စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့အချမ်းသာ အကြွယ်ဝဆုံး စာရေးဆရာ၊ စာရေးဆရာမများ



စာဖတ်သူ အများစု၏ စိတ်နှလုံးကို သိမ်းကျုံးညှို့ငင်နိုင်အောင် ရေးဖွဲ့နိုင်သည့် Bestseller စာရေးဆရာတစ်ဦး ဖြစ်လာရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ချေ။ ကမ္ဘာ့အကျော်ကြားဆုံး စာရင်းဝင် စာရေးဆရာ တစ်ဦးအဆင့်ထိ တက်လှမ်းရန် ဆိုသည်မှာမူ ပို၍ပင် ခက်ခဲသည့် အခြေအနေ တစ်ရပ်ဖြစ်သည်။

ဇာတာစန်းလဂ်ကြောင့်ဖြစ်စေ၊ ဖန်တီးထားသည့် ဇာတ်ကောင်များ၏ အောင်မြင်မှု အရှိန်အဝါကြောင့်ဖြစ်စေ အချို့သော စာရေးဆရာများမှာမူ ကမ္ဘာကျော် ပုဂ္ဂိုလ်များ ဖြစ်လာကြသလို သန်းကြွယ် သူဌေးများအဖြစ် ကြွယ်ဝချမ်းသာလာကြသည်။

စာပေအနုပညာ ဖန်တီးမှုဂုဏ်ကြောင့်ရော၊ ငွေကြေးအမြောက်အမြား ရရှိမှုကြောင့်ပါ နာမည်ကျော်သည့် ကမ္ဘာ့အချမ်းသာဆုံး စာရေးဆရာ၊ ဆရာမ ၁၀ ဦးစာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည်။
 
၁၀။ စတစ်ဖနီမေယာ


အသက်(၄၀)အရွယ် အမေရိကန် စာရေးဆရာမသည် Twilight နှင့် နောက်ဆက်တွဲ ဝတ္ထုများကို ဖန်တီးနိုင်ခဲ့ခြင်းအတွက် အထူးတလည် အောင်မြင်ခဲ့သူ ဖြစ်သည်။

Twilight နှင့် နောက်ဆက်တွဲ ဝတ္ထုများဖြစ်သည့် New Moon၊ Eclipse နှင့် Breaking Dawn တို့ အားလုံးသည် စာအုပ်ရောင်းချမှုအရ အကြီးအကျယ် အောင်မြင်ခဲ့သလို ရုပ်ရှင်အဖြစ် အသက်သွင်းရာတွင်လည်း ငွေကြေးအမြောက်အမြား ရရှိခဲ့သည်။

Twilight ဇာတ်ကားများကို ရုပ်ရှင်ငါးခု ပိုင်းခြားရိုက်ကူးပြီး ရုံတင်ခဲ့ရာတွင် အသက်(၄၀)အရွယ် မေယာအနေဖြင့် ရာခိုင်နှုန်း အချိုးအစားအလိုက် အကျိုးအမြတ် ရရှိခဲ့သည်။ ၎င်း၏ လက်ရှိကြွယ်ဝမှုသည် ဒေါ်လာ ၁၂၅ သန်းမျှ ဖြစ်သည်။

၉။ ဒင်းကွန့်ဇ်

အသက်(၆၈)နှစ်အရွယ် အမေရိကန် စာရေးဆရာ၏ စာအုပ်များသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကော်ပီပေါင်း သန်း ၄၅၀ ကျော်မျှ ရောင်းထွက်ခဲ့ပြီး ဖြစ်သည်။
၎င်း၏ ပထမဆုံးဝတ္ထုကို ၁၉၆၈ ခုနှစ်တွင် စတင်ထုတ်ဝေနိုင်ခဲ့ပြီး သည်းထိတ်ရင်ဖို ဇာတ်လမ်းများ၊ သဘာဝလွန် ဖြစ်ရပ်ဆန်ဆန် ဇာတ်လမ်းများနှင့် စိတ်ကူးယဉ် သိပ္ပံဝတ္ထုများ ရေးသားရာတွင် ကွန့်ဇ်သည် ပါရဂူမြောက် စာရေးဆရာ တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။
Demon Seed၊ Watchers၊ Hideaway၊ Intensityနှင့် Phantoms အစရှိသည့် ဝတ္ထုများကို ဖန်တီးခဲ့သည့် ကွန့်ဇ်သည် ယခုအခါ ဒေါ်လာ ၁၄၅ သန်းမျှ စုဆောင်းပိုင်ဆိုင်ထားသည်။
၈။ နိုအာရောဘတ်စ်

