စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတွေ့အင်တာဗျူး ဖြေဆိုတဲ့အခါ မလုပ်သင့်တဲ့ အမှား (၇) မျိုး





အလုပ်အတွက် လူတွေ့အင်တာဗျူးဖြေဖို့ ကိုယ့်ကို ဖုန်းဆက်လိုက်ပြီဆိုပါစို့။ အဲ့ဒီအချိန်ကတည်းက နောက်ဆုံးအင်တာဗျူး ဖြေဆိုချိန်ထိ ကိုယ့်ဘက်က ပြင်ဆင်ရမယ့်အရာတွေ၊ ရှောင်ကြဉ်ရမယ့်အရာတွေ၊ မလုပ်သင့်တဲ့အရာတွေ အများကြီး ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။သင့်အင်တာဗျူးအတွက် လေ့ကျင့်မှုတွေ မပြုလုပ်ခြင်း

အင်တာဗျူးသွားမယ့်သူတစ်ယောက်က ကိုယ်လုပ်မယ့်အလုပ်၊ ကုမ္ပဏီအကြောင်း လေ့လာမထားပဲ အင်တာဗျူးအခန်းထဲ ၀င်ဖို့မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် အခြေခံအားဖြင့် အင်တာဗျူးတွေမှာ မေးတတ်တဲ့ အကြောင်းအရာတွေကိုလည်း လေ့လာထားရဦးမှာပါ။ အင်တာဗျူးတဲ့သူက “သင့်ရဲ့အားသာချက်က ဘာဖြစ်မလဲ”လို့ မေးလိုက်တဲ့အခါ ကိုယ်က “လူတွေနဲ့ ခင်ခင်မင်မင်နေတတ်တာ” ဆိုတာမျိုး ဖြေလိုက်ရင် ဒါဟာ အင်တာဗျူးတဲ့သူအတွက် ဟားစရာဖြစ်သွားပါလိမ့်မယ်။ အဲ့ဒီအဖြေအစား အလုပ်အတွက် သင်ဘာတွေလုပ်ပေးနိုင်တယ်။ ဘယ်လိုကောင်းကျိုးတွေ ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးနိုင်တယ်။ သင့်မှာ အားသာချက်ဘာတွေရှိတယ်ဆိုတာမျိုး ပြောရမှာပါ။ ဒါ့ကြောင့် အနည်းဆုံး ဒါတွေကို လေ့လာထား၊ လေ့ကျင့်ထားမယ်ဆိုရင် ဟိုရောက်တဲ့အခါ အထစ်အငေါ့မရှိ အေးအေးဆေးဆေး ဖြေသွားနိုင်ပါလိမ့်မယ်။

၂။အလုပ်ကို အထင်သေးတဲ့ စကားပြောမိခြင်း

ဒီအလုပ်ကိုရဖို့ အလုပ်လျှောက်ထားတယ်ဆိုတာ အခြေခံအားဖြင့် ဒီအလုပ်ကို သဘောကျလို့၊ ဒီကုမ္ပဏီမှာ လုပ်ချင်လို့ဆိုတဲ့ အဓိပ္ပါယ်တော့ သက်ရောက်ပါတယ်။ မရှိလို့လာလုပ်ရတာ၊ လုပ်ချင်စိတ်မရှိဘူးဆိုတဲ့ ပုံစံမျိုး၊ အလုပ်ကို မလေးမခန့်ပုံစံမျိုး ပြောမိသွားရင်တော့ သင့်ကို အလုပ်ခန့်ဖို့ သူတို့စဉ်းစားမှာ မဟုတ်ပါဘူး။

၃။လိုတာထက်ပိုပြီး စကားများခြင်း

မေးတဲ့မေးခွန်းတစ်ခုကို လိုအပ်တာထက် အများကြီးပိုပြောတာမျိုး၊ ကိုယ်ချည်းပဲ တောက်လျှောက်မရပ်မနားပြောဆိုတာမျိုးတွေကလည်း အင်တာဗျူးမှာ အမှတ်လျော့စေတဲ့ အချက်တွေပါပဲ။ လိုအပ်သလောက်ကိုပါ ထိထိမိမိပြောပါ။ စကားတွေဖောင်းပွအောင် ပြောခြင်းဟာ သင့်အတွက် ကောင်းကျိုးမရှိနိုင်ပါဘူး။

၎။အင်တာဗျူးဖြေနေချိန် ဆံပင်ကိုလိမ်နေခြင်း၊ လက်သည်းထိပ်အချင်းချင်းပွတ်ကစားနေခြင်း၊ ခြေထောက်ကို လှုပ်နေခြင်း

