စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တဏှာစွန့်ရင် ဘ၀ညွန့်တယ်



★ ငြိမ်းအေးသောဘ၀ပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက် အဓိက အကျဆုံးအရည်အသွေးကတော့ 'တဏှာကင်းစင်ခြင်း'ဆိုတဲ့အရည်အသွေးပါ။ဒီနေရာမှာ တဏှာကင်းရင် ငြိမ်းတယ်
လို့မြတ်စွာဘုရားက ရိုးရိုးလေးဟောမထားဘဲနဲ့ '၀ီတတဏှော ပုရာဘေဒါ =မသေခင်မှာ တဏှာကင်းရင် ငြိမ်းအေးတယ်။' ဒီနေရာမှာ 'မသေခင်= ပုရာဘေဒ' ဆိုတဲ့
စာလုံးလေး အပိုထည့်ပြီးဘုရားက မိန့်တယ် ။အဓိပ္ပာယ်က ဘုရားရှင်ရဲ့ တရားတွေဟာ သေပြီးနောက်မှ အကျိုးရနိုင်တဲ့ တရားမျိုးတွေမဟုတ်ဘူး ဒီဘ၀ ဒီခန္ဓာမှာပဲ အကျိုးရနိုင်တဲ့တရားဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ပြတယ်။
 

တောင့်တတယ်၊ငြိကပ်တယ် စသည်ဖြင့် အမျိုးမျိုး
အဓိပ္ပာယ်တွေနဲ့ ပြောဆိုကြတယ်။ဒါပေမယ့် အဲ့ဒီအဓိပ္ပာယ်တွေဟာာ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်လာတဲ့အဓိပ္ပာယ်တွေ မဟုတ်ဘူး။တဏှာဆိုတဲ့ စကားလုံးရဲ့တိုက်ရိုက်ထွက်တဲ့ အဓိပ္ပယ်ကတော့ 'တဿတိ ပရိတဿတီတိ တဏှာ' ဆိုတဲ့အတိုင်း ဆာတတ်တဲ့တရားကို တဏှာလို့ခေါ်တာပါ။တဏှာဆိုတဲ့ ပါဠိစကားလုံးက
ဆာခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ဘာတွေကိုဆာလဲ ဒါဆိုရင်။

★ မျက်စိက အဆင်းအာရုံအမျိုးမျိုးကိုဆာတဲ့ ရူပတဏှာ၊ နားကအသံအမျိုးမျိုးကိုဆာတဲ့ သဒ္ဒတဏှာ၊ နှာခေါင်းက အနံ့အမျိုးမျိုးကိုဆာတဲ့ ဂန္ဓတဏှာ၊လျှာက အရသာအမျိုးမျိုးကိုဆာတဲ့ ရသတဏှာ၊ ကိုယ်ကလည်းအထိအတွေ့အမျိုးမျိုးကိုဆာတဲ့ ဖောဋ္ဌဗ္ဗတဏှာ ၊ သဘောတရားအာရုံအမျိုးမျိုးကို ဆာတဲ့ ဓမ္မတဏှာ၊ လို့ခေါ်တဲ့တဏှာဆိုပြီး တဏှာ ၆ မျိုးရှိပါတယ်။ဆာလောင်မွတ်သိပ်တဲ့တဏှာကို အကြောင်းပြုပြီးတော့ အဆာပြေရာပြေကြောင်းအာရုံအမျိုးမျိုးကို ရှာဖွေပေးနေရတဲ့
'ပရိယေသနဒုက္ခ= ရှာဖွေခြင်းဆင်းရဲ ' နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲနေကြတယ်။ ကိုယ်ဆာတဲ့အချိန်မှာ အဆင်သင့် စားနိုင်ဖို့အတွက် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ 'အာရက္ခဒုက္ခ= စောင့်ရှောက်ရခြင်းဆင်းရဲ'
နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲနေကြတယ်။ ကိုယ်ဆာနေတဲ့အချိန် သုံးဆောင်စားသုံးဖို့ ရှာထားတဲ့အာရုံလေးကိုယ်မသုံးဆောင်ခင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့အခါမှာ မသုံးဆောင်လိုက်ရလေခြင်းဆိုပြီးတော့ '၀ိပရိဏာမဒုက္ခ= ပျက်စီးခြင်းဆင်းရဲ' နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲနေကြတယ်။

