စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နွားနို့သည်


 
 
 
တခါတုန်းက နွားနို့သည်တစ်ယောက်ဟာ မသမာတဲ့နည်းနဲ့ အလွန်ပဲ ချမ်းသာကြီးပွားနေပါတယ်။
နေ့စဉ် သူ့ဖောက်သည်တွေရှိတဲ့ မြို့ကိုရောက်အောင် မြစ်ကိုဖြတ်ကူးသွားရပါတယ်။ အဲဒီအချိန်မှာ နွားနို့သည်ဟာ အမြတ်များများရရှိဖို့ နွားနို့ထဲကို မြစ်ရေရောပြီးမှ ရောင်းပါတယ်။

တနေ့မှာတော့ သူရဲ့သား မင်္ဂလာဆောင်အခမ်းအနား ကျင်းပဖို့အတွက် ရစရာအကြွေးတွေကို လှည့်လည်တောင်းပါတယ်။ အကြွေးရလာတဲ့ ပိုက်ဆံတွေနဲ့ ဆန်းပြားတဲ့ အဝတ်အစားတွေ၊ အဖိုးတန် ရွေထည်၊ငွေထည် ပစ္စည်တွေကို ဝယ်ယူခဲ့ပါတယ်။

အိမ်အပြန် မြစ်ကိုဖြတ်ကူးချိန်မှာတော့ သူစီးလာတဲ့လှေဟာ ရုပ်တရက် တိမ်းမှောက်ကာ ဝယ်လာသမျှ ပစ္စည်တွေအားလုံး ရေထဲမှာ မြောပါကုန်ပါတော့တယ်။ နွားနို့သည်မှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဘာစကားတလုံးမှ မဆိုနိုင်အောင် ပူလောင်ခံစားနေပါတယ်။ ဒီအချိန်မှာ မြစ်ထဲက အသံကြီးတစ်ခုကို သူကြားလိုက်ရပါတယ်။

“မငိုပါနဲ့ကွာ။ ဆုံးရှုံးသွားတာတွေက မင်းရဲ့နွားနို့ကို ဝယ်သောက်တဲ့လူတွေဆီက လိမ်လည်လှည်ဖြားပြီး မသမာတဲ့နည်းနဲ့ ရယူထားတဲ့ အမြတ်အစွန်းတွေပါပဲ။”

********* ********* *********

ရုရှားစကားပုံ တစ်ခုရှိပါတယ်။ “When money speaks, the truth is silent.” “ပိုက်ဆံက စကားပြောရင် အမှန်တရားက စိတ်သုဉ်းသွားတယ်” တဲ့။ ဒီစကားပုံအရ ပိုက်ဆံက လောကကို ဖန်တီးနိုင်တယ်လို့ ဆိုရတော့မလား။ ဘာပဲဖြစ်ဖြစ် ယနေ့ခေတ်မှာတော့ လူတိုင်းအဖို့ ပိုက်ဆံမှပိုက်ဆံဆိုတော့ အသည်းအသန် ရှာဖွေကြရပြီပေါ့။ ယနေ့ကမ္ဘာကြီးမှာ ရုပ်ဝတ္ထုတွေကလည်း ဆန်းဆန်းပြားပြားတွေနဲ့ ခမ်းခမ်းနားနား လူသားတွေကို ဖမ်းစားလာနေပါတယ်။ အခုတော့ “ပိုက်ဆံရှိမှ လူတကာသိ”ကြပြီး “ပိုက်ဆံခင်းမှ လူရာသွင်း”ကြတဲ့ ခေတ်ကြီးပါပေ။

ဒီတော့ အပေါ်ကပုံပြင်လေးလိုပါပဲ….ပိုက်ဆံရှိမှ ဘဝကချိုမြနေမှာဆိုတော့ နွားနို့သည်ဟာ အမြတ်ရရေးထက် ဘာဆိုဘာမှ မတွေးတော့ပါဘူး။ ပိုက်ဆံကိုပဲ မြင်နေတော့ ဘယ်လိုအကုသိုလ်မျိုးကိုပဲဖြစ်ဖြစ် ဂရုမစိုက်တော့ဘဲ အမြတ်အစွန်းသာ သူ့ဘဝရဲ့ ယုံကြည့်ရာ ဖြစ်လာတော့တယ်။ ဒါကြောင့်လည်း နွားနို့ထဲမှာ မြစ်ရေရောပြီး တစ်ဘဝအမောပြေဖို့ပဲ လုပ်နေတော့တာပေါ့။

ဒီလိုပါပဲ။ လောကမှာ ပိုက်ဆံမင်ပြီး ဘာမှမမြင်တော့တဲ့လူတွေ အများကြီးရှိနေပါတယ်။ ဒီလိုလူတွေက ပိုက်ဆံအတွက်ဆို “ငါကောင်းစားရေးထက် တခြားလူတွေ တောင်းစားကြတဲ့ သူတောင်းစားဘဝရောက်စေအုံးတော့ ခေါင်းစားနေစရာမလိုဘူး”လို့ တွေးနေကြမလားဘဲ။ သေချာတာကတော့ ပိုက်ဆံပဲမြင်နေတဲ့ ဒီလိုလူတွေရဲ့ ဘဝကျောက်သားမှာ ဓမ္မပေါက်ပြားလည်း တိုးမှာမဟုတ်တော့ပါဘူး။

