စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မပြောင်းလဲသော အကျိုးတရားများ


                     

★ တစ်လောက ဂျာနယ်တစ်စောင် လက်ဆောင်ရလို့ ဖတ်ကြည့်တော့ တစ်နေရာမှာ တွေ့လိုက်ရတာက
ဘယ်မင်းသမီးလေးရဲ့ ဘယ်ပွဲတက်တဲ့ဝတ်စုံက သိန်း ဘယ်နှစ်ဆယ်၊ ဘယ် မင်းသမီးရဲ့ ပွဲတက်ဝတ်စုံက ဘယ်နှစ်သိန်းဆိုတာ ဖတ်လိုက်ရတော့။ သြော် သူတို့ တွေ ရုပ်ရည်ကလည်းလှ၊ စည်းစိမ်ဥစ္စာကလည်း ပေါ ကြွယ်ဝလို့ ရောက်လေရာနေရာမှာ အခြံအရံကလည်းပေါများ လှပါလားဆိုတာလေး တွေးမိလိုက်ပါတယ်။

★ သူတို့ရဲ့ဘဝပြည့်စုံကြွယ်ဝမှာပေါ့၊ ဒီလိုပြည့်စုံ ကြွယ်ဝစေတဲ့ အကျိုးတွေကို ခံစားရဖို့
အကြောင်း တွေက ပါလာတာကိုး။ သူတို့ရဲ့ ရေတွက်လို့ရနေသေး တဲ့ ပြည့်စုံချမ်းသာမှုလေးကို ခဏထားလိုက်ပါဦး။

★ ဘုရားလက်ထက်တော် တစ်ချိန်တုန်းက သာဝတ္တိ မြို့မှာ ထီးနန်းအုပ်စိုးတဲ့ ကောသလမင်းကြီးရဲ့ မိဖုရားကြီး မလ္လိကာဆိုရင် အင်မတန်မှ ချမ်းသာကြွယ်ဝပြီး
ဘုန်းကံကလည်း အလွန်ကြီးမားသလို အခြံအရံလည်း
ပေါများလှပါတယ်။ မိဖုရားကြီးဟာ အသဒိသဒါနရှင် ကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။

★ အသဒိသ ဒါနရှင်ဆိုတာကလည်း ဘုရားတစ်ဆူ ပွင့်မှ တစ်ယောက်သာပေါ်တာပါ။ တစ်တိုင်းပြည်လုံး မှာရှိတဲ့ တိုင်းသူပြည်သားတွေနဲ့ ပြိုင်လှူတာ မိဖုရား ကြီးက နိုင်ပါသတဲ့။ ကောသလဘုရင်ကြီးရဲ့ မိဖုရား ခေါင်ကြီးလည်း ဖြစ်ပြန်တော့ အစစအရာရာ ပြည့်စုံကြွယ်ဝလှပါတယ်။
သူ့ရဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ တွေက
အကျိုးပေးလို့ ချမ်းသာပြည့်စုံပေမယ့် မိဖုရားကြီးဟာ ခန္ဓာကိုယ်အချိုးအစားက သိပ်မလှ တဲ့အပြင် မျက်နှာကလည်း ကြည့်ပျော်ရှုပျော်လောက် ပဲရှိပါတယ်။

★ အဲဒါကို သူက စိတ်ထဲမှာ မတင်မကျဖြစ်နေတာ ပါ။သူဒီလောက်ပြည့်စုံကြွယ်ဝချမ်းသာနေပြီးမှ
ရုပ်ရည်ကျတော့ဘာကြောင့် လှပချောမောမှု မရှိတာ လဲဆိုတဲ့ အကြောင်းကို သူသိပ်သိချင်နေပါတယ်။
တစ်နေ့မှာတော့ သူ့စိတ်ထဲမှာ သိပ်သိချင်နေတဲ့ အကြောင်းအရာတွေကို မြတ်စွာဘုရားကို
မေး လျှောက်ဖို့အတွက် မြတ်စွာဘုရား သီတင်းသုံးနေတဲ့ ဇေတဝန်ကျောင်းတော်ကို ရောက်လာပါတယ်။

★ ဇေတဝန်ကျောင်းတော်ကို ရောက်တော့ မြတ်စွာဘုရားဆီချဉ်းကပ်လို့ အလွန်ရိုသေအလေးအမြတ်ပြု တဲ့
အမူအရာနဲ့ ရှိခိုးကန်တော့ပါတယ်။ နောက်ပြီး သင့်တော်တဲ့ တစ်နေရာမှာထိုင်လို့ သူသိချင်တာလေး ကို မေးမြန်းခွင့်ပြုဖို့ မြတ်စွာဘုရားဆီမှာ ခွင့်တောင်း ပြီး သူ့စိတ်ထဲမှာ သိပ်သိချင်နေတာတွေကို မေးပါ တော့တယ်။