ရောဘတ်စ်သည် ၎င်း၏ ကိုယ်ပိုင်အမည်သာမကဘဲ ဂျေဒီရော့ဘ်၊ ဂျေးလ်မတ်ခ်ျ၊ ဆာရာဟာဒက်စတီ အစရှိသည့် အမည်ခွဲများဖြင့်ပါ စာအုပ်များ ရေးသားခဲ့သည့် Bestseller စာရေးဆရာမတစ်ဦးဖြစ်သည်။
၁၉၈၁ ခုနှစ်တွင် သူမ၏ ပထမဆုံး ဝတ္ထုရှည်ဖြစ်သည့် Irish Thoroughbred ကို စတင်ထုတ်ဝေခဲ့ပြီး လက်ရှိအချိန်ထိ အချစ်ဝတ္ထု ၂၀၉ အုပ်ထိ ထွက်ရှိထားသည်။ တစ်နည်းအားဖြင့် ၎င်းသည် တစ်နှစ်လျှင် ပျမ်းမျှ ဝတ္ထု ၆ ဒသမ ၃၃ အုပ်စာ ရေးသားနိုင်သည့် စာရေးအားကောင်းသူတစ်ဦးဟု ဆိုနိုင်သည်။
၎င်း၏ စာအုပ်များသည် New York Times သတင်းစာ၏ အရောင်းရဆုံး စာအုပ်များ စာရင်းတွင် ၈၆၁ ပတ်ကြာအောင် ထိပ်ဆုံးနေရာ သိမ်းပိုက်ထားဖူးပြီး ယင်း၏ ကြိုးပမ်းမှုနှင့် စာရေးအားတို့က ရောဘတ်စ်ကို ဒေါ်လာသန်းပေါင်း ၁၅၀ မျှ ကြွယ်ဝသည့် အမျိုးသမီးတစ်ဦး ဖြစ်လာစေခဲ့သည်။
၇။ ဂျက်ကီကောလင်းစ်

အချစ်ဝတ္ထုများ ရေးသားပြီး ငွေကြေးအမြောက်အမြား စုဆောင်းရရှိခဲ့သည့် နောက်ထပ် စာရေးဆရာမ တစ်ဦးအဖြစ် ကောလင်းစ်ကို ညွှန်းဆိုရမည် ဖြစ်သည်။
အသက်(၇၆)နှစ်ရှိ စာရေးဆရာမသည် ၎င်း၏ ပထမဆုံး ဝတ္ထုရှည်ဖြစ်သည့် The World is Full of Married Men ကို ၁၉၆၈ ခုနှစ်တွင် စတင်ထုတ်ဝေနိုင်ခဲ့သည်။ ဗြိတိသျှစာရေးဆရာမ၏ ဝတ္ထုများသည် ယခုအခါ ကော်ပီပေါင်း သန်း ၅၀၀ ကျော်ထိ ရောင်းထွက်ထားပြီ ဖြစ်သည်။
ကောလင်းစ်မှာမူ လက်ရှိအချိန်ထိ ဝတ္ထုရှည် ၂၉ အုပ်သာ ရေးသားရသေးပြီး ဝတ္ထုတိုင်းလိုလို လူကြိုက်များခဲ့သည်။ The World is Full of Married Men သည် စတင်ထုတ်ဝေချိန်တွင် အတွေးအခေါ်ပိုင်း တော်လှန်ပြောင်းလဲမှု ထင်ရှားလွန်းခြင်းကြောင့် ဩစတြေးလျနှင့် တောင်အာဖရိကတို့တွင် ရောင်းချခွင့် ပိတ်ပင်ခံရဖူးသည်။
၁၉၆၀ ပြည့်လွန်နှစ်များက ၎င်း၏ဝတ္ထုပါ လိင်နှင့်ဆိုင်သော ချဉ်းကပ်ပုံ အရေးအသားများကို လက်ခံရန် ခက်ခဲလွန်းနေခဲ့သော်လည်း ထိုကဲ့သို့ အငြင်းပွားစရာ အခြေအနေများသည် စာအုပ်ရောင်းအားကို မထိခိုက်ခဲ့ချေ။
ကောလင်းစ်သည် ယခုအခါ ဒေါ်လာ သန်းပေါင်း ၁၈၀ ကျော်မျှထိ ကြွယ်ဝချမ်းသာလျက်ရှိသည်။
၆။ ဂျွန်ဂရစ်ဟမ်