ဘဝရှင်သန်ရေးအတွက် ပိုက်ဆံက အရေးမကြီးဘူးလို့ ကျနော်ပြောနေတာ မဟုတ်ပါဘူး။ ပိုက်ဆံက အရာရာကို ဖန်းတီးနိုင်တယ်ဆိုပြီး ပိုက်ဆံနောက် ကောက်ကောက်ပါအောင် လိုက်နေမယ်ဆိုရင် ကျနော်တို့ရဲ့ ဘဝရှင်သန်မှုက ဘယ်လိုအဓိပ္ပါယ်ရှိတော့မှာလဲ။ ပြီးတော့ ပိုက်ဆံဆိုတာကလည်း အရာရာတိုင်းကို ဆထက်ပိုအောင် အမြဲတမ်းလုပ်ပေးနိုင်မှာတဲ့လား။ သုတေသနပညာရှင်အချို့က ၁၉၇၀-ခုနှစ်လောက်တုန်းက ထီပေါက်သမျှလူတွေကို စောင့်ကြည့်လေ့လာခဲ့ကြဘူးတယ်။ တစ်နှစ်ကြာတဲ့အခါ သူတို့ဟာ ထီမပေါက်တဲ့လူတွေထက် ပိုထူးပြီး စိတ်ချမ်းသာနေကြတယ်ဆိုတာ မတွေ့ခဲ့ရဘူးလို့ ဆိုထားပါတယ်။

နောက်ပိုင်းလူတော်တော်များများက ပိုက်ဆံနဲ့ပတ်သက်လာရင် ကိုယ်ကျင့်တရားတွေ ချို့တဲ့လာကြတယ်။ သေချာကြည့်ရင် ပိုက်ဆံရှိလို့ ပျက်စီးသူနဲ့ ပိုက်ဆံမက်လို့ ပျက်စီးသူတွေဟာ ဒုနဲ့ဒေဖြစ်လာနေတယ်။ ဒီကြားထဲ “ပိုက်ဆံမှာ မိတ်ဆွေမရှိဘူး” ဆိုတဲ့ လက်သုံးစကားတွေနဲ့ လူသားတို့ရဲ့ စိတ်ဓာတ်ကောင်းတွေဟာ ခေါင်းပါးသထက် ခေါင်းပါးနေကြတယ်။ ပြောပါရစေ……မသမာနည်းနဲ့များ ပိုက်ဆံရှာမိတယ်ဆိုရင် မိမိတို့ဘဝမှာလည်း ပုံပြင်ထဲက နွားနို့သည်လို့ပဲ ကံကြမ္မတစ်ကွေ့မှာ တဖန်ဘေးတွေလိမ့်မယ်ဆိုတာ မမေ့ပါနဲ့။

သူငယ်ချင်းတို့ရေ………….

ပိုက်ဆံဆိုတာ ရေလိုပါပဲကွာ။ မိမိဘဝမှာ ရေက ရှင်သန်မှုအတွက် သောက်သုံးဖို့လောက်သာ လိုအပ်တာပါ။ ရေတွေအများကြီး ရှိနေတယ်ဆိုရင် တစ်နေ့နေ့မှာ ရေနစ်နိုင်ပါတယ်။ ဒီနေရာမှာ ဦးဘုန်း(ဓာတု)ရဲ့စကားနဲ့ပြောရရင်တော့ “ပိုက်ဆံဆိုတာ ဒုက္ခရဲ့ နောက်ထပ်အဓိပ္ပါယ် တစ်မျိုးဖြစ်တယ်။” ဘဝရှင်သန်ရေးနဲ့ အသက်ရှင်နေရခြင်းရဲ့ အကျိုးက ဘာလဲဆိုတာ သေချာစဉ်းစားပြီး ဘဝအတွက် ရှေ့ဆက်သင့်တယ်လို့ ပြောချင်ပါတယ်။ ကျနော့်သူငယ်ချင်းတွေ ပိုက်ဆံအတွက် တစ်နေ့တစ်ရက်ကိုတောင်မှ မကုန်ဆုံးစေချင်ပါ။ ဆေးရောင်စုံနဲ့ အရောင်အမျိုးမျိုးချယ်ပြီး တန်ဖိုးရေးထားတဲ့ စက္ကူစအတွက် ကျနော်တို့ဘဝတွေ ပွန်းပဲ့နေကြတာ တန်ရဲ့လားလို့မေးရင်းဖြင့်……………….

ဘဝနဲ့ဆန္ဒတသားတည်းကျပါစေ……
လင်းမြတ်(ပန်းတောင်း)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...