စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူ့စွမ်းအားအရင်းအမြစ်သင်တန်းတွေက တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဘယ်လောက်အထိ အထောက်အကူပြုနိုင်သလဲ


- အောင်သက်ကို

''ဒီသင်တန်းတွေကိုပျက်အောင် လုပ် တာ သင်ယူသူတွေကို လမ်းဘေးရောက်အောင် လုပ်တာနဲ့အတူတူပဲ'' ဟုရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးပညာ ဒီပလိုမာသင်တန်း ကို တက်ရောက်နေသူ ကိုဝေလင်းက စိတ်ပျက် လက်ပျက်ဖြင့်ဆိုသည်။

လာမည့်နှစ်မှစ၍ ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးရေးသင်တန်း (HRD) သင်တန်းများ ဖျက် သိမ်းရမည့် အခြေအနေများတွင် ရောက်ရှိနေ သည်ဆိုသည့် သတင်း နှင့်ပတ်သက်ပြီး ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

''ဒီသင်တန်းတွေဆိုတာက ကျွန်တော် တို့လို အလုပ်တစ်ဖက် နဲ့ပညာလိုချင်သူတွေ၊ ဘွဲ့တွေ တစ်ခုမက ထပ်ယူချင်သူတွေအားထား နေရတဲ့ သင်တန်းတွေပါ။ ပညာရေး ပြုပြင် ပြောင်းလဲမှုမှာ နိုင်ငံသားတိုင်း အစဉ်အဆက် ပညာသင်ကြားခွင့်ဆိုတဲ့ စကားတွေက ဒီသင် တန်းတွေ ဖျက်သိမ်းလိုက်ရင် အကျုံးဝင်မှာ မဟုတ်တော့သလိုပညာရေးပြုပြင် ပြောင်းလဲမှုက အပြောတခြား အလုပ်တခြားဖြစ်မှာပဲလို့ ယူဆ ရတော့မယ်''ဟုကိုဝေလင်းက သူ၏ခံစားချက် ကိုပြောပြသည်။

ဒီသတင်းတွေ ထွက်ပေါ်လာရတဲ့ အကြောင်းအရင်း
********************************************************
HRD သင်တန်းများကို ဖျက်သိမ်းနိုင် ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေဖြစ်ပေါ်လာရ သည်မှာ ယခုနှစ်မှ စတင်ပြီးယင်းသင်တန်း များမှ ရရှိသည့် သင်တန်းကြေးများကိုနိုင်ငံ တော်သို့ အပြည့်အဝပြန်လည် ပေးသွင်းရမည် ဆိုသည့်သတင်းကြောင့် ဖြစ်သည်။

ယင်းသို့သင်တန်းကြေးများကို အပြည့်အဝ ပြန်လည်ပေးသွင်းပြီး သင်ကြားရေးဆရာများ ကိုတော့ တစ်ချိန်သင်လျှင် ကျပ်၅ဝဝသာပေးတော့ မည်ဟုလည်း ဆရာမများထံမှ သိရသည်။

ရန်ကုန်တက္ကသိုလ်မှပါမောက္ခချုပ်ဖြစ် သူဒေါက်တာအောင်သူက'' ကျောင်း ပြင်ပ မှာသင်ရတာ၊ နောက်သင်ထောက်ကူ ပစ္စည်း တွေ ဝယ်ရတာတွေရှိတယ်။ အခုနိုင်ငံတော်ကို အကုန်လုံးသွင်း ရမယ်ဆိုတော့ အားလုံးက မသင်တော့ဘူး ဆိုပြီးဖြစ်ကုန်တယ်။ လက်ရှိ အချိန်ထိတော့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေ ဆဲပဲရှိပါသေးတယ်။ ညှိလို့မရဘူးဆိုရင် ကျွန် တော်အနေနဲ့ သင်ပါလို့ ဆရာမတွေကိုပြော လို့မရပါဘူး။ ကျောင်းချိန်ပြင်ပ ဖြစ်နေလို့ပါ''ဟုပြောသည်။