ဥပဒေကြောင်း၊ ရာဇဝတ်ကြောင်းနှင့် ဆက်နွှယ်သည့် သည်းထိတ်ရင်ဖို ဝတ္ထုများ ရေးသားရာတွင် ဂန္ထဝင်မြောက်သူ တစ်ဦးအဖြစ် ဂရစ်ဟမ်ကို ညွှန်းဆိုလေ့ရှိသည်။
ရာဇဝတ်ကြောင်း အမှုလိုက်ရှေ့နေတစ်ဦးအဖြစ် ဆယ်စုနှစ်နှင့်ချီ ကြာမြင့်စွာ အတွေ့အကြုံယူ ဖြတ်သန်းခဲ့ခြင်းက မှုခင်းဆန်ဆန် ဇာတ်လမ်းများကို အကွက်ဆင် ဖန်တီးရာတွင် ဂရစ်ဟမ်ကို ပါရမီရှင်တစ်ဦး ဖြစ်လာအောင် ထုဆစ်ပေးခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ၎င်း၏ ပထမဆုံးဝတ္ထုဖြစ်သည့် A Time to Kill ထွက်ရှိလာပြီး The Firm ကမူ နာမည်အကြီးဆုံးအဖြစ် ယူဆရသည်။ အဆိုပါဝတ္ထုကို နောက်ပိုင်းတွင် မင်းသားတွမ်ခရုစ် ဦးဆောင်ပါဝင်ပြီး ရုပ်ရှင်အသွင် ပြောင်းလဲရိုက်ကူးခဲ့သည်။
ဂရစ်ဟမ် ပထမဆုံး ရေးသားသည့် စာအုပ်တွင် ကော်ပီပေါင်း နှစ်သန်းကျော် ရောင်းချနိုင်သည့် စာရေးဆရာသုံးဦးအနက် အပါအဝင်ဖြစ်သည်။ ကျန်နှစ်ဦးမှာ ဂျေကေရိုးလင်းနှင့် တွမ်ကလန်စီတို့ ဖြစ်ကြသည်။
အသက်(၅၉)နှစ်ရှိ အမေရိကန် စာရေးဆရာသည် ကမ္ဘာအနှံ့တွင် ဝတ္ထုကော်ပီပေါင်း ၂၇၅ သန်းကျော် ရောင်းချထားနိုင်ခဲ့ပြီး စုစုပေါင်း ဒေါ်လာသန်း ၂၀၀ မျှ ကြွယ်ဝနေပြီဖြစ်သည်။
၅။ တွမ်ကလန်စီ

စစ်ပွဲနောက်ခံနှင့် သူလျှိုဝတ္ထုများ ရေးသားရာတွင် ထူးချွန်လှသည့် စာရေးဆရာတစ်ဦး ကွယ်လွန်သွားသည်မှာ ဝမ်းနည်းစရာ ဖြစ်သည်။ ကလန်စီသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်း အနိစ္စရောက်ခဲ့သည်။
ကလန်စီ၏ ဝတ္ထုများသည် ရုပ်ရှင်များ၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများအဖြစ် ရိုက်ကူးခဲ့ရရုံသာမကဘဲ ဗီဒီယိုဂိမ်းများ၏ ကျောရိုးဇာတ်လမ်းများပါ ဖြစ်လာခဲ့သည်။ စစ်ဘက်ဆိုင်ရာ အကြောင်းအရာများနှင့် စစ်အေးခေတ် နောက်ခံအခြေအနေများကို အကောင်းဆုံး ပုံဖော်နိုင်သည့် ၎င်း၏ ဝတ္ထုများသည် အမေရိကန်တွင် အထူးတလည် လူကြိုက်များခဲ့သည်။
၎င်း၏ ဝတ္ထုများအနက် The Hunt for Red October၊ Clear and Present Danger၊ The Sum of All Fearsနှင့် Rainbow Six တို့မှာ အထူးထင်ရှားသည်။ ကလန်စီ ကွယ်လွန်ချိန်တွင် ၎င်း၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ သန်းပေါင်း ၃၀၀ မျှ ရှိနေခဲ့သည်။
၎။ ဂျိမ်းစ်ပက်တာဆန်

