စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘောင်ဘင်ခေတ်သံများ


                               
မပြည့်တဲ့အိုး ဘောင်ဘင်ခတ်။ ~မြန်မာစကားပုံ~

ရေမပြည့်သော အိုးများသည် ဘောင်ဘင်ခတ်တတ်သည်။ ရေပြည့်နေသော အိုးများသည် ဘောင်ဘင်မခတ်။ လျှံသာ လျှံကျတတ်၏။ သို့သော် ထည့်သွင်းစဉ်းစားရန် လိုသည်က ရေတစ်စက်မျှမရှိသည့် အိုးများသည်လည်း ဘောင်ဘင် မခတ်တတ်ခြင်းပင် ဖြစ်ပါသည်။ သူတို့က ဘောင်ဘင်မခတ်တတ်ဘဲ ဟောင်းလောင်းပေါက်ကြီး အဆံချောင်နေ၏။ ရှင်းရှင်းပြောရလျှင် ဘောင်ဘင်ခတ်နိုင်စွမ်း မရှိ။ ၎င်းတို့ ဘောင်ဘင်မခတ်ခြင်းသည် ရေပြည့်နေလို့မဟုတ်။ ခတ်စရာ “ရေတစ်စက်မျှမရှိ” ခြင်းကြောင့် ဖြစ်ပါသည်။ ဘောင်ဘင်ခတ်သည့် အိုးတစ်အိုးဖြစ်ဖို့ အနည်းဆုံး ရေ “ဖင်ကပ်” လောက်တော့ ရှိရပါလိမ့်မည်။ သို့မှသာ ပလုံပလုံ ဘောင်ဘင်ခတ်သံလေးများ တလွင်လွင် ထွက်ပေါ်လာနိုင်သည်။ တစ်နည်းအားဖြင့် ဘောင်ဘင်ခတ်ခြင်းသည် ရေအနည်းငယ်တော့ ရှိကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပါသည်။

မိန်းမတို့သည် ကွေ့ကောက်တတ်သည်ဟု ဆို၏။ မိန်းမဟူသည် လူသားများသာဖြစ်ရာ လူတို့သည် ကွေ့ကောက်တတ်သည့် သဘာဝ ရှိသည်ဟုဆိုလျှင်လည်း မှားမည်မထင်။ စကားမစပ် ဤနေရာတွင် လူဟူသမျှ မိန်းမရော ယောက်ျားပါ ကွေ့ကောက်တတ်သည်ချည်းအတူတူ မိန်းမကိုမှ ကွေ့ကောက်သည်ဟူသော စကားရပ်ထွက်ပေါ်လာခြင်းမှာ ယောက်ျားအသိုင်းအ၀ိုင်းမှ အခြေခံအမြစ်တွယ်လာခဲ့ခြင်း ဖြစ်ကြောင်း ကျွန်တော် ရမ်းသမ်းစွပ်စွဲပါမည်။ ဤသို့ ရမ်းသမ်းစွပ်စွဲခြင်းသည်လည်း သဘောကောင်းသည့် မိန်းကလေး တစ်ယောက်ယောက်ကများ ကြင်နာလာလိမ့်မလားဟု အခမဲ့ရှေ့နေလိုက် ပေးနေခြင်း မဟုတ်ကြောင်း မည်သူမျှ တိုက်စစ်မဆင်ပါပဲ ကြိုတင်ခုခံထားပါမည်။ လိုရင်းပြန်ကောက်ရလျှင် လူတို့သည် ကွေ့ကောက်တတ်သည့် သဘာဝရှိသည့်အလျောက် အိုးများသည်လည်း လူနှင့်ပမာပြုလိုက်မိသည်နှင့် တစ်ပြိုင်နက် ကွေ့ကောက်သွားကြတော့၏။ 