HRD သင်တန်းများမှ ရရှိသော သင် တန်းကြေးများကို နိုင်ငံတော်သို့ အပြည့် အဝပေးသွင်းရန် ညွှန်ကြားချက်ကိုကြားသိရ သည့် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ် ဘာသာဗေဒဌာနမှကထိကဒေါက်တာတင်နွဲ့ ရီက ''ဒီငွေကျပ် ငါးရာက ဆရာ၊ ဆရာမတွေ အတွက် လုံလောက်မှုမရှိပါဘူး။ အဲဒီအတွက် ဆရာ၊ ဆရာမတွေအနေနဲ့ ဒီသင်တန်းတွေကို ဆက်လက်သင်ကြားလိုစိတ် မရှိတော့ပါဘူး'' ဟုဆိုသည်။

ယင်းကဆက်လက်၍ ''အခုလောလော ဆယ်တော့ ဒီလကစပြီး တစ်ချိန် ၅ဝဝကျပ်ပဲ ရတော့မှာပါ။ ဒီသင်တန်းတွေက အလုပ်အ ကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနေတဲ့ သင်တန်းလေးတွေပါ။ ဆရာတွေ အတွက်ဆိုရင် ဂုဏ်သိက္ခာရှိရှိနဲ့ အပိုဝင်ငွေရတဲ့ သင်တန်း တွေပါ။ ကျောင်းသားတွေဆိုရင်လဲ အလုပ် လုပ်ရင်း ကိုယ့်အရည်အချင်းတိုးတက်အောင် ဈေးသက် သက်သာသာနဲ့တက်လို့ရတဲ့သင် တန်းတွေပါ။ ခုလို တစ်ချိန် ၅ဝဝကျပ်နဲ့ဆိုရင် ဆရာတွေက ဘယ်သင်ချင်မှာလဲ။ ဆရာတွေ ကလဲ မသင်ချင်တော့ဘူးပြောနေတယ်'' ဟု ပြောသည်။

ဆရာများ မသင်ချင်ကြတော့သည့် အ ကြောင်းအရင်းမှာ ပင်ပန်းသည်နှင့် ထိုက်တန် သော လုပ်အားခကို ပြန်လည်မရရှိတော့ သောကြောင့်ဖြစ်သည်ဟု သိရသည်။

ယင်းဆရာများ၏သင်တန်းချိန်များမှာ နံနက်၇နာရီမှ ၉နာရီအထိနှင့် ညနေ၅နာရီမှ ည၇နာရီအထိဖြစ်သည်။၊

နံနက်ပိုင်းတွင် သင်ကြားရမည့်ဆရာတစ် ဦးသည် ကျောင်းနှင့်ဝေးသည့်နေရာမှ လာပါ က နံနက်မိုးမလင်းခင်အိပ်ရာမှထပြီး ကျောင်း သို့ ၇နာရီမထိုးမီ ရောက်အောင်လာရသည်။သင်တန်းသားများမှာလည်း ထိုနည်းလည်း ကောင်း ဖြစ်ပါသည်။

''ဆရာတွေအခုရနေတဲ့ သင်တန်းကြေးတွေ က တစ်လမှ ကျပ်နှစ်သောင်းလောက်ပဲရကြတာ ပါ။ သူတို့ လုပ်ရတာနဲ့စာရင် အလွန်နည်း ပါတယ်။ ဒါကိုမှ အပြည့်ပြန်သွင်းပြီး သူတို့ ပေးချင်သလောက်ပြန်ပေးတဲ့ပုံက မဟုတ်သေး ပါဘူး။ ပြည်သူယုံကြည်တဲ့ ပြည်သူ့ဝန်ထမ်း တွေပါ။ ဒီကိစ္စကိုကြည့်မယ်ဆိုရင် ဗဟိုချုပ်ကိုင် မှု နောက်ထပ်ကြိုးတစ်ချောင်း တိုးလာတယ် လို့မြင်တယ်''ဟု ပုသိမ်တက္ကသိုလ်မှ သမိုင်း ဘာသာ၊ လက်ထောက် ကထိက ဦးသန်းထိုက် အောင်က ပြောသည်။

