စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အန္တရာယ်ရှိ ဆိုးဆေးပါဝင်သော အစားအသောက် (၉)မျိုး စာရင်းထုတ်ပြန်




 
ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော အန္တရာယ်ရှိ ဆိုးဆေးပါဝင်သော ကုန်ပစ္စည်းတံဆိပ် ၉ မျိုးကို စားသုံးရန်မသင့်ကြောင်း မေလ ၁၅ ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။

အဆိုပါ ကုန်ပစ္စည်းများတွင် ယိုစုံ၊ မုန့်ပွကြော်၊ ငရုတ်သီး အကြမ်းမှုန့်နှင့် အရောင်တင်မှုန့်၊ ငါးပိထောင်းတို့ ပါဝင်ပြီး အဝတ်အထည်များတွင် သုံးစွဲသည့် အရောင်ဆိုးဆေးများ ထည့်သွင်းထားသည့်အတွက် မစားသုံးရန် ကြေညာခြင်း ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဓာတ်ခွဲခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

မစားသုံးသင့်သော ကုန်တံဆိပ်တွင် မီးအိမ်ရှင်ယိုစုံ (သရက်ပြား)၊ စတိုင်ယိုစုံ (သရက်ပြား)၊ ကောင်းဆက်သာ မုန့်ပွကြော်၊ သွယ်သွယ်အေး ငရုတ်သီးအကြမ်းမှုန့်နှင့် အရောင်တင်မှုန့်၊ နှင်းပုလဲ ငရုတ်သီး အရောင်တင်မှုန့်နှင့် နနွင်းမှုန့်၊ သိန်းကမ္ဘာ ငရုတ်သီးအရောင်တင်မှုန့်၊ အမေထား ငါးပိထောင်းတို့ ပါဝင်သည်။

စစ်ဆေးတွေ့ရှိထားသော ကုန်ပစ္စည်းများအနက် သိန်းကမ္ဘာနှင့် နှင်းပုလဲ ငရုတ်သီး အရောင်တင်မှုန့်များကို တမူးနယ်စပ်ဘက်မှ ရရှိခြင်းဖြစ်ပြီး ယိုစုံနှင့် မုန့်ပွကြော်ကို အခြေခံပညာ ကျောင်းမုန့်ဈေးတန်း အချို့မှ ဝယ်ယူထားခြင်း ဖြစ်ကြောင်း ယင်းဓာတ်ခွဲခန်း တာဝန်မှူးက ဆိုသည်။

“ဒီလောက် စစ်နေတာတောင် ဈေးကွက်ထဲမှာ အချိုရည်၊ ဂျယ်လီ၊ ငရုတ်ဆီ၊ မျှစ်တွေမှာ တွင်တွင်ကျယ်ကျယ်ကို သုံးနေကြသေးတယ်။ ငရုတ်သီးမှုန့်ဆို တံဆိပ်ပေါင်းလေး၊ ငါးဆယ်မကရှိတာ လိုက်စစ်လို့ ကုန်မှာမဟုတ်ဘူး” ဟု စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။

ကျန်းမာရေး ဝန်ကြီးဌာနအတွက် ဈေးကွက်အတွင်းက အမှတ်တံဆိပ် အားလုံးကို အချိန်တိုအတွင်း လိုက်လံစစ်ဆေးရန် မလွယ်ကူသည့်အတွက် မှတ်ပုံတင် မထားသော ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူပါက ပိုထိရောက်နိုင်ကြောင်း ၎င်းကပြောဆိုသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မတိုင်မီ အခြေခံပညာ ကျောင်းမုန့်ဈေးတန်း များတွင် ရောင်းချနေသော အစားအသောက်များကို ဓာတ်ခွဲစစ်ဆေးရန် စီစဉ်လျက်ရှိသည်။

ယင်းအပြင် အမျိုးသား အစားအသောက် ဥပဒေတွင်လည်း အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချသူများက ဓာတုဆေးဝါးများ ထည့်သွင်း အသုံးမပြုရန်နှင့် အသုံးပြုကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် ၃ သောင်းအပြင် ပြစ်ဒဏ်နှစ်ခုလုံးလည်း ကျခံရနိုင်ကြောင်း ပြဌာန်းထားသည်။

Credit to The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...