★ ဒီဒုက္ခသုံးမျိုးဟာ အာရုံတွေကို ဆာလောင်မွန်သိပ်တဲ့ တဏှာရှိသူတိုင်း အမြံဖိစီးနိပ်စက်တတ်တဲ့ အခြေခ့အကျဆုံး ဒုက္ခတွေပါပဲ။ အာရုံတစ်ခုကိုဆာလောင်တိုင်း ဒီဒုက္ခသုံးမျိုး ၀ိုင်ရံနေတယ်ဆိုတာ အမြဲသတိပြုရပါမယ်။ဆာလောင်တဲ့တဏှာ
ကြောင့် ပူလောင်တဲ့ သောကဖြစ်ရတယ်။ဆာလောင်တဲ့တဏှာကြောင့် ဆင်းရဲတဲ့ဘေးဒုက္ခဖြစ်ရတယ်။ ဆာလောင်တဲ့တဏှာမှ လွတ်မြောက်သူ တဏှာကင်းစင်သူမှာတော့ ပူလောင်တဲ့သောကလည်းလုံးဝမရှိ။ ဆင်းရဲတဲ့ဘေးဒုက္ခလည်း
လုံးဝမရှိ ပကတိ ငြိမ်းအေးလှပါတယ်။

★ ယနေ့ကမ္ဘာအ၀ှမ်းမှာ စီးပွားရေးအဆင်မပြေလို့စိတ်ညစ်စိတ်ဆင်းရဲနေကြတယ်။
စီးပွားရေးအဆင်မပြေတာဟာ ဘယ်သူ့ကြောင့်ပဲ ဘယ်ဝါကြောင့်ဘဲဆိုပြီးတော့ တွေးမိတတ်ကြတယ်။လက်ညိုးထိုးမိကြတယ်။အသိဉာဏ်ရှိတဲ့ သူတော်

ကောင်းပုဂ္ဂိုလ်ကတော့ ပြဿနာရဲ့ အရင်းအမြစ်ကို စနစ်တကျ စိစစ်တတ်သူပီပီ ခုလိုတွေးတယ်။
အော် င်စီးပွားရေးအဆင်မပြေလို့ စိတ်ညစ်ရတာဟာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး။ လက်စသတ်တော့ တဏှာ ကြောင့်ပါလား။ဒီစီးပွားဥစ္စာတွေ ဖြစ်ပေါ်လာမယ့် ခံစားမှုတွေ ဒါတွေအပေါ်ဆာလောင်မွတ်သိပ်တဲ့ တဏှာကြောင့် အခုလို
စိတ်ညစ်နေရတာပါလား အဲ့ဒီလိုတွေးလိုက်တယ်။

★ အဲ့ဒီလိုတွေးလိုက်တော့ သူတစ်ပါးအပေါ်အပြစ်လည်းမတင်တော့ဘူး။ တဏှာအဆာဓာတ်လည်း အထိုက်အလျောက် ပြေပျောက်သွားတယ်။ 'ဆင်းရဲဒုက္ခတွေအားလုံးဟာ အဆာမပြေသမျှ တာရှည်ရဦးမှာပါလား ' ဆိုတာ နက်နက်နဲနဲသိလာတော့ဆင်းရဲဒုက္ခအားလုံး
အကြောင်းရင်းဖြစ်တဲ့ တဏှာအဆာဓာတ်ကို ပယ်သတ်ချင်ကြတဲ့
ကုသိုလ် ဆန္ဒစိတ်လည်းပေါ်လာတယ်။ဒီတော့ တဏှာဆိုတာ နေရင်းထိုင်ရင်းနဲတော့ အလိုအလျောက် ကင်းမသွားနိုင်ပါဘူး။ တဏှာကင်းကြောင်း
အကျင့်မြတ်ကိုကျင့်မှ တဏှာက ကင်းသွားမှာပါ။ တဏှာကင်းကြောင်း အကျင့်က သုံးမျိုးရှိပါတယ်။ သီလအကျင့်၊ သမာဓိအကျင့် ၊ပညာအကျင့်လို့ သုံးမျိးရှိပါတယ်။အဲ့ဒီ အကျင့်သုံးပါး သိက္ခာသုံးပါးဟာ တဏှာကင်းကြောင်း အကျင့်ကောင်းပါပဲ။

