "ကြိုးစားမှု" သာဖြစ်သည်။ သာမန်ထက်ပိုသော ကြိုးစားမှု (တနည်း ဇွဲ၊လုံ့လ၊ဝီရိယ) တို့နှင့်သင်၏ပင်ကိုယ်ညဏ်စွမ်းတို့ပေါင်းစပ်လိုက်သောအခါ ပထမနေရာဆိုသည်မှာ သင်နှင့်လက်တကမ်းအကွာမျှသာဖြစ်သည်။ ထို့ကြောင့် သချာင်္သဘောတရားအရ ညီမျှခြင်းထုတ်ကြည့်မည်ဆိုလျှင်

ပထမနေရာ = မိမိပင်ကိုယ်ညဏ်ရည် + ကြိုးစားမှု (ဇွဲ+လုံ့လ+ဝီရိယ)

ပထမနေရာ = ညဏ် + ဇွဲ + လုံ့လ + ဝီရိယ

ဟု ပြော၍ရနိုင်ပေလိမ့်မည်။

သို့သော်........ပထမဆု ရရှိနိုင်ဖို့ ဆိုလျှင်ကား "ကြိုးစားမှု" အပြင် ထပ်ပေါင်းထည့်ရန်လိုအပ်သော အခြားအချက်များရှိနေပေသည်။၎င်းတို့မှာ မိမိကြိုတင်မမြင်နိုင်သော ကံတရား၏ဖေးမမှုများပင် ဖြစ်သည်။ထို့ကြောင့် ပထမဆု အတွက် ညီမျှခြင်းထုတ်ကြည့်ရသော်

ပထမဆု = ကံတရား + မိမိပင်ကိုယ်ညဏ်ရည် + ကြိုးစားမှု (ဇွဲ+လုံ့လ+ဝီရိယ)

ပထမဆု = ကံ + ညဏ် + ဇွဲ + လုံ့လ + ဝီရိယ

ဟူ၍ ဆိုနိုင်ပေလိမ့်မည်။ တခါတရံတွင် ကံတရားသည် ၁၀% ခန့်သာရှိသော်လည်း တခါတရံ ၉၀% အထိ ရှိနေတတ်သည်ကို အံ့သြစွာတွေ့ရတတ်သည်။

အချို့သော စာဖတ်သူတို့ကြုံဖူးကြပေလိမ့်မည်။ အတန်းထဲတွင် တော်သော၊ တတ်သော၊ ထက်သော ကျောင်းသား/သူ များသည် ရလဒ်(result) များ ထွက်လာသည့်အခါ ထင်သလောက် မဟုတ်ကြပေ။ဤကဲ့သို့သော ဖြစ်စဉ်များအတွက် ကွဲပြားခြားနားသော အခြေအနေများရှိပါသည်။ ဘာတွေလဲဆိုတာ ကျွန်တော်တို့ ဆန်းစစ်ကြည့်ကြရအောင်။

ဖြစ်စဉ်

မောင်မောင် သည် ဤမြို့နယ်ရှိ ကျောင်းသူ/သား များထဲတွင် အတော်ဆုံးကျောင်းသားဖြစ်သည်။ လပတ်စာမေးပွဲတိုင်း၊ အတန်းတင်စာမေးပွဲတိုင်းတို့တွင် အမြဲ ပထမရရှိသည်။ဆရာ/မ များကလည်း မောင်မောင် တော်ကြောင်း သိရှိကြသလို၊ တစ်နှစ်တည်းသမားများဖြစ်ကြသော ကျောင်းနေဖက် ကျောင်းသူ/သားများကလည်း သိရှိကြသည်။ သို့သော် စာမေးပွဲတစ်ခုတွင်ဆရာ/မ များ၊ ကျောင်းသူ/သား များကြား ရေပန်းစားနေသော မောင်မောင် သည် ပထမဆု နှင့်လွဲခဲ့ရပြီး အတန်းထဲတွင် လူသိမများသော ကျောင်းသားတစ်ဦးက ပထမနေရာကိုဆွတ်ခူးသွားခဲ့သည်။တစ်ကျောင်းလုံးတွင်ရှိသော ဆရာ/မ များ၊ ကျောင်းသူ/သား များက ဤရလဒ်ကို အံ့သြခဲ့ကြသလို မောင်မောင် ကိုယ်တိုင်လည်း မယုံကြည်နိုင်ခဲ့ပေ။ ဘာကြောင့်ပါလဲ ??????? ဆက်လက်တွေးတောကြည့်လိုက်ကြရအောင်......

