စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချစ်သူရည်းစားများ၊ ဇနီးသည်များနှင့်အတူ ဂျာမနီအသင်းသားများ အောင်ပွဲခံ



ကမ္ဘာ့ဖလား ချန်ပီယံဆုနှင့် (၂၄)နှစ်ကြာ ကင်းကွာခဲ့မှုကို ပယ်ဖျက်နိုင်ခဲ့ပြီးနောက် ဂျာမနီအသင်းသားများသည် ချစ်သူရည်းစားများ၊ ဇနီးများနှင့်အတူ ရီယိုဒီဂျနေရိုးတွင် အောင်ပွဲခံပါတီပွဲတစ်ခု ကျင်းပခဲ့သည်။

ဂျာမနီသည် ဇူလိုင်(၁၃)ရက်၊ ညပိုင်းက မာရီယိုဂေါ့ဇီ၏ အချိန်ပို သွင်းဂိုးဖြင့် အာဂျင်တီးနားကို အနိုင်ရကာ ၎င်းတို့၏ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံ ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။ နည်းပြ ဂျိုအာချင်လိုနှင့် ၎င်း၏ ကစားသမားများသည် ဘရာဇီးမှ ပြန်လည်မထွက်ခွာမီ အောင်ပွဲခံ ပါတီတစ်ရပ် ကျင်းပခဲ့ခြင်း ဖြစ်သည်။



ပါတီပွဲသို့ ဆမ်မီ ခါဒီရာ၏ ချစ်သူ လီနာဂက်ကေး၊ ဂေါ့ဇီ၏ချစ်သူ အန်းကက်သရင်း ဘရောင်မဲလ်၊ ဘက်စတိန်း ရှဝိန်းစတိုင်ဂါ၏ချစ်သူ ဆာရာဘရန်နာတို့ အပါအဝင် ကစားသမားများ၏ လက်တွဲဖော်များလည်း ပါဝင်တက်ရောက် ဆင်နွှဲခဲ့ကြသည်။ ထို့အပြင် ဘာဘေးဒိုးစ်ဖွား နာမည်ကျော် R&B ဂီတအဆိုတော် ရီဟာနာသည်လည်း ဂျာမနီအသင်းနှင့်အတူ ပျော်ရွှင်စွာဖြင့် ပါဝင်အောင်ပွဲခံခဲ့သည်။

ပါတီပွဲတွင် ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးမှာ ကစားသမားများနှင့် ၎င်းတို့၏ ချစ်သူရည်းစား၊ ဇနီးသည်များကြားတွင် လက်မလည်နိုင်အောင် ပြောင်းရွှေ့ကိုင်တွယ်ခြင်း ခံနေရသည်။ ဂေါ့ဇီက “မယုံနိုင်စရာပါပဲ။ အနိုင်ဂိုးကို ကျွန်တော်သွင်းခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ထိ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ကျွန်တော် နားမလည်သလို ဖြစ်နေတုန်းပဲ။ အိပ်မက်တစ်ခု တကယ်လက်တွေ့ ဖြစ်လာသလိုပါပဲ။ ကျွန်တော်တို့ရဲ့ ပါတီပွဲမှာ အစွမ်းကုန် ပျော်ပါမယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာ အချိန်မျိုးပါပဲ”ဟု ပြောကြားခဲ့သည်။



ဂျာမန်အဓိပတိ အန်ဂျလာ မာကယ်လ်နှင့် သမ္မတ ဂျိုအာချင်ဂေါ့ခ်တို့သည်လည်း ပွဲအပြီး ကျင်းပသည့် အောင်ပွဲခံ အခမ်းအနားသို့ တက်ရောက်ကာ ကစားသမားများကို ဂုဏ်ပြုခဲ့သည်။ အသင်းခေါင်းဆောင် ဖိလစ်လမ်းက “ကိုယ်ဖြစ်ချင်တဲ့ လမ်းကြောင်းအတိုင်း မလွဲမချော်အောင် လျှောက်လှမ်းနိုင်ခဲ့တဲ့နောက် ကျွန်တော်တို့ ကမ္ဘာ့ချန်ပီယံ ဖြစ်လာပါတယ်။

ဒီခံစားချက်က အံ့ဩစရာပါပဲ”ဟု ဆိုသည်။ အနိုင်ဂိုးကို ဖန်တီးပေးခဲ့သည့် အန်ဒရီရှာရဲလ်ကလည်း ပွဲသိမ်းခရာ မှုတ်လိုက်ချိန်တွင် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ ငိုကြွေးမိခဲ့ကြောင်း ဝန်ခံခဲ့သည်။
“ကျွန်တော့်ဘဝမှာတော့ အကောင်းဆုံး အခိုက်အတန့်ပါပဲ။ ကျွန်တော် ငိုချလိုက်မိတယ်။ ဒီခံစားချက်ကို ဘယ်လိုမှ ချုပ်တည်းထားလို့ မရတော့ဘူး။ ဂျာမနီအသင်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာဖို့ ကျွန်တော် ခဏခဏ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ အခုတော့ ဘာလင်မြို့ကို ပြန်သွားပြီး ဂျာမနီ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံဖို့ မစောင့်နိုင်အောင် ဖြစ်နေပါတယ်”ဟု ရှာရဲလ်က ပြောကြားသွားသည်။

_Ref: Dailymail

http://www.7daydaily.com/worldcup2014/15939#.U8akQ7HzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...