ရန်ကုန်တက္ကသိုလ်မှဆရာမတစ်ဦးက''ဆရာမတို့သင်တာက ကျောင်းချိန်ပြင်ပသင်တာ ပါ။ အိမ်ကနေ မနက်ကျောင်းကို ၇နာရီစာ သင်နိုင်ဖို့ အစောကြီးထလာရတယ်။ များသော အားဖြင့်တေွာှ့ထေင နဲ့ လာရတာများတယ်။ အခု သူတို့ပေးတဲ့ ပိုက်ဆံက ငါးရာဆိုတာ လက်ဖက်ရည်ဖိုးတောင်မရှိဘူး။ နိုင်ငံတော်ပိုင် သုံးစွဲတာဆိုလို့ ကျောင်းပဲရှိပါတယ်။ သင်ထောက် ကူပစ္စည်းတွေ ဝယ်ရတယ်။ အပြင်ကပညာရှင် တွေခေါ်ပြီး ဟောပြောပွဲတွေလုပ်ရတယ်။အခု အကုန် နိုင်ငံတော်ကို သွင်းရမယ်ဆိုတော့ ဆရာမတို့အနေနဲ့ ဖွင့်လှစ်ဖြစ်မှာ မဟုတ်တော့ပါ ဘူး''ဟုပြောသည်။

HRD သင်တန်းဆိုသည်မှာ
******************************
HRDသင်တန်းဆိုသည်မှာ တက္ကသိုလ် အချို့တွင် လုပ်ငန်းခွင်နှင့် သက်ဆိုင်သော ဘာသာရပ်များ ရှိပါက ယင်းတက္ကသိုလ်၏ကျောင်းချိန်ပြင်ပတွင် နိုင်ငံတော်အတွက် အပို ဘဏ္ဍာငွေရရှိစေရန် ဖွင့်လှစ်သင်ကြားပေးနေ သည့် သင်တန်းများဖြစ်ကာ တက်ရောက်လာ သောကျောင်းသားကျောင်းသူ၊ ဝန်ထမ်းများ ထံမှ သင်တန်းကြေးများ ကောက်ခံ၍ ရရှိလာ သော ငွေကြေး ၇၅ရာခိုင်နှုန်းကိုနိုင်ငံတော်ကို ပေးသွင်းရပြီး ဆယ်ရာခိုင်နှုန်းကို သင်ကြား ပြသရသည့် ဆရာ ဆရာမများအတွက်အချိုးကျ ခွဲဝေပေးရကာ ကျန်၁၅ရာခိုင်နှုန်းကို ကျောင်းရန် ပုံငွေအဖြစ်ထားရှိရကြောင်းသိရသည်။

HRD သင်တန်းများ သင်ကြားပေးနေ သော ဆရာ၊ ဆရာမများသည် သင်တန်းကြေး များအနေဖြင့် အင်္ဂလိပ်စာသုံးလသင်တန်းတစ် ခုသင်ကြားရပါက တစ်လလျှင်ကျပ်နှစ်သောင်း မှ သုံးသောင်းခန့်အထိ ရတတ်ကြောင်း သိရသည်။

ဘာကြောင့် ဒီသင်တန်းတွေကိုတက်ရောက်နေကြတာလဲ
**************************************************************
အဆိုပါသင်တန်းများကို ပုဂ္ဂလိကမှ ဖွင့် လှစ်သင်ကြားနေမှုများရှိသော်လည်း တက် ရောက်သူများမှာ ပုဂ္ဂလိကသင်တန်းကြေးများ ကို မတတ်နိုင်သည့်အတွက် အစိုးရတက္ကသိုလ် များတွင် ဖွင့်လှစ်ထားသည့် ယင်းသင်တန်း များကို အားထားနေရခြင်းဖြစ်ကြောင်း၊ နောက် အကြောင်းတစ်ခုမှာ ပုဂ္ဂလိကမှပေးအပ်သည့် ဘွဲ့ထက် မိမိနိုင်ငံမှအသိအမှတ်ပြုချီးမြှင့်သော ဘွဲ့ကို ပိုမိုလိုချင်ကြ၍သာ တက်ရောက်နေသူ များပြားနေရခြင်းဖြစ်ကြောင်း ကိုဝေလင်းက ပြောသည်။