မပြည့်တဲ့အိုး ဘောင်ဘင်ခတ်ခြင်းသည် ခပ်သာသာ နှိမ်လိုက်ခြင်းပင်ဖြစ်ရာ ရေတစ်စက်မျှမရှိသော အိုးတို့သည်လည်း ပြည့်သည့်အိုးဖြစ်သယောင်ယောင် ဟန်ဆောင်ပန်ဆောင် လုပ်နိုင်ကြတော့သည်။ ရေရှိသယောင် နှုတ်ဆိတ်နေတတ်ကြသည်။ ထိုထက်ပို၍ “တိတ်တိတ်နေထောင်တန်” ဟူသည့် အခြား ဆိုရိုးစကားများနှင့် အားဖြည့်လိုက်သောအခါ “ပါးစပ်” ဟူသည့် အင်္ဂါသည် ထမင်းစားခြင်းနှင့် ရေသောက်ခြင်းမှတစ်ပါး တခြားလုပ်စရာ မရှိတော့သလို ဖြစ်သွားရသည်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်ဟူသည့်စကားကို ရေလျှံနေသည့် အိုးကြီးတွေက ပြောသလား၊ လမ်းဘေးသောက်ရေအိုးစင်က ရေဖြည့်ပေးမည့်အလှူရှင်မရှိသည့် အိုးကပြောသလား၊ ဘယ်အိုးက ပြောသနည်း စဉ်းစားကြည့်ရန် လိုအပ်သည်။

မလုံလောက်သော ဗဟုသုတသည် အန္တရာယ်ရှိ၏။ သို့တိုင်အောင် မည်သူမည်ဝါသည် လုံလောက်သည့် အသိပညာဗဟုသုတ ရှိပါသနည်း။ လူ့သက်တမ်းသည် တိုတောင်းလွန်းလှသည်။ လူတို့သိစရာ အရာများသည် များပြားလွန်းလှသည်။ အသိဉာဏ်ပညာအရာတွင် “လုံလောက်သည်” ဆိုသည့်စကားလုံး သုံးစွဲနိုင်သည်အထိ လူတစ်ယောက်သည် အသက်ရှင်နေထိုင်နိုင်ခြင်းမရှိ။ မိမိသိသည့်အရာကို သိသလောက်ပြောမည်။ သိသလိုပြောမည်။ ဤအသံများသည် ဘောင်ဘင်ခတ်သံများလား။ ဤသို့ဆိုလျှင် သာယာသော ဘောင်ဘင်ခတ်သံများပင် ဖြစ်ပါလိမ့်မည်။ ယဉ်ကျေးမှုနှင့် ဆန့်ကျင်ဖီလာမဖြစ်လျှင်၊ မိမိထင်မြင်သည့်အရာကို ထုတ်ဖော်ပြော ဆိုနိုင်ခြင်းသည် “အခွင့်အရေးတစ်ရပ်” ဖြစ်ပါသည်။ ထင်ရှားသည့်ဥပမာတစ်ခုပြရလျှင် မြန်မာနိုင်ငံသားအားလုံး မိမိတို့၏ ထင်မြင်ချက်ကို ရဲရဲရင့်ရင့် ထုတ်ဖော်ဝန်ခံခွင့် ရရှိပြီး၊ ကျားကုတ်ကျားခဲ တောင်းဆိုခွင့်ရှိခဲ့လျှင် ဘာဖြစ်မည်လဲ ချိန်ထိုးစဉ်းစားကြည့်ရန် လိုသည်။ ထင်မြင်ချက်သည် ထင်မြင်ချက်သာဖြစ်သောကြောင့် ထုတ်ဖော်ပြောဆိုဖို့ “အခွင့်အရေး” ရှိနေခြင်း ဖြစ်ပါသည်။ သူတစ်ပါးအား ထိခိုက်နစ်နာမှု မရှိစေရန်သာ လိုအပ်သည်။