၁၉၉၆ ခုနှစ်တွင် စာရေးဆရာဘဝကို အတည်တကျ ခံယူခဲ့သော်လည်း လျင်လျင်မြန်မြန် အောင်မြင်လာသူ တစ်ဦးဖြစ်သည်။ ၁၉၇၆ ခုနှစ်က အပျော်တမ်းစာရေးဆရာ အနေဖြင့်သာ ရေးသားခဲ့သည့် The Thomas  Berryman Name သည် အောင်မြင်မှုများရရှိခဲ့ပြီး ပက်တာဆန်ကို စာရေးဆရာတစ်ဦး၏ ဘဝထဲ ခြေစုံပစ်ဝင်ရောက်ရန် တွန်းအားလည်း ဖြစ်ခဲ့သည်။
အသက်(၆၇)နှစ်ရှိ အမေရိကန်စာရေးဆရာသည် မှုခင်းစိတ်ပညာရှင် အဲလက်စ်ခရော့စ်ကို အောင်မြင်သော ဇာတ်ကောင်တစ်ဦးအဖြစ် ဖန်တီးနိုင်ခဲ့ပြီး Along Came A Sniper တွင် အဆိုပါဇာတ်ရုပ်ကို ပရိသတ်များထံ စတင်မိတ်ဆက်ပေးခဲ့သည်။ ထို့နောက်ပိုင်းတွင်လည်း ဝတ္ထုအတော်များများ၌ ခရော့စ်ကို ပက်တာဆန်က ပြန်လည်ထည့်သွင်း ရေးသားခဲ့သည်။
၎င်း၏ လက်ရာများကို အကောင်းအဆိုး ဝေဖန်မှု အမျိုးမျိုး ရှိနေပြီး ဘဝတူ စာရေးဆရာ စတီဖန်ကင်းက ပက်တာဆန်သည် ဆိုးရွားလွန်းသည့် စာရေးဆရာ တစ်ဦးဟုပင် ရှုတ်ချခဲ့ဖူးသည်။ မည်သို့ပင်ဖြစ်စေ ပက်တာဆန်၏ ဝတ္ထုများကို ကြိုက်နှစ်သက်သူ အများအပြား ရှိနေခြင်းက ၎င်း၏ ကြွယ်ဝမှု ဒေါ်လာ သန်း ၃၁၀ မျှကို ကြည့်ရုံမျှဖြင့် သိသာနိုင်မည်ဖြစ်သည်။
၃။ ဒန်နယ်လီစတီးလ်

၁၉၇၈ ခုနှစ်တွင် စာရေးဆရာမအဖြစ် စတင်ခံယူခဲ့ပြီးနောက် စတီးလ်၏ ဝတ္ထုများသည် ကော်ပီသန်းပေါင်း ၈၀၀ ကျော်ထိ ရောင်းချရပြီး ဖြစ်သည်။
အသက်(၆၆)နှစ်ရှိ အမေရိကန် စာရေးဆရာမသည် နှစ်စဉ် စာအုပ်အတော်များများ ရေးသားထုတ်ဝေလေ့ ရှိသည်။ ၎င်းသည် အချမ်းသာဆုံး စာရေးဆရာများ စာရင်းတွင်ရော၊ ကော်ပီအရေအတွက် အများဆုံး ရောင်းချရသည့် စာရေးဆရာများ စာရင်းတွင်ပါ စတုတ္ထချိတ်နေသည်။
၎င်း၏ ဝတ္ထုများသည် ချမ်းသာသော မိသားစုတစ်စု ရုတ်တရက်  ကြမ္မာဆိုး တစ်စုံတစ်ရာ ကြုံလာရပုံကို အဓိကထား ဖန်တီးရေးဖွဲ့တတ်သည့် ပုံသေနည်းမျိုး ရှိနေသည်။
ယင်း၏ စာရေးသားပုံနှင့် ပတ်သက်၍ ဝေဖန်ခံရမှုများ ရှိနေသော်လည်း အမာခံပရိသတ်များ၏ အားပေးမှုကြောင့် စတီးလ်သည် ဒေါ်လာ ၃၇၅ သန်းမျှထိ ချမ်းသာကြွယ်ဝလျက် ရှိသည်။
၂။ စတီဖန်ကင်း