''ကျွန်တော်က အလုပ်ချိန်နဲ့ အပြင်သင် တန်းတွေကိုတက်ရင် လုံးဝအဆင်မပြေဘူး။ပြီးတော့ ပုဂ္ဂလိက ပေးတဲ့ဘွဲ့ထက်နိုင်ငံ အသိအမှတ်ပြု လက်မှတ်ကိုပိုပြီးတန်ဖိုးထား တဲ့အတွက် ဒီသင်တန်းတွေကိုအားကိုးနေရ တာပါ။ ကျွန်တော်ဆိုရင်နိုင်ငံတကာဆက်ဆံ ရေးကိုတက်ပြီး အင်န်ဂျီအိုတွေမှာ အလုပ် ဝင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ခုလိုဖျက် သိမ်းမယ့် အခြေအနေတွေကြောင့် ကျွန်တော် ရည်ရွယ်ထားတာတွေအလကားဖြစ်ရတော့ မှာ။ အပြင်သင်တန်းတွေကျတော့ဈေးတအား ကြီးတဲ့အတွက် မတက်နိုင်ပါဘူး'' ဟု သူကထပ်မံ ပြောသည်။

ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန်စီစဉ်ထား သည့် နိုင်ငံရေးသိပ္ပံဒီပလိုမာ သင်တန်းသည် လည်း ဖွင့်လှစ်ရန် မသေချာတော့ကြောင်း ရန်ကုန်တက္ကသိုလ် အသိုင်းအဝိုင်းမှ စုံစမ်း သိရသည်။

ယင်းနှင့်ပတ်သက် ပြီးရန်ကုန်တက္ကသိုလ် ဘွဲ့လွန် ဒီပလိုမာ သင်တန်းတက်ရောက်နေသော ကျောင်းသားတစ်ဦးက ''ဒီသတင်းတွေကြား လိုက်ရတဲ့ အချိန်မှာ စိတ်မကောင်းဘူး။တိုင်း ပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို နည်း လမ်းတစ်ခုနဲ့မျိုးသုဉ်းအောင်လုပ်နေတာပဲလို ကျွန်တော်တို့မြင်တယ်။ ချမ်းသာတဲ့သူတွေ အတွက် နိုင်ငံခြားမှာ ကျောင်းသွားတက်လို့ ရတယ်။ နောက်အပြင်မှာ သင်တန်းတွေ တက်လို့ရတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့ သူတွေအတွက်ပညာဆက်လက် လေ့လာတာ က ဒီသင်တန်းတွေက အားထားစရာတစ်ခုပါ'' ဟုပြောသည်။

အပြင်သင်တန်းများထက် ကုန်ကျစရိတ်များစွာ သက်သာ
**************************************************************]
HRD သင်တန်းများကို နှစ်လခွဲ သင်တန်းနှင့် သုံးလသင်တန်းဟူ၍ အမျိုးအ စားခွဲခြားထားပြီး သင်တန်းတစ်ခုလျှင် သင် တန်းကြေးနှစ်သောင်း နှစ်သောင်းခွဲခန့်သာ ကုန်ကျသည့်အတွက်အပြင်သင်တန်းများနှင့် စာလျှင်သင်တန်းကြေးများထက် သုံးပုံတစ်ပုံ ခန့်သာကုန်ကျမှုရှိကြောင်းသိရသည်။