အခြေအနေ (၁)

မောင်မောင် သည် ထိုစာမေးပွဲဖြေဆိုရန်နီးကပ်လာသောအချိန်အထိ စာကိုသေချာမလေ့လာ၊ မကျက်မှတ်ခဲ့ပေ။ သို့သော် စာမေးပွဲတိုင်းတွင် ပထမရရှိနေသော သူသည် ထိုစာမေးပွဲတွင်လည်းပထမရရှိမည်ဟု ယုံကြည်သည်။ မိမိအနည်းငယ်ဖတ်မှတ်လေ့လာပြီးသောအခြေအနေက အခြားသူများ ပြင်းပြင်းထန်ထန်ကြိုးစားသလောက်ရှိသည် ဟု ထင်နေသည်။ စာမေးပွဲဖြေဆိုချိန်တွင်လည်း ယခင်အကြိမ်များလောက် ကောင်းမွန်စွာမဖြေနိုင်ခဲ့သော်လည်း အခြေအနေမဆိုးရွားခဲ့ချေ။ ထို့ကြောင့် အောင်စာရင်းထွက်လာသောအချိန်တွင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ရပေ။

အခြေအနေ (၂)

မောင်မောင် ထိုကဲ့သို့ စာကိုဖိဖိစီးစီးမလုပ်မိလိုက်သောအချိန်တွင် သူ၏အတန်းထဲမှ သူ့ကို အားကျနေသော ကျောင်းသားတစ်ဦးဖြစ်သူ အောင်အောင် က စာကိုကြိတ်မှိတ်ကြိုးစားပြီး ကျက်မှတ်လေ့လာခဲ့ရာမှစာမေးပွဲတွင် ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့သည်။ ထိုအခြေအနေသည် ကျောင်းသားအဖို့ အခွင့်အရေးကို ကောင်းမွန်စွာအသုံးချခဲ့သောအခြေအနေမျိုးဖြစ်သည်။

အခြေအနေ (၃)

ထိုအခြေအနေသည် ဆိုးရွားကောင်း ဆိုးရွားနိုင်သည်။ မျှော်လင့်မထားသောအခြေအနေလည်းဖြစ်၏။ မောင်မောင် သည် စာမေးပွဲဖြေမည်ဟု သိကတည်းက ထုံးစံအတိုင်းပုံမှန် မပျက်မကွက်ကြိုးစားလာခဲ့သည်။စာမေးပွဲဖြေဆိုရန် နှစ်ပတ်လောက်အလိုမျှ ကာလတွင်ပင် သူသည် အားလုံးကို လေ့လာ၊ကျက်မှတ်ပြီး ဖြစ်နေလေပြီ။ စာမေးပွဲအတွက်လုံးဝ အဆင်သင့်ဖြစ်နေသည်။ သို့သော် စာမေးပွဲဖြေဆိုရန် တစ်ရက်အလိုတွင်ရုတ်ချည်း နေမကောင်းဖြစ်တော့သည်။ စာမေးပွဲခန်းထဲသို့ရောက်ပြီး ဖြေဆိုရန်ထိုင်နေသည့်အချိန်တွင်ပင် မသက်သာသေးပေ။ ဖြေဆိုရန်လည်း အင်အားမရှိ။ မေးခွန်းများအားလုံးကို နားလည်သဘောပေါက်သော်လည်းနေမကောင်းဖြစ်နေသောအရှိန်ကြောင့် ဦးနှောက်မှာ ဝေဝေဝါးဝါးဖြစ်နေသည်။ စာများလည်း ရောထွေးနေသည်။ မေးခွန်းအားလုံးဖြေဆိုခဲ့သော်လည်း မှန်သည်၊မှားသည် သူမဆုံးဖြတ်နိုင်။ ပြန်လည်စဉ်းစား၍လည်းမရ။ ထို့အတွက်ကြောင့် ရလဒ်ထွက်ပေါ်လာသောအခါ မထင်မှတ်ထားသောအခြေအနေမျိုးကိုကြုံတွေ့ရခြင်းဖြစ်သည်။