★ သူမေးတဲ့မေးခွန်းက လေးခုပါ။ မိဖုရားကြီးက ''အရှင်ဘုရား လောကမှာ တချို့အမျိုးသမီးတွေဟာ
ရုပ်ဆင်းကလည်းမလှ ပစ္စည်းဥစ္စာကလည်း ဆင်းရဲ နွမ်းပါးပါတယ်။ အခြံအရံတန်ခိုးအရှိန်အဝါကလည်း နည်းပါးလှပါတယ်ဘုရား။ တချို့အမျိုးသမီးတွေက အဆင်းမလှပေမယ့် ချမ်းသာကြွယ်ဝပါတယ်။
အခြံ အရံပေါများပြီး တန်ခိုးရှိန်ဝါလည်း ကြီးမားလှပါတယ်။

★ တချို့အမျိုးသမီးတွေမှာတော့ ရုပ်ဆင်းလှပေမယ့် ဆင်းရဲနွမ်းပါပြီး အခြံအရံလည်းမရှိ၊ တန်ခိုးအရှိန်
အဝါလည်း နည်းလှပါတယ်ဘုရား။ တချို့အမျိုးသမီးတွေ ကျပြန်တော့ ရုပ်ဆင်းလည်း လှပချောမောလို့
ချမ်းသာကြွယ်ဝသလို အခြံအရံတွေပေါများပြီး တန်ခိုး အရှိန်အဝါကလည်း ကြီးမားလှပါတယ်ဘုရား။
ဒီလိုမျိုး အကျိုးပေးတွေ မတူညီတာဘယ်လို အကြောင်း ကြောင့်ပါလဲဘုရား'' လို့ မေးလျှောက် ပါတယ်။

★ အဲ ဒီအခါ မြတ်စွာဘုရားက ''ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေဟာ
အမျက်ဒေါသကြီးမားလှပါ တယ်။ ရဟန်း သံဃာတို့ကို ပေးကမ်းလှူဒါန်းခြင်းဆို တဲ့ ဒါနကိုလည်း
မပြုပါဘူး။ သူတစ်ပါးတွေရဲ့ ပြည့်စုံ ကြွယ်ဝမှုတွေ၊
လာဘ်လာဘရရှိမှုတွေ အပေါ်မှာ လည်း မနာလိုဝန်တို ငြူစူ စောင်းမြောင်းမှုတွေ ဖြစ်ပေါ် ပါတယ်။
အဲဒီလို အမျိုးသမီးမျိုးဟာ ဒီဘဝကနေ နောင်တစ်ချိန် လူပြန်ဖြစ်ခဲ့မယ်ဆိုရင်တော့ ရုပ်ဆင်း ကလည်းမလှ၊
ခန္ဓာကိုယ် ပုံသဏ္ဍာန်အချိုးအစား လည်းမကျ
ဆင်းရဲနွမ်းပါးပြီး အခြံအရံ တန်ခိုးအရှိန် အဝါ နည်းပါးပါလိမ့်မယ်။''

★ ''ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေက
အမျက်ဒေါသကြီးပါတယ်။ ဒါပေမယ့် ပေးကမ်း လှူဒါန်းခြင်းဆိုတဲ့ ဒါနမှူကို ပြုလုပ်ပါတယ်။ သူတစ်ပါး တွေရဲ့ ပြည့်စုံမှုအပေါ်မှာလည်း မနာလိုဝန်တိုမှု စတာ တွေလည်း မဖြစ်ပါဘူး။ အဲဒီလိုအမျိုးသမီးမျိုးက ဖြစ်လေရာဘဝမှာ အဆင်းမလှပေမယ့် ချမ်းသာ ကြွယ်ဝပြီး
အခြံအရံပေါ များလို့ တန်ခိုးရှိန်ဝါလည်း ကြီးမားပါလိမ့်မယ်။''

★ ''ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေက
အမျက်ဒေါသနည်းပါတယ်။ ဒါပေမယ့် ရဟန်းသံဃာ တို့ကို ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ ဒါနမှုလည်းမရှိ
သူတစ်ပါးတွေရဲ့ အပေါ်မှာလည်း မနာလို ဝန်တိုမှု တွေ
ဖြစ်ပေါ်ပါတယ်။ အဲဒီလို အမျိုးသမီးက ဖြစ်လေ ရာဘဝမှာ အဆင်းလှပေမယ့် ဆင်းရဲနွမ်းပါးပြီး အခြံအရံလည်းမရှိဘဲ တန်ခိုးရှိန်ဝါ နည်းသူဖြစ်ရပါ လိမ့်မယ်။''