သီလအကျင့် ၊သမာဓိအကျင့်၊ပညာအကျင့်၊ အကျင့်သုံးမျိုးက ပယ်နိုင်တဲ့ တဏှာ၊ပယ်နိုင်တဲ့ အမျိုးအစားကိုမူတည်ပြီးတော့ တဏှာအမျိုးအစားလည်း သုံးမျိုး ကွဲပါတယ်။
ဝီတိက္ကမတဏှာ ၊ ပရိယုဋ္ဌာနတဏှာ၊ အနုသယတဏှာဆိုပြီးတော့ သုံးမျိုးရှိပါတယ်။

★ ပစ္စည်းဥစ္စာတစ်ခုခုကို လိုချင်တဲ့တဏှာဖြစ်တယ်။ အဲ့ဒီကိုယ်လိုချင်တဲ့ ပစ္စည်းလေးတစ်ခုရဖို့အတွက် သူ့အသက်ကိုသတ်တယ်။
သူများဥစ္စာကိုခိုးတယ်။ ဒါဆိုရင် ကာယကံမြောက်ကျူးလွန်မိပြီး ။ကိုယ်လိုချင်
တာရဖို့အတွက် လိမ်ညာပြီးတော့ ပြောဆိုမိတယ်။ ကုန်းတိုက် စကားတွေပြောဆိုမိတယ်။
ဒါဆိုရင် ၀စီကံမြောက်ကျူးလွန်မိပြီ။ ဒီလိုတဏှာကို ၀ီတိက္ကမတဏှာ လို့ခေါ်တယ်။
အဲ့ဒီဝီတိက္ကမတဏှာကို သီလအကျင့်နဲ့ပယ်ရပါတယ်။ သီလဆိုတာ ကာယကံနဲ့ ၀စီကံကိုစောင့်ထိန်းတဲ့အလုပ်ပါ။ကိုယ်နဲ့ မလုပ်သင့် တာကိုရှောက်ကြဉ်တာ။ နှုတ်နဲ့မပြောဆိုသင့်တဲ့စကားကို မပြောဘဲရှောင်ကြဉ်တာ သီလလို့ခေါ်တယ်။
ကိုယ်နဲ့နှုတ်ကို စောင့်ထိန်းနိုင်ပြီးဆိုရင် ၀ီတိက္ကမတဏှာကိုပယ်ပြီးသားဖြစ်သွားတယ်။ စိတ်ထဲကတော့ လိုချင်တယ်ပေါ့။ဒီပစ္စည်းလေးလိုချင်တယ်ပေါ့။
စိတ်ထဲက ဒီပစ္စည်းလေးရဖို့အတွက် သတ်ချင် ခိုးချင် လိမ်ညာချင်ပေမယ့် ကာယကံမြောက်
သတ်ခြင်း ခိုးခြင်း လိမ်ညာခြင်းမပြုဘူး အဲ့ဒီလိုဆိုရင် လွန်ကျူးကြောင်း ၀ီတိက္ကမတဏှာကို သီလနဲ့ပယ်ပြီးသားဖြစ်သွားပြီ။