အခြေအနေ (၄)

ယခုအခြေအနေမှာမူ အဆိုးတကာ့ အဆိုးဆုံးအခြေအနေ ဖြစ်လိမ့်မည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စာမေးပွဲဖြေဆိုရန် ၂ပတ်အလိုအချိန်တွင် မောင်မောင်သည် ဖြေဆိုရန်အဆင်သင့်ဖြစ်နေပေပြီ။ သင်ရိုးညွှန်းတန်းစာများသာမက ပြင်ပဗဟုသုတများကိုပါ လေ့လာဆည်းပူးထားပြီးဖြစ်သည်။ ခေတ်အဆက်
ဆက်မေးခွန်းဟောင်းများကိုလည်း ကျေညက်အောင်လေ့ကျင့်ထားပြီးပြီ။စာမေးပွဲဖြေဆိုသည့်အချိန်တွင်လည်း
မေးခွန်းများသည် သူ့အတွက် အလွယ်တကူဖြေဆိုနိုင်ခဲ့သည်သာဖြစ်သည်။ ဖြေဆိုပြီးအချိန်တွင်လည်း သူဖြေခဲ့သောအဖြေများနှင့် သက်ဆိုင်ရာဘာသာရပ်ကိုသင်ကြားပြသသော ဆရာ/မများ၏ အဖြေနှင့် တိုက်ဆိုင်စစ်ဆေးပြီးခဲ့ပြီ။ ယခုအကြိမ်စာမေးပွဲသည်လည်း သူ့အတွက်ပုံမှန်ရနေကျ ရလဒ်ကို ရရှိနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။သို့သော် ရလဒ်များထွက်ပေါ်လာချိန်တွင် အများမထင်မှတ်ထားသောအခြေအနေများဖြစ်ပျက်ခဲ့သည်။ မောင်မောင် သည် ပထမဆုနှင့်လွဲချော်ခဲ့ရပြီး၊ ထိုဆုကိုဆွတ်ခူးသွားသူမှာ အတန်းထဲတွင်စာပုံမှန်လိုက်မလုပ်သော၊ သာမန်အဆင့်မျှသာရှိသော ကျောင်းသားတစ်ယောက်သာဖြစ်သည်။ ဤသို့သော အခြေအနေတွင် ဆန်းစစ်စရာတစ်ခုသာရှိသည်။ ထိုကျောင်းသား ပထမဆုရရှိသွားခြင်းမှာသူ၏ ကြိုးစားမှု ကြောင့်ဟု ငြင်း၍မရပေ။ သို့သော် ကြိုးစားမှုကို ထပ်မံဆန်းစစ်ကြည့်ရလျှင် "သူချဉ်းကပ်ခဲ့သောကြိုးစားမှုသည် ရိုးသားသောကြိုးစားမှုဖြစ်ခဲ့ပါသလား" ဆိုသည့်အချက်ပင် .... ။