★ ''ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေကျတော့ အမျက်ဒေါသနည်းပါတယ်။ ရဟန်း၊ သံဃာစတဲ့ အလှူခံပုဂ္ဂိုလ်တို့ကိုလည်း ပေးကမ်းလှူဒါန်းမှုဆိုတဲ့ ဒါနတွေကို ပြုလုပ်ပါတယ်။ သူတစ်ပါးတွေရဲ့ ပြည့်စုံ ကြွယ်ဝမှု လာဘ်လာဘရရှိမှုတွေအပေါ်မှာလည်မနာလိုဝန်တိုငြူစူစောင်းမြောင်း တဲ့စိတ်လည်း မရှိပါ ဘူး။
ဒီလို အမျိုးသမီးကျတော့ ဖြစ်လေရာဘဝတိုင်း မှာ ရုပ်ဆင်းလှပ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ပြီး
တန်ခိုးရှိန်ဝါကြီးမားလို့ အခြံအရံတွေ ပေါများပါ လိမ့်မယ်''

★ ''ချစ်သမီးမလ္လိကာ အမျိုးသမီးတွေ ရုပ်ဆင်းလှသူ မလှသူ စတာတွေ ဖြစ်ပေါ်လာရတာ ဒီအကြောင်းတွေ ကြောင့်ပါပဲ'' လို့ မြတ်စွာဘုရားက ဖြေကြားပေးတော် မူခဲ့ပါတယ်။
မြတ်စွာဘုရားရဲ့ အဖြေစကားကို ကြား လိုက်ရတော့
မိလ္လိကာ မိဖုရားကြီးရဲ့ အသိညာဏ်မှာ ကိုယ်ပြုလုပ်ခဲ့တဲ့ ခိုင်မာတဲ့ ကံအကြောင်းတရားတွေ ကြောင့် မပြောင်းလဲတဲ့ ကံကံရဲ့အကျိုးတွေကို ပြန်ပြီး သိနားလည်လိုက်ပါပြီ။

★ ဒါကြောင့် မိဖုရားကြီးက မြတ်စွာဘုရားကို ''အရှင်ဘုရား တပည့်တော်ဒီနေ့ကစပြီး အမျက် ဒေါသမကြီးသူဖြစ်စေရပါမယ်ဘုရား။ ရဟန်းသံဃာ စသော အလှူခံပုဂ္ဂိုလ်တို့ကို ပေးလှူသူဖြစ်စေရပါ မယ်ဘုရား။ သူတစ်ပါးတွေရဲ့ ပြည့်စုံကြွယ်ဝမှုတွေ အပေါ်မှာလည်း မနာလိုဝန်တိုစိတ်မရှိသူ ဖြစ်စေရ ပါမယ်ဘုရား''လို့ မြတ်စွာဘုရားကို ကတိပေး လျှောက်
ထားလိုက်ပါတော့တယ်။

★ ဒီဇာတ်ကြောင်းထဲက မလ္လိကာ မိဖုရားကြီးရဲ့ စိတ်ဓာတ်ကို အခုခေတ်အမျိုးသမီးတွေ
အတုယူ သင့်ပါတယ်။ အမျိုးသမီးတွေဆိုပေမယ့် အမျိုးသားတွေ ကလည်း လှချင်ပချင် ကြွယ်ဝချင်တာပဲဆိုတော့ အမျိုးသားတွေနဲ့လည်း သက်ဆိုင်တာပါပဲ။ ဒီဘဝမှာ သာမက ဘဝဆက်တိုင်း အစစအရာရာ ပြည့်စုံလှပ ကြွယ်ဝချမ်းသာ ချင်တယ်ဆိုရင်တော့ ဘဝဆက်တိုင်း မပြောင်းလဲတဲ့
ကောင်းမှုကံ အကျိုးတရားတွေ ပြည့်စုံ ခိုင်ခန့်အောင် ဒီဘဝမှာ ပြည့်စုံခိုင်ခန့်တဲ့ ကောင်းမှုကံ
အကြောင်းတရားတွေကို ထူထောင်သွားရမှာပါ။

★ ဒီဘဝမှာ ရတနာသုံးပါး၊ မိဘ ဆရာသမားတွေနဲ့ ပူဇော်သင့် ပူဇော်ထိုက်သူတွေ အပေါ်မှာ လှူဒါန်းပူ ဇော်မှုတွေပုလုပ်လို့ ဒေါသတွေ နည်းနိုင်သမျှ နည်း အောင်ထိန်းလို့ မနာလိုဝန်တို ငြူစူစောင်းမြောင်း အတင်း ပြောမှုတွေကို
ရှောင်ရှားလို့ သွားမယ်ဆိုရင်တော့ ဖြစ် လေရာ ဘဝမှာခိုင်ခန့်တဲ့၊ မပြောင်းလဲတဲ့ပြည့်စုံ ကြွယ်ဝချမ်းသာမှု အကျိုးတရားတွေကို ရရှိခံစားသွား ရမှာ မလွဲဧကန်ပဲဖြစ်ပါတယ်။

အဂ္ဂပတ္တော ပမောဒတိ။
သာသနာနွယ်

(ရွှေမြန်မာဂျာနယ်)

၁၉-၁၂-၂ဝဝ၆
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...