★ စိတ်ထဲမှာထကြွနေတဲ့တဏှာကိုတော့ ပရိယုဋ္ဌာနတဏှာလို့ခေါ်တယ်။ဒီပစ္စည်းလေးကို လိုချင်တယ် သုံးချင်တယ် ရချင်တယ်။အဲ့ဒီလို စိတ်ထဲမှာပဲ သာယာနှစ်သက်နေတဲ့
တဏှာကို ပရိယုဋ္ဌာနတဏှာလို့ခေါ်တယ်။အဲ့ဒီတဏှာကိုကျတော့ သမာဓိအကျင့်
နဲ့ပယ်ရတယ်။ဘုရားဂုဏ်တော်ပွားတာတို့ မေတ္တာဘာဝနာပွားတာတို့ ကသိုဏ်းရှုတာတို့ စသည်ဖြင့် အာရုံတစ်ခုမှာ စူးစိုက်ပြီး ထားရတဲ့ သမာဓိအကျင့်
သမထအကျင့်ကိုကျင့်ရင် လိုချင်တပ်မက်တဲ့ တဏှာဟာ စိတ်ထဲမှာထကြွပြီး
တော့မဖြစ်တော့ဘူး။

★ စိတ်ထဲမှာတော့ ပစ္စည်းတစ်ခုကိုမြင်ပေမယ့် လိုချင်တဲ့စိတ်လည်းမဖြစ်ဘူး။ တပ်မက်တဲ့စိတ်လည်းမဖြစ်ဘူး။ဒီပစ္စည်းလေးသုံးချင်တဲ့
စိတ်လည်းမဖြစ်ဘူး ကိုယ်နဲ့မဆိုင်သလိုပါပဲ။ဒါပေမယ့်လောလောဆယ်မှာတော့ ဒီပစ္စည်းအပေါ် တပ်မက်တဲ့တဏှာမဖြစ်ပေမယ့် အကြောင်းညီညွတ်တဲ့အချိန် အခွင့်သာတဲ့အချိန် ဖြစ်ဖို့ရန်အတွက် စိတ်ထဲမှာကိန်းအောင်းနေတဲ့တဏှာဆိုတာကတော့ ရှိသေးတယ်။
အခုမလိုချင်ပေမယ့် နောင်တစ်ချိန်မှာ လိုချင်ရင် လိုချင်လာနိုင်တဲ့တဏှာမျိုးဖြစ်တယ်။

★ ဆိုကြပါဆို့ ထမင်းစားပြီးခါစဆိုရင် ဗိုက်ကပြည့်နေပြီ ကိုယ်သိပ်ကြိုက်တဲ့ မုန်ပဲသရေစာတွေ ဟင်းလျာတွေ ရှေ့မှာလာချပြီးကျွေးပေမယ့် တော်ပြီ မစားချင်ဘူး။စိတ်ထှဲာ စားချင်တဲ့စိတ်ထကြွပြီးဖြစ်မနေပါဘူး။ အဲ့ဒီအချိန်မှာဗိုက်ကပြည့်နေပြီကိုး။
ဒါပေမယ့် မစားချင်တော့ဘူးပြောလို့ ဒီလူမှာ ဒီအစာကိုတပ်မက်တဲ့ တဏှာကင်းသွားပြီးဆိုရင်တော့ မကင်းသေးပါဘူး။
 

နောင်ဗိုက်ဆာလာတဲ့အချိန် နောင်အကြောင်းညီညွတ်တဲ့အချိန် ဒီအစားအစားကို စားချင်တဲ့ တဏှာပြန်ဖြစ်ဦးမှာပါပဲ။အဲ့ဒီလိုတဏှာမျိုး လောလောဆယ်တော့ လိုချင်တပ်မက်တဲ့စိတ်ဖြစ်မနေပေမယ့် အကြောင်းညီညွတ်တဲ့အခါမှာ ဖြစ်လာခွင့်ရှိတဲ့
နှလုံးသားထဲမှာ အတွင်းသန္တာန်ထဲမှာ နက်ရှိုင်းစွာ ငုပ်လျိုးကိန်းဝပ်နေတဲ့တဏှာမျိုးကို အနုသယတဏှာလို့ခေါ်ပါတယ်။