အခြေအနေ ၁ မှ ၃ အထိသည် သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်များဖြစ်သော်လည်း အခြေအနေ ၄ အတွက်မူ နောက်ဆက်တွဲအခြေအနေများ ပေါ်ထွက်လာနိုင်သည်။ထိုကဲ့သို့သော အခြေအနေမျိုးကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသော မောင်မောင် သည် သူဆက်လျှောက်ရမည့် ဘဝခရီးတွင် မည်သည့်ပုံစံဖြင့် ဖြတ်သန်းပါမည်နည်း။

ထင်မြင်ချက် (၁)

ပထမဆုနှင့်လွဲသွားရသော်လည်း မောင်မောင် စိတ်မပျက်။ ဆု သည် သူ့ဘဝအတွက်အရေးမကြီး။ အရေးကြီးသည်မှာ မိမိကိုယ်ကို မိမိမညှာဖို့၊ မိမိကိုယ် မိမိ သိဖို့ပင်ဖြစ်သည်။သူအစွမ်းကုန်ကြိုးစားခဲ့သည်ကို ကိုယ်တိုင်သိသည်။ ကျောင်းသူ/သားတို့၏ ညဏ်ရည်၊စွမ်းရည် ကို စစ်သော စာမေးပွဲတွင် သူမည်မျှဖြေဆိုနိုင်ခဲ့သည်ကို သူသဘောပေါက်သည်။ထို့ကြောင့် ဆုရခြင်း၊ မရရှိခြင်းသည် သူ့အဖို့ဘာမှမထူးခြား။ ပုံမှန်အတိုင်း ဆက်လက်ကြိုးစားနေမည်သာဖြစ်သည်။

ထင်မြင်ချက် (၂)

အစွမ်းကုန်ကြိုးစားခဲ့သော စာမေးပွဲတွင် မိမိနှင့်ထိုက်တန်သောဆုလဒ်မရရှိခြင်းအတွက် မောင်မောင် ဒေါသဖြစ်မိ၏။ အချိန်ရှိသရွေ့ကြိုးစားခဲ့သောသူများအား ဘာမှကြိုးစားအားမထုတ်ရပါဘဲနှင့်ကျော်ဖြတ်သွားနိုင်ခြင်းအတွက်လည်း မခံမရပ်ဖြစ်မိသည်။ ဤကဲ့သို့ဆိုလျှင် မိမိတို့ကြိုးစားမှုများသည် အလဟဿဖြစ်ကုန်ပြီဟု ပြောလို့ရသည်။ ထို့ကြောင့် နောက်ထပ်ကြုံလာမည့်စာမေးပွဲတို့တွင်သူလည်း ထိုကျောင်းသားကဲ့သို့ လုပ်ရုံသာရှိတော့သည်။ လူလည်းမပင်ပန်း၊ မိမိအတွက်အကျိုးလည်းရှိ ဟူသော အခြေအနေမျိုးဖြစ်သောကြောင့် မောင်မောင်လည်း မိုးခါးရေသောက်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်

ဤမျှနှင့် ထိုကိစ္စသည် ပြီးပါပြီလား။ မပြီးသေးပါ။ အကယ်၍ ထိုစာမေးပွဲသည် အလုပ်တစ်ခုရရန်အတွက် လိုအပ်ချက်တစ်ခုဖြစ်နေခဲ့လျှင်၊ ရာထူးတစ်ခုရရန်အတွက် အာမခံချက်တစ်ခုဖြစ်နေခဲ့လျှင်ဇာတ်လမ်းက ထိုမျှနှင့် မပြီးပါ။ ဖြစ်နိုင်ချေများ ပေါ်ထွက်လာနိုင်ပါသေးသည်။

ဖြစ်နိုင်ချေ (၁)