''သင်တန်းကြေးတွေက သက်သာသလို သင်တန်းဆင်းလက်မှတ်ကျတော့ အပြင်နဲ့ တက္ကသိုလ်တစ်ခုကချီးမြှင့်တာဆိုတော့ပါဝါ ကွာတာပေါ့။ ဒီသင်တန်းတွေက အများအဆင် ပြေအောင်ဖွင့်ထားတဲ့သင်တန်းတွေပါ။ နောက် တစ်ခုကအလုပ်ဝင်ခါစ ဆရာ၊ ဆရာမလေး တွေဆိုရင် ဒီသင်တန်းတွေမှာ သင်ကြားရေးအ တွေ့အကြုံယူခိုင်းရင် ပိုအဆင်ပြေတယ်။ သင်တဲ့ဆရာတွေက သင်တန်းတစ်ခုပြီးရင် ရာခိုင်နှုန်းတွက်ပြီး တစ်ခါတည်းထုတ်ပေး တယ်။ တစ်လကိုသုံးသောင်း လောက်ရကြ တယ်။ ဒီသင်တန်းတွေက သူရောကိုယ်ရော အဆင်ပြေတဲ့သင်တန်းတွေပါ''ဟုဒေါက်တာ တင်နွဲ့ရီက ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် လူ့စွမ်းအား အရင်းအမြစ်ဌာနမှ ဖွင့်လှစ်လျက်ရှိသောဘွဲ့ လွန်ဒီပလိုမာသင်တန်းများမှာ၊ အရှေ့တိုင်း ပညာဒီပလိုမာ၊ ကွန်ပျုတာဒီပလိုမာများ၊ နိုင်ငံ တကာဆက်ဆံရေးဒီပလိုမာသင်တန်း၊ ပင်လယ် ရေကြောင်းဥပဒေဒီပလိုမာ၊ အပြည်ပြည်ဆိုင် ရာ ဥပဒေဒီပလိုမာ၊ စီးပွားရေးလုပ်ငန်း ဥပဒေ ဒီပလိုမာ၊ ကျောက်မျက်ခွဲခြားခြင်းဒီပလိုမာများ အပြင် အခြားဒီပလိုမာသင်တန်းများစွာကို လည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ လူ တက်အများဆုံးဘာသာရပ်များမှာ အင်္ဂလိပ် ဘာသာစကားသင်တန်း၊ အမ်ဘီအေ၊ စီးပွား ရေးဥပဒေပညာဘာသာရပ်တို့ဖြစ်ကြောင်းသိ ရသည်။

ဒီသင်တန်းတွေက ဘယ်လိုအကျိုးရှိစေသလဲ
*************************************************
HRD သင်တန်းများမှာ ယနေ့ခေတ် အချိန်အခါနှင့် ပိုမိုကိုက်ညီသောသင်တန်းများ ဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် ယင်းသင် တန်းများနှင့် ပတ်သက်သည်များကို မိမိတို့ တက္ကသိုလ်အလိုက် ဖွံ့ဖြိုးတိုးတက်စေရန် စီမံ ခန့်ခွဲပိုင်ခွင့်များ ပေးအပ်ထားကြောင်း၊ HRD သင်တန်းများကို အစိုးရမှ ဖွင့်သည်ဖြစ်စေ၊ ပုဂ္ဂလိ ကမှဖွင့်သည်ဖြစ်စေသင်ယူသူများအတွက် အကျိုးရှိစေသော သင်တန်းများဖြစ်ကြောင်း မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ မောင်သင်းမှ ပြောကြားသည်။