★ အဲ့ဒီအနုသယတဏှာကိုတော့ ပညာကျင့်စဉ်နဲ့ပယ်သတ်ရပါတယ်။ပညာဆိုတာ ၀ိပဿနာပညာ မဂ်ပညာပါပဲ။အဲ့ဒီအနုသယတဏှာမှာလည်း အာရမ္မဏနုသယတဏှာ၊ သန္တာနာနုသယတဏှာဆိုပြီးတော့ နှစ်မျိုးရှိတယ်။
အာရမ္မဏနုသယတစှာဆိုတာ အာရုံပေါ်မှာကိန်းနေတဲ့ တဏှာပါ။ အဆင်းအာရုံတစ်ခုကိုမြင်လိုက်တဲ့အခါ အဲ့အဆင်းအာရုံကို နည်းမှန်
လမ်းမှန် မရှုမှတ်မိလိုက်ဘူးဆိုရင်အဲ့ဒီအဆင်အာရုံပေါ်မှာတဏှာဖြစ်လာတယ်။
လူတစ်ယောက်ကိုမြင်တဲ့အချိန်မှာ သတိပဋ္ဌာန်နည်းအတိုင်း မြင်တယ် မြင်တယ်
စသည်အားဖြင့် မရှုမှတ်လိုက်အတွက်ကြောင့် အဲ့ဒီလူအပေါ်တပ်မက်စိတ်လေး ဖြစ်သွားတယ်ဆိုပါတော့။နောင်တစ်ချိန် အဲ့ဒီလူအကြောင်းပြန်ပြီးတော့ သတိရတဲ့အခါ စမြင်တုန်းက ရှုမှန်မှုမပါဘဲကြည့်ခဲ့အတွက် သူ့အကြောင်း
ပြန်တွေးတဲ့အခါ တပ်မက်တဲ့တဏှာလေးပြန်ဖြစ်လာတယ်။အဲ့ဒီလို မရှုမှတ်လိုက်မိတဲ့ အာရုံပေါ်မှာနောက်ထပ် ဖြစ်ဖို့အတွက်ကိန်းသွားတဲ့တဏှာကို
အာရမ္မဏနုသယတဏှာ လို့ခေါ်တယ်။

★ အဆင်းအာရုံနဲ့ကြုံတဲ့အခါတိုင်း မြင်တယ်မြင်တယ်အသံအာရုံတွေကြုံတဲ့အခါတိုင်း ကြားတယ်ကြားတယ် စသည်ဖြင့် ဒွါရခြောက်ပါးမှာ အာရုံခြောက်ပါး ထင်လာတိုင်း
အဲ့ဒီအာရုံတွေကို ပစ္စပ္ပုန်ကျကျ ရှုမှတ်ပစ်လိုက်ရမယ်။အရှိကိုအရှိတိုင်း
ရှုမှတ်ပစ်လိုက်ရမယ်။ အဲ့ဒိလိုရှုမှတ်လိုက်ရင်တာ့ ရှုမှတ်လိုက်မိတဲ့ အာရုံနဲ့ပတ်သက်ပြီးတော့ ရှုမှတ်လိုက်တဲ့အခိုက်အတန့်နဲ့ပတ်သက်တဲ့အာရုံကို နောင်တစ်ချိန်ပြန်တွေးပေမယ့်လည်း တဏှာမဖြစ်တော့ဘူး။မရှုမှတ်လိုက်မိတဲ့ အာရုံကြောင့်တော့ဖြစ်ကောင်း
ဖြစ်မယ် ရှုမှတ်မိလိုက်တဲ့ အာရုံကြောင့်တော့ တဏှာမဖြစ်တော့ဘူး။ရှုမှတ်မှုတန်ခိုးကြောင့် အဲ့ဒီအာရုံကိုစတွေ့စဉ်က တဏှာမှ ကိန်းမှမကိန်းခဲ့ဘဲ။ဒါ့ကြောင့်
အာရမ္မဏနုသယတဏှာကို ၀ိပဿနာပညာနဲ့ပယ်ရမယ်။ဘယ်အာရုံနဲ့တွေ့တွေ့
ရှုမှတ်ပြီးတော့ ပဲနေရမယ်။