Carrie၊ Salem’s Lot၊ The Shining နှင့် Pet Sematary တို့ကဲ့သို့ ထိတ်လန့်သည်းဖိုဝတ္ထုများက ကင်းကို အထင်ကရ Bestseller စာရေးဆရာတစ်ဦး ဖြစ်လာစေခဲ့သည်။ ၎င်း၏ ဝတ္ထုအချို့သည် အရည်အသွေးပိုင်း မေးခွန်းထုတ်စရာများ ရှိခဲ့သော်လည်း အများစုမှာ အောင်မြင်မှုများ ရရှိခဲ့သည်။
ကင်း၏ ဝတ္ထုများကို ရုပ်ရှင်အသွင် ပြောင်းလဲရိုက်ကူးရာတွင်လည်း အောင်မြင်မှုများ ရရှိခဲ့ခြင်းကြောင့် ၎င်းအတွက် ဝင်ငွေပမာဏ တိုးပွားလာစေသည်။ ကင်းရေးသားသည့် The Dark Tower ဝတ္ထုဇာတ်လမ်းတွဲများမှာလည်း ထင်ရှားခဲ့သည်။
အသက်(၆၆)နှစ်ရှိ အမေရိကန် စာရေးဆရာသည် ၁၉၈၂ ခုနှစ်တွင် ပထမဆုံးစာအုပ်ကို ထုတ်ဝေခဲ့ပြီး လက်ရှိအချိန်တွင်လည်း စာအုပ်ရှစ်အုပ် ရေးသားပြီး ထုတ်ဝေချိန်ကို စိတ်ကြိုက်စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ၎င်းသည် ဒေါ်လာသန်းပေါင်း ၄၀၀ မျှထိ ချမ်းသာကြွယ်ဝသည်။
၁။ ဂျေကေရိုးလင်း


ရိုးလင်းကို Harry Potter ဝတ္ထုများ၏ ဖန်တီးသူအဖြစ် လူသိများသည်။ ထို့အပြင် ယင်းသည် စာရေးဆရာ၊ ဆရာမများအနက် ဘီလျံနာတစ်ဦးအဆင့်ထိ ကြွယ်ဝသူ တစ်ဦးလည်း ဖြစ်သည်။

၁၉၉၇ ခုနှစ်က Harry Potter ၏ ပထမဆုံးဝတ္ထုဖြစ်သည့် The Philosopher’s Stone ကို စတင်ထုတ်ဝေရာ အကြီးအကျယ် အောင်မြင်မှု ရခဲ့သည်။ အဆိုပါဝတ္ထု၏ အောင်မြင်မှုသည် နောက်ထပ် Harry Potter ဇာတ်လမ်းတွဲများ ရောင်းအားကောင်းစေမည့် ကနဦး ခြေလှမ်းလည်း ဖြစ်ခဲ့သည်။

Harry Potter ဝတ္ထုများကို ရုပ်ရှင်အဖြစ် ရိုက်ကူးသည့် အခါတွင်လည်း ဝင်ငွေအမြောက်အမြား ရရှိခဲ့ပြန်ရာ ရိုးလင်းအနေဖြင့် ငွေကို သဲ့ယူနိုင်သော အခြေအနေမျိုး ဆိုက်ရောက်ခဲ့သည်။
၎င်းသည် ၂၀၀၇ ခုနှစ်က Harry Potter and the Deathly Hallows ဝတ္ထုကို ထုတ်ဝေချိန်၌ ၂၄ နာရီအတွင်း ကော်ပီ ၁၅ သန်းထိ ရောင်းထွက်ခဲ့သည်။

Harry Potter ဝတ္ထုများကို မရေးသားမီက ရိုးလင်းသည် ဆင်းရဲကျပ်တည်းစွာ နေထိုင်ရသူတစ်ဦး ဖြစ်ခဲ့သည်။ ယခုအခါတွင်မူ ၎င်း၏ ကြွယ်ဝမှုအစုစု တန်ဖိုးသည် ဒေါ်လာတစ်ဘီလီယံထိ ရှိနေပြီဖြစ်သည်။

_The Richest

 http://www.7daydaily.com/story/15204#.U7wYkbHzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...