အခြားတစ်ဘက်ကပြန်ကြည့်သော် မင်းတုန်းမင်း၏ ဘုန်းတော်ဘွဲ့ကို မင်းတုန်းမင်းကိုယ်တိုင် ဖွဲ့၍ မရ။ စာဆိုတော်တစ်ဦးဦးက ဖွဲ့ဆိုပြရပေလိမ့်မည်။ ထိုစာဆိုတော်သည်ပင် “မောင်မင်း... ငါကိုယ်တော်မြတ်ရဲ့ ဘုန်းတော်ဘွဲ့တွေကို သီကုံးစေ... အမိန့်တော်…” ဟု မင်းတုန်းမင်းကိုယ်တိုင် မိန့်ထားသည်လား စဉ်းစားရပေဦးမည်။ ထိုစာဆိုတော် ဖွဲ့ထားသည့် “ဘုန်းတော်ဘွဲ့” သည်ပင် “စာဆိုတော်တစ်ဦး၏ မင်းတုန်းမင်းကြီး၏ ဘုန်းတော်ဘွဲ့” သာဖြစ်ပေသည်။ “မင်းတုန်းမင်း ဘုန်းတော်ဘွဲ့” မဟုတ်တော့။ ထို့အတူ အခြားစာဆိုတော် တစ်ဦးဦးမှလည်း မင်းတုန်းမင်းကြီး၏ ကာမဂုဏ်စည်းစိမ်ကို ဖွဲ့ပေလိမ့်မည်။ တစ်ယောက်တစ်ပေါက် ဖွဲ့ဆိုခြင်းများ၏ အလယ်တွင် အမှန်တရားနှင့် ရုပ်ချင်းဆင်သည့်အရာတစ်ခုတော့ ရှိနိုင်ကောင်းသည်။ ဤအရေးအသားတို့မှ မင်းတုန်းမင်းဆန်ဆန် ပုဂ္ဂိုလ်တစ်ဦး၏ ပုံရိပ်ကို နှောင်းလူများ မှန်းဆကြည့်နိုင်ပါလိမ့်မည်။ ဤသို့ “ငါ့စကားနွားရ” အယူအဆကို ခုခံထားနိုင်လျှင် ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ဘောင်ဘင်ခတ်ခွင့် ရနိုင်ကောင်းသည်။ သို့မဟုတ်ပြန်လျှင်လည်း တစ်လောကလုံး ပလုံပလုံအသံများ ဆူညံပြီး ရေတစ်စက်မျှ ကျန်တော့မည်မဟုတ်ပါ။

သူငယ်ချင်းတစ်ယောက်က “မင်းက ထင်ရာတွေ စွတ်ပြောလွန်းတယ်” ဟု ကျွန်တော့်ကိုပြောချိန်တွင် “ထင်ရာတွေမပြောကြေးဆိုရင်တော့ မင်းခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ကျွန်တော် မထင်သည့်အရာကို ပြန်ပြောမိခဲ့သည်။ လူတစ်ယောက်ကို မင်းထင်ရာတွေ မပြောနဲ့ဟု ပြောလျှင် သူ့အနေဖြင့် မထင်ရာကိုသာ ပြောဖို့ကျန်တော့သည်။ “အိုဘားမားဟာ ကျွန်တော်နဲ့ခပ်ဆင်ဆင်ပါ” ဟု ပြောသောသူသည် အင်ဒိုနီးရှားနိုင်ငံမှ ကုလားဆင်လေးတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်ကလည်း တူသည်ဟု ထင်ပါသည်။ ဘာပြဿနာများရှိပါသလဲ။ ရုပ်ရည်ချင်းဆင်တူချင်းသာရှိပြီး သူက သမ္မတတက်လုပ်ခွင့်ရှိသည် မဟုတ်။ လိုရင်းပြောရလျှင် ထင်ရာကိုပြောခြင်းသည် “အကျိုးတစ်စုံတစ်ရာအတွက် မိမိမထင်သည့်အရာကို ပြောနေရခြင်းထက် ပို၍ကောင်းပါသည်။ ပို၍ အပြစ်ကင်းပါသည်” ပါးစပ်ပေါက်ပါသည့်အတွက် ပြောမိပါသည်။


 စာ (အနည်းငယ်) ရေးတတ်သည့်အတွက် အခု ရေးနေပါသည်။ ထို့ကြောင့် ပလုံပလွမ် အသံလေးများ ထွက် (သည်ဟုယူဆ) နိုင်ပါသည်။ မျောက်တစ်ကောင်ဆီမှ ထွက်သည့်အသံသည် မျောက်အသံသာ ဖြစ်ပါမည်။ မျောက်တို့တွင်လည်း ထင်ရာလုပ်ခွင့်ရှိသည့်မျောက်နှင့် မထင်သည့် အရာများကိုသာ ငှက်ပျောသီးအတွက် လုပ်ပြနေကြရသည့် မျောက်များ ရှိပါသည်။ ဆပ်ကပ်ဆရာ၏ ပယောဂမပါဘဲ အနောက်ကျွမ်းထိုးသည့် မျောက်များကို လက်ခုပ်တီး အားပေးပါမည်။ အခုမြည်နေသည့် ဘောင်ဘင်ခတ်သံများသည် အိုးကို ကိုယ်တိုင်လှုပ်ယမ်းလိုက်၍ ထွက်ကျလာသော အသံများသာ ဖြစ်ပါသည်။
တေဇာ


https://www.facebook.com/photo.php?fbid=10204454409233057&set=a.105599277284

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...