★ သန္တာနာနုသယတဏှာဆိုတာ အခုအဆင်းအာရုံလေးတစ်ခုတွေ့ပေမယ့် တပ်မက်စိတ်မဖြစ်ဘူး။ အာရုံမှာတဏှာမကိန်းဘူး။ဒါပေမယ့်နောင်တစ်ချိန် အကြောင်းညီညွှတ်တဲ့အခါ ဖြစ်ဖို့အတွက် စိတ်ထဲမှာ အတွင်းသန္တာန်မှာကိန်းဝပ်နေတဲ့ တဏှာကို
သန္တာနာနုသယတဏှာလို့ခေါ်တယ်။အကြောင်းညီညွတ်ရင် ဖြစ်ခွင့်ရှိတဲ့ အဲ့ဒီတဏှာကို မဂ်ပညာနဲ့ပယ်သတ်ရပါမယ်။ဝိပဿနာရိုးရိုးနဲ့ပယ်သတ်လို့မရပါဘူး။
အဲ့ဒီမဂ်ပညာဆိုတာကလည်း ၀ိပဿနာပညာအားကောင်းသွားမှ အထွတ်အထပ်ရောက်သွားမှဖြစ်မှာဆိုတော့ အဲ့ဒီမဂ်ပညာရဖို့အတွက် အဓိကကတော့ ၀ိပဿနာအားထုတ်ဖို့ပါပဲ။
ဝိပဿနာဉာဏ်ရင့်ကျက်သွားလို့ မဂ်ဉာဏ်ဆိုဒ်ရောက်သွားပြီဆိုရင် အဲ့ဒီမဂ်ဉာဏ်ရဲ့ပယ်သိတ်ခြင်းကို ခံလိုက်ရတဲ့ တဏှာဟာဘယ်တော့မှ 

ဖြစ်ခွင့်မရှိတော့ပါဘူး။

★ အာရုံပေါ်ဆာလောင်မွတ်သိပ်တဲ့တဏှာကင်းတာနဲအမျှ အဲ့ဒီဆာလောင်မွတ်သိပ်မှုတွေရဲ့နေရာမှာ ငြိမ်းအေးချမ်းသာမှုတွေသာ အစားထိုးဝင်ရောက်လာမှာ သေချာပါတယ်။ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်ချင်ရင် သီလကျင့်စဉ်နဲ့ ကိုယ်ထိ
နှုတ်ရောက်တဏှာကိုပယ်သတ်ရမယ်။ သမာဓိကျင့်စဉ်နဲ့ စိတွင်းဖြစ်တဏှာ
ကိုပယ်သတ်ရမယ်။ ပညာကျင့်စဉ်နဲ့ ငုပ်လျှိုးအောင်းတဏှာကိုပယ်သတ်ရမယ်။
တဏှာကင်းပြီဆိုတော့ဖြင့် ကျန်တဲ့ ဒေါသ ဣဿာ မာန မစ္ဆရိယစတဲ့ ကိလေသာတွေ အားလုံးပဲ ကင်းသွားပါပြီး။တဏှာကင်းရင် ကိလေသာကင်းပါတယ်။ကျင့်စဉ်သုံးပါးနဲ့ တဏှာသုံးပါးကို အမြစ်ပြတ် 

ပယ်သတ်နိုင်ပြီိဆိုရင်တော့ ဧကန်မုချငြိမ်းအေးသောဘ၀ပိုင်ရှင်အစစ်ဖြစ်ပါပြီ။

{အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)}

(ငြိမ်းအေးသောဘ၀ပိုင်ရှင် တရားတော်မှကောက်နှုတ်ချက်)

ဓမ္မမိတ်ဆွေသူတော်စင်များ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ

_/\\_ _/\\_ _/\\_

%၅၈၄၇၁%


https://www.facebook.com/photo.php?fbid=262690007269990&set=a.107803712758621.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...