အလုပ်ခန့်ရန် (သို့) ရာထူးတိုးပေးရန် အခွင့်အာဏာရှိသော သူတို့သည် အတော်ဆုံး၊အထူးချွန်ဆုံးသူ တစ်ဦးကို ရွေးချယ်ကြရမည် ဟု ဆိုကြလျှင် မည်သူမှ အတန်းထဲထိလိုက်ထိုင်ပြီး တစ်နှစ်လုံးအခြေအနေမကြည့်နေနိုင်ကြပေ။ ထိုအလုပ်(သို့) ရာထူးရရန် ထိုစာမေးပွဲအောင်ရမည်ဟု သတ်မှတ်ထားခဲ့လျှင် ထိုစာမေးပွဲတွင် အရည်အချင်းမြင့်စွာဖြင့်အောင်မြင်လာသူကိုသာ ယေဘုယျအားဖြင့်ရွေးချယ်လိုက်မည်ဖြစ်သည်။ တစ်ယောက်ကိုသာ ရွေးချယ်ရမည်ဟု ဆိုခဲ့လျှင် ပထမဆု ရရှိသူကိုသာ ဦးစားပေးမည် ဖြစ်သည်။

မှတ်ချက်။ ။ထိုဖြစ်နိုင်ချေတွင် အမှန်တကယ် အရည်အချင်းရှိသောသူအဖို့ အလွန်နစ်နာသောအခြေအနေဖြစ်သည်။

ဖြစ်နိုင်ချေ (၂)

အလုပ်ခန့်ရန် (သို့) ရာထူးတိုးပေးရန်အတွက် ဤစာမေးပွဲရလာဒ်ဖြင့် အဆုံးအဖြတ်ပေးမည် ဟု တရားဝင်ကြေငြာထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပထမဆုရရှိသောသူလည်း နေရာမရ၊အမှန်တကယ် အရည်အချင်းရှိသူကိုလည်း နေရာမပေး၊ ငွေကြောင့်သော်လည်းကောင်း သို့တည်းမဟုတ် အခြားတစုံတခုသောကိစ္စများကြောင့်သော်လည်းကောင်း ထိုနေရာအား လက်သိပ်ထိုး ပေးလိုက်သည်။

မှတ်ချက်။ ။ထိုဖြစ်နိုင်ချေတွင် အမှန်တကယ် အရည်အချင်းရှိသောသူအဖို့ အလွန်နစ်နာရုံမျှမက ရိုးသား၊ကြိုးစားနေကြသောအချို့လူများအား စိတ်ဓာတ်ပါရိုက်ချိုးပစ်လိုက်နိုင်သော အစွမ်းရှိတတ်သည်။

ဖြစ်နိုင်ချေ (၃)

အလုပ်ခန့်ရန် (သို့) ရာထူးတိုးပေးရန်အတွက် ဤစာမေးပွဲရလာဒ်ဖြင့် အဆုံးအဖြတ်ပေးမည် ဟု တရားဝင်ကြေငြာထားသည်။ ကြေငြာထားသည့်အတိုင်းလည်း ထိပ်ဆုံးတွင်ရှိသောသူများသာ ရွေးမည်ဖြစ်သည်။သို့သော် ပိုမိုစေ့စေပ်သေချာစေရန်အတွက် ထိုအတန်း(သို့) သင်တန်းကို ဦးစီးသော ဆရာ/မ များ၏ ထောက်ခံချက် (recommendation) များရယူမည်။ အတန်းဖော်၊ သင်တန်းသားများဆီမှလည်း လျှို့ဝှက်ဆန္ဒမဲကောက်ခံမှုစနစ် (secret voting system) ဖြင့် ဆန္ဒများကောက်ယူမည်။ ပထမဆုရရှိခဲ့သော်လည်း ဆရာ/မများ၏ ထောက်ခံချက်မရရှိခဲ့လျှင်၊ အတန်းဖော်များ၏ ဆန္ဒမဲ မရရှိခဲ့လျှင်ထိုသူကို ရွေးချယ်မှုပြုမည် မဟုတ်၊ ပထမဆုနှင့်လွဲခဲ့သော်လည်း ရလဒ်များ ထင်ထားသလောက်ကောင်းမွန်ပြီး အားလုံး၏ ထောက်ခံမှု ရရှိခဲ့လျှင် ထိုသူအားရွေးချယ်မည်ဖြစ်သည်