''အကျိုးရှိလို့ဒီသင်တန်းတွေကို တို့တစ်တွေ ကဖွင့်ပေးထားတာ။ လူတွေဟာ အလုပ်တစ်ဖက် နဲ့မိမိရဲ့ အရည်အသွေးကိုမြှင့်တင်ချင်တယ် ဆိုရင် ဒီလိုသင်တန်းတွေက သူတို့အတွက်သင့် တော်တယ်။ လုပ်ငန်းခွင် ဝင်သွားပြီးရင်လုပ်ငန်း ခွင်မှာကြုံတွေ့နေရတဲ့ပြဿနာကို ဖြေရှင်းရာ မှာ သီအိုရီရော၊ လက်တွေ့ရောတတ်ကျွမ်း ထားရင် ပိုကောင်းတာပေါ့။ ဒီသင်တန်းတွေက ဒီခေတ်ဒီအချိန်နဲ့ဆိုရင် ပိုအသုံးတည့်တဲ့သင် တန်းတွေပါ''ဟုဒေါက်တာမောင်သင်းက ပြော သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း)ဦးမော်သန်းက HRD သင်တန်းများမှာ တက္ကသိုလ်များတွင်မေဂျာအဖြစ် မတက်ရောက် နိုင်သည့်ဘာသာရပ်များကို ဖြန့်ဝေပေးနိုင်သော သင်တန်းများဖြစ်ပြီး ဆရာများအတွက်လည်း အရည်အချင်း မြှင့်တင်ပေးနေသောသင်တန်း များဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

''စီးပွားရေးတက္ကသိုလ်ကို ဝင်ခွင့်ရတဲ့ ကျောင်းသားဆိုရင် အကန့်အသတ်ရှိတယ်။ ဒီ သင်တန်းတွေရှိခြင်းအားဖြင့် စီးပွားရေး တက္ကသိုလ်ကို ရောက်မလာနိုင်တဲ့ကျောင်းသား တွေဟာ စီးပွားရေးပညာနဲ့ပတ်သက်တာတွေ ကိုသိခွင့်ရရှိကြတယ်။ ဒီသင်တန်းတွေသာမရှိ တော့ဘူးဆိုရင် ပညာရပ်တွေကိုဖြန့်ဝေဖို့ကန့် သတ်ချက်တွေရှိသွားလိမ့်မယ်''ဟုဦးမော်သန်း ကပြောကြားသည်။

တက္ကသိုလ်တိုင်းနီးပါးတွင် ဖွင့်လှစ်ထား
********************************************
''ဒီသင်တန်းတွေကနိုင်ငံတော်အတွက် အကျိုးပြုသလို သင်ယူတဲ့ကျောင်းသားတွေ အတွက်ပါ အကျိုးရှိစေတဲ့သင်တန်းတွေပါ။ ဒီသင်တန်းတွေကို များများဖွင့်နိုင်လေလေ နိုင်ငံ အတွက် အကျိုးပြုလေလေပါပဲ။ ဖွင့်လို့မရသေး တဲ့တက္ကသိုလ်ကောလိပ်ကတော့မရှိသလောက် ကိုဖြစ်နေပါပြီ။ တက္ကသိုလ်တိုင်းနီးပါးမှာ ဒီသင် တန်းတွေရှိနေပြီ''ဟုအဆင့်မြင့်ပညာဦးစီးဌာန မှအရာရှိတစ်ဦးက ပြောသည်။

အဆိုပါသင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်သည် ဒေသတစ်ခုတွင် လိုအပ်သော အတတ်ပညာများကိုဦးတည်၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းတက်ရောက်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းအတွက်လည်း အထောက် အကူပြုနေသောသင်တန်းများဖြစ်ကြောင်း သိရသည်။

''ဒီသင်တန်းတွေက ဆင်းတဲ့ကျောင်းသား တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက်ကိုလဲ လူကြီးတွေက စီစဉ်ပေးဖို့လုပ် နေကြပါတယ်။ ဥပမာဘာသာစကားသင်တန်း ကျောင်းတွေကဆင်းတဲ့ကျောင်းသားတွေကို Tour ကုမ္ပဏီတွေနဲ့ အလုပ်ရအောင်ချိတ်ပေး တာမျိုးတွေပေါ့။ ပြီးတော့အခြားသင်တန်းတွေ ဖြစ်တဲ့ စီးပွားရေး ဘာသာရပ်နဲ့သက်ဆိုင်တဲ့ သင်တန်းဆင်းတွေ အတွက်ရော၊ ဟိုတယ်ဘာ သာရပ်နဲ့သက်ဆိုင်တဲ့ သင်တန်းဆင်းတွေ အတွက်ရော၊ အလုပ်အကိုင်ရရှိနိုင်ဖို့၊ လုပ်ငန်းရှင် တွေ၊ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက် နေပါပြီ''ဟုယင်းက ထပ်မံပြောသည်။

