စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခုံနေရာ မလွတ်တော့သဖြင့် MH-17 နှင့် မလိုက်ပါဖြစ်ခဲ့သည့် မိသားစု



ပျက်ကျသွားသည့် MH-17 ခရီးသည်တင် လေယာဉ်နှင့် လိုက်ပါရန် စီစဉ်ထားသော မိသားစု တစ်စုသည် ခုံနေရာ မရသဖြင့် ကျန်နေရစ်ခဲ့ပြီး ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

စကော့တလန်မှ ဘယ်ရီဆင်မ်နှင့် ဇနီးဖြစ်သူ အိုင်ဇီဆင်မ်တို့သည် ကလေးငယ်နှင့်အတူ အဆိုပါ လေယာဉ်ပေါ် လိုက်ပါရန် စီစဉ်ထားသော်လည်း လေဆိပ် တာဝန်ရှိသူများက နေရာ မလောက်တော့ကြောင်း အသိပေးခဲ့သဖြင့် ကွာလာလမ်ပူသို့ သွားရောက်မည့် တော်ဝင်ဒတ်ခ်ျ လေကြောင်းလိုင်း (KLM)၏ လေယာဉ်ကိုသာ ရွေးချယ်ခဲ့ရသည်။

MH-17 သည် ရုရှားနှင့် ယူကရိန်း နယ်နိမိတ်အနီး ဝေဟင်တွင် ပစ်ချခံရသည်ဟု ယူဆရသော အခြေအနေ တစ်ရပ်ကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါခဲ့သူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။ ၎င်းတို့ မလိုက်ပါဖြစ်သည့် လေယာဉ် ပျက်ကျကြောင်း သတင်းကို ကြားသိရသည့်အခါ ဘယ်ရီက “ဗိုက်ထဲက ပျို့တက်လာသလို ခံစားရတယ်”ဟု ဖွင့်ဟခဲ့သည်။ အိုင်ဇီကလည်း “ပုဂ္ဂိုလ် တစ်ပါးပါးက ကျွန်မတို့ကို စောင့်ကြည့်နေပြီး ဒီလေယာဉ်နဲ့ မလိုက်သွားရဘူးလို့ ဆုံးဖြတ် ညွှန်ကြားပေးခဲ့တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လေ”ဟု ပြောကြားခဲ့သည်။
သူမက “ကျွန်မတို့က မလေးရှား လေကြောင်းလိုင်းရဲ့ တကယ့် အမာခံ ဖောက်သည်တွေပါ။

ဒီလေကြောင်းလိုင်းရဲ့ လေယာဉ်တွေနဲ့ပဲ ခရီးသွားဖို့ အမြဲတမ်းလိုလို ကျွန်မတို့ ရွေးချယ်လေ့ရှိတယ်”ဟုလည်း ဆိုသည်။ သူမက “ဒါပေမဲ့ သိလား။ ဒီတစ်ခါမှာတော့ မလေးရှား လေကြောင်းလိုင်းရဲ့ လေယာဉ်အစား KLM လေကြောင်းလိုင်းနဲ့ ခရီးသွားဖြစ်လိုက်တာကို ကျွန်မ အရမ်း ပျော်သွားမိတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။
လေယာဉ်ပျက်ကျမှုတွင် နယ်သာလန် နိုင်ငံသား (၁၅၀)ကျော် အသက်ဆုံးရှုံးခဲ့ရာ နယ်သာလန် ဝန်ကြီးချုပ် မက်ခ်ရူတေးသည် သတင်းကြားကြားချင်း ဥရောပသမဂ္ဂ ညီလာခံ တက်ရောက်နေရာမှ ချက်ချင်း ပြန်လာခဲ့သည်။ အမ်စတာဒမ်ရှိ ရှီဖိုးလ် လေဆိပ်၏ ပထမထပ် တစ်ထပ်လုံးကိုလည်း ပိတ်ထားလိုက်ပြီး သေဆုံးသူများ၏ မိသားစုများ၊ ဆွေမျိုးသားချင်းများ ရောက်လာချိန်တွင် နေရာချပေးထားရန် ချန်လှပ်ထားခဲ့သည်။

လေယာဉ် မထွက်ခွာမီ ပြေးလမ်းပေါ်တွင် ရှိနေစဉ် ဓာတ်ပုံရိုက်ပြီး Facebookပေါ် တင်ခဲ့သည့် နယ်သာလန် နိုင်ငံသား အမျိုးသား တစ်ဦးသည်လည်း သေဆုံးသွားပြီဟု ယူဆရသည်။ အစောပိုင်းက ၎င်း၏ ဓာတ်ပုံအောက်တွင် မိတ်ဆွေများက ပျော်ရွှင်သော ခရီးဖြစ်စေရန် ဆုမွန်ကောင်း တောင်းပေးခဲ့ကြသော်လည်း လေယာဉ်ပျက်ကျသည့် သတင်းကြားပြီးနောက် ဝမ်းနည်းမှုကို ဖော်ပြသည့် Comment များအဖြစ် ပြောင်းလဲသွားကြောင်း သိရှိရသည်။
_Re: Telegraph

http://www.7daydaily.com/story/16159#.U8k0o7HzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...