မှတ်ချက်။ ။ထိုဖြစ်နိုင်ချေသည် အမှန်တကယ်အရည်အချင်းရှိသူအဖို့ အကျိုးရှိစေနိုင်ပြီး လိုအပ်သူများအတွက်လည်း ကောင်းမွန်သောလုပ်ဖော်ကိုင်ဖက်တစ်ဦးကို ရရှိမည်ဖြစ်သည်။ ကြိုးစားသူများအဖို့မိမိတို့ကြိုးစားမှုသည် အလဟဿမဖြစ်ဟု အားတက်စေပြီး ပိုမိုကြိုးစားလိုစိတ်ကို ဖြစ်ပေါ်စေမည်။ မတရားသောကြိုးစားမှုကို အသုံးပြုခဲ့သောသူများအဖို့လည်း ထိုနည်းလမ်းသည် သူတို့အတွက်ထင်သလောက်ခရီးမပေါက်ဟု သဘောပေါက်ကာ ရိုးသားသောကြိုးစားမှုဖြင့်သာ ယှဉ်ပြိုင်လာကြလိမ့်မည်ဟု မျှော်လင့်နိုင်သည်။

အမှန်တကယ်တော့ ယခုအဖြစ်အပျက်မျိုးသည် ကျွန်တော်တို့အဖို့ အထူးအဆန်းမဟုတ်။ လူတိုင်းကိုယ်စီ တစ်ချိန်ချိန်တုန်းက တစ်နေရာရာမှာ ကြုံတွေ့ခဲ့ဖူးမည်ဖြစ်သော အဖြစ်အပျက်မျိုးသာဖြစ်သည်။ထိုနေရာသည် ပညာသင်အဆင့် စာမေးပွဲများတွင်လည်းကောင်း၊ အလုပ်အကိုင်ရာထူးများ ဝင်ခွင့်တွင်လည်းကောင်း၊ ဌာနဆိုင်ရာများတွင်လည်းကောင်း နေရာအသီးသီးတို့တွင် ဖြစ်ပျက်နေသောအခြေအနေမျိုးသာဖြစ်သည်။ ထိုအခြေအနေမျိုးကို ကြုံဖူးကြသောသူများအဖို့ အထက်တွင်ဖော်ပြခဲ့သော ထင်မြင်ချက်၊ ဖြစ်နိုင်ချေများမှ တစ်ခုခုကို လုပ်မိခဲ့သောသူများရှိနိုင်သကဲ့သို့ မဖော်ပြခဲ့သောဖြစ်နိုင်ချေများကိုလည်း ရွေးချယ်သွားကြသူများရှိနိုင်ပေလိမ့်မည်။

ကြုံခဲ့ဖူးသော၊ ကြုံနေကြသော သူများအဖို့ အကြံပြုချင်သည်မှာ

-ဆု သည် သတ်မှတ်ချက်မျှသာဖြစ်သည်။ ဆု နှင့်လွှဲချော်သွားခဲ့ရလို့ ဝမ်းနည်းပက်လက်ဖြစ်ပြီး ဘဝကို ရေစုန်မျောပစ်လိုက်ရန်မသင့်ပါ။ သူများမိုးခါးရေသောက်တိုင်းလည်း လိုက်မသောက်သင့်ပါ။

(စာမေးပွဲမအောင်ချင်နေ ငါ့ဟာငါ စာတတ်နေရင်ပြီးရော ဟုလည်း ကောက်ချက်မဆွဲစေချင်ပါ။ ဘွဲ့(သို့) လက်မှတ်တစ်ခုသည် သင် အမှန်တကယ် တတ်မြောက်ခြင်း၊ မတတ်မြောက်ခြင်းကို အာမ မခံနိုင်သော်လည်း အနည်းဆုံးတော့ အလုပ်တစ်ခုရဖို့အတွက် ထမင်းစားလက်မှတ်ဖြစ်သည်။)