HRD သင်တန်းများကိုဖွင့်လှစ်သည့် တက္ကသိုလ်ကောလိပ်များမှာ သင်တန်းချိန်ကို နံနက်၇ နာရီခွဲမှ ၉နာရီအထိလည်းကောင်း၊ ညနေ၅နာရီမှ ၇နာရီအထိလည်းကောင်းဖွင့် လှစ်သင်ကြားပြီး၊ ယင်းသင်တန်းများသို့ တက္ကသိုလ်ကျောင်းသားကျောင်းသူများအပြင်၊ ကုမ္ပဏီဝန်ထမ်းများပါ တက်ရောက်သင်ကြား ကြကြောင်း သိရသည်။

ဘွဲ့လွန်ဒီပလိုမာသင်တန်းများဖွင့်လှစ် သည့်အချိန်မှာ နှစ်စဉ်ဇွန်လတွင်ဖြစ်ပြီး ဧပြီ၊ မေလများတွင် ကျောင်းလျှောက်လွှာများခေါ် လေ့ရှိကာ သင်တန်းချိန် အများစုမှာ နံနက်၇ နာရီမှကိုးနာရီသင်တန်းများဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

နိုင်ငံတော်အတွက် အပိုဘဏ္ဍာငွေရရှိ စေရန် တက္ကသိုလ် ဒီဂရီကောလိပ်အချို့တွင် ကျောင်းချိန်ပြင်ပ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးမှုသင်တန်း (HRD) များကို ၁၉၉၈ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ နိုင်ငံလုံးရှိတက္ကသိုလ် ဒီဂရီကောလိပ်များတွင်၂ဝ၁၃-၂ဝ၁၄ ပညာ သင်နှစ်အထိ သင်တန်းအစီအစဉ်ပေါင်း ၂ဝဝ အထိဖွင့်လှစ်သင်ကြားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများမှာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကိုအားပေးသည့် အထောက်အကူ ပြုသင်တန်းများဖြစ်သည့်အပြင်ဆရာ၊ ဆရာမ များ၏စေတနာ၊ မေတ္တာများဖြင့် ဖွင့်လှစ်ပေး ထားသည့် သင်တန်းများဖြစ်သည်ဆိုရင်လည်း မမှားပေ။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေရန်အ တွက် နိုင်ငံတကာတွင်လည်း အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်များလည်း ရှိပါသည်။

HRD ကဏ္ဍမှာ နိုင်ငံဖွံ့ဖြိုးမှုအတွက် မည် မျှအထိ အထောက်အကူပြုနိုင်သည် ဆိုခြင်းကို လည်း မြန်မာနိုင်ငံမှ ယင်းနှင့်ပတ်သက်သည့် သင်တန်းများစွာ ဖွင့်လှစ်လျက်ရှိသည့် MHR သင်တန်းကျောင်းအုပ်ကြီး ဦးအေးကျော်၊
နိုင်ငံတော်သမ္မတအကြံပေးဒေါက်တာအောင်ထွန်းသက်တို့ကလည်း ဟောပြောပွဲများစွာတွင် တိုက်တွန်းပြောကြားထားသည်များလည်း ရှိ ပါသည်။

သို့ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် အ ဆိုပါသင်တန်းများနှင့်ပတ်သက်၍ ပြန်လည်သုံး သပ်ပြီး ယခုထက် ပိုမိုကျယ်ပြန့်စွာဖွင့်လှစ်နိုင် ရန်အတွက် အားပေးသင့်ပါကြောင်း တိုက် တွန်းရေးသားလိုက်ရပါသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...