အင်တာဗျူး ဖြေတော့မှာမို့လို့ စိတ်လှုပ်ရှားတတ်ကြတာ သဘာဝပါ။ ဒါပေမယ့် ဒါကို ပေါ်လွင်စေမယ့်အရာမျိုးကိုတော့ မပြသမိအောင် ကိုယ့်ဘက်က ကြိုးစားရမှာပေါ့။ အထူးသဖြင့် သာမာန်အချိန်တွေမှာ ပြုလုပ်လေ့ရှိတဲ့ ဆံပင်လိမ်နေတာမျိုး၊ လက်သည်းထိပ်အချင်းချင်း ပွတ်ကစားနေတာမျိုး၊ လက်ဆစ်ချိုးတာမျိုး၊ ခြေထောက်လှုပ်နေတာမျိုးတွေ အင်တာဗျူးအခန်းထဲ မလုပ်မိအောင် ထိန်းပါ။

၅။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတယ်ဆိုတာ ပေါ်လွင်စွာ ပြောဆိုခြင်း

သင်ဟာ စာမေးပွဲဖြေတိုင်း အမှတ်အများကြီးနဲ့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင်၊ အခြားအင်တာဗျူးတွေကိုလည်း အလွယ်တကူ ဖြေကြား အောင်မြင်ခဲ့သူဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကို ပေါ်လွင်အောင် ဘ၀မှာ အရှုံးဆိုတာ သိတောင်မသိဘူး၊ လုပ်သမျှအားလုံး အဆင်ပြေနေတာချည်းပဲ ဆိုတာမျိုးကိုပဲ ထပ်ချည်းတလဲလဲ ပြောတာမျိုးတွေ ရှောင်ပါ။

၆။အင်တာဗျူးတဲ့သူရဲ့ မျက်လုံးအကြည့်ကို ရှောင်လွှဲဖြေကြားခြင်း

အင်တာဗျူးဖြေတဲ့အခါ ခန္ဓာကိုယ်လှုပ်ရှားမှု၊ အပြောအဆိုတွေဟာ လွန်စွာကိုအရေးပါပါတယ်။ အနည်းဆုံး သင်အလုပ်ရသွားတဲ့နောက်ပိုင်း သူစိမ်းတွေနဲ့အတူ ပြောရဆိုရမယ့်ကိစ္စတွေ၊ အစည်းအဝေးခန်းထဲမှာ ရှင်းလင်းပြရမယ့် ကိစ္စတွေ ပါလာပြီဆိုပါစို့။ ဒီလိုအချိန်တွေမှာ ကြမ်းပြင်ကိုကြည့်လိုက်၊ မျက်နှာကျက်ကိုကြည့်လိုက်နဲ့ ပြောဆိုနေလို့တော့ မဖြစ်ပါဘူး။ သူစိမ်းတွေနဲ့ ပြောဆိုတဲ့အခါ သင့်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ယုံကြည်မှုရှိသလဲဆိုတာ အင်တာဗျုးတဲ့သူတွေက လေ့လာတော့မှာပါ။

၇။လစာဘယ်လောက်ရမလဲဆိုတာကို အတင်းမေးခြင်း

အင်တာဗျူးလုပ်ပြီးတဲ့အခါ များသောအားဖြင့် သင့်ရဲ့ မျှော်မှန်းလစာ ဘယ်လောက်ဆိုတာမျိုးကို မေးတတ်ကြတာချည်းပါပဲ။ အဲ့ဒီလိုမဟုတ်လည်း သင့်ကိုစာရွက်လေးထဲ ရေးခိုင်းပါလိမ့်မယ်။ ခုနောက်ပိုင်းတော့ လစာဘယ်လောက်ဆိုတာသိမှ အင်တာဗျူး ၀င်ဖြေကြတာတောင်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အင်တာဗျူးနေချိန်အတွင်းမှာတော့ လစာဘယ်လောက်ရမှာလဲ၊ ဘယ်လောက်လောက်ပေးမယ်လို့ ဆုံးဖြတ်ထားပါသလဲ စတဲ့ မေးခွန်းမျိုးတွေ သင်က ပြန်မမေးသင့်ပါဘူး။ ဒီလိုပြန်မေးလိုက်မယ်ဆိုရင် သင်စိတ်ဝင်စားတာ အလုပ်ကိုမဟုတ်ဘူး။ ရမယ့်ပိုက်ဆံကိုဆိုတာ ပေါ်လွင်သွားပြီပေါ့။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...