- အမြင့်ဆုံးဆု ကို အမှန်တကယ်လိုချင်ပါသလား။ ကြိုးစားပါ၊ ရိုးသားစွာ ကြိုးစားပါ။

- ပြိုင်ဖက်ကို မျှော်လင့်ပါ။ တရားမျှတစွာ ယှဉ်ပြိုင်ပါ။

- လွဲချော်မှုကို ခံနိုင်ရည်ရှိရန်အတွက် အဆိုးဆုံးရလဒ်ကို ကြိုတင်ပြင်ဆင်ထားပါ။ လောကကြီးထံမှ သင်ကြိုးစားသလောက် ရချင်မှ ပြန်ရလိမ့်မည် ဆိုတာကို သတိပြုပါ။

- မည်သို့သတ်မှတ်ချက်မျိုးပင် ရှိရှိ။ ကိုယ့်အကြောင်းကိုယ်အသိဆုံးသာဖြစ်သည်။ ထို့အတွက် မည်ကဲ့သို့သောရလဒ်မျိုးနှင့်ကြုံကြုံ မိမိတို့၏ ကြိုးစားအားထုတ်မှုကို မလျော့သင့်ပါ။

နေရာ တစ်ခု သည် လူတိုင်းအတွက် မဟုတ်ပေ။ အချို့သောသူများအတွက်သာဖြစ်သည်။ သို့ကြောင့် ထိုနေရာကိုရရှိရန် (သို့) ထိုနေရာသို့ရောက်ရှိရန် ဆန္ဒရှိသူများအားလုံး ယှဉ်ပြိုင်ကြရမည်သာဖြစ်သည်။ထိုကဲ့သို့ ယှဉ်ပြိုင်ကြရတွင် အခြေခံမတူကြသော၊ စိတ်ဓာတ်ခံယူချက်မတူကြသော၊ အခြေအနေမတူညီကြသောလူများထံမှ အမျိုးမျိုးသော ယှဉ်ပြိုင်မှုမျိုးကိုကြုံတွေ့ကြရပေလိမ့်မည်။ထိုနေရာကိုလည်း အချို့သောသူများ ရရှိသွားကြမှာ အသေအချာပင်ဖြစ်သည်။ သို့ရာတွင် လိုချင်သောနေရာရရှိဖို့အတွက် မိမိတို့အသုံးပြုခဲ့သော ကြိုးစားမှုသည် ရိုးသားခြင်းတို့နှင့် ပြည့်စုံရန်အရေးကြီးပေသည်။ထို ရိုးသားသော ကြိုးစားယှဉ်ပြိုင်မှုများကို အသိအမှတ်ပြုရန်အတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိသူများကလည်း သမာသမတ်ကျရန် အလွန်အရေးကြီးပေသည်။ မိမိတို့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ကြီးပွားရန်အတွက်ခေါင်းဆောင်သူတစ်ယောက်ထဲက ပြုပြင်ပြောင်းလဲနေ၍မရ၊ အဆင့်ဆင့်သောနေရာများမှ ပုဂ္ဂိုလ်များမှလည်း မှန်ကန်စွာပြောင်းလဲကြရန်လိုအပ်ပေသည်။

ဤဆောင်းပါးတွင်ပါဝင်သော အကြောင်းအရာများ၊ အတွေးအမြင်များ၊ အယူအဆများသည် ကျွန်တော်၏ ကိုယ်ပိုင်စိတ်ကူးများဖြစ်သောကြောင့် အမှားအယွင်းတစုံတရာရှိခဲ့ပါက ကျွန်တော်၏ အပြစ်သာဖြစ်ပါသည်။

Ko Htun


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...