စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်လစာဘာလို့မတိုးသေးတာလဲ?



ဒီမေးခွန်းကတော့ဝန်းထမ်းတွေအားလုံးနဲ့ရင်းနှီးလောက်မယ့်မေးခွန်းမျိုးဖြစ်
ပါတယ်။ တစ်ချို့တွေက အလုပ်ကို အရမ်းကြိုးစားတယ်။ လစာတိုးပေးခြင်းမခံရဘူး။ တစ်ချို့တွေက အလုပ်လည်းမကြိုးစားဘူး။ ဒါပေမယ့်လစာတိုးပေးစေချင်တယ်။ အချို့ကကျတော့ အလုပ်လည်းမကြိုးစားဘူး။ ဒါပေမယ့် ဘယ်လိုမှန်းမသိလိုက်ရပဲ လစာတိုးသွားကြတယ်။ ဒါတွေက မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ ရင်းနှီးပြီးသား အတွေးတစ်စပါပဲ။ ဒါပေမယ့် ဒါတွေကိုဘယ်လို တွန်းလှန်ကြမလဲ? ဘယ်လိုလုပ်မှ လစာတိုးမှာလဲ? နည်းလမ်းရှိပါတယ်။ စကားပုံတစ်ခုရှိပါတယ်။“If there is a will, there is a way” တဲ့။ လိုလျှင်ကြံဆနည်းလမ်းရတဲ့။ ဒီတော့သင့်လစာတိုးအောင်ဘယ်လို လုပ်သင့်လဲဆိုတာကို ကျွန်တော်သိသလောက်အကြံပေးပါရစေ။

ပထမဆုံးလစာဆိုတာကို အဓိပ္ပါယ်ဖွင့်ပါမယ်။ လစာဆိုတာကတော့ သင့်တန်ဖိုး၊သင့်အရည်အချင်းကိုသတ်မှတ်ထားတဲ့ငွေကြေးတစ်ခုပါ။ တစ်ခါတစ်လေ သင့်လစာက သင့်တန်ဖိုးထက်နိမ့်တယ်လို့ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့တွေလစာဘာလို့များတာလဲ?(သာပေါင်းညာစားများမပါ၊လူကြီးဖားသောသူများမပါ)။ အကြောင်းအရင်းရှိပါတယ်။ လစာဆိုတာသင့်ရဲ့တန်ဖိုးလို့အဓိပ္ပါယ်ရရင် လစာတိုးဖို့ဆိုတာသင့်ရဲ့တန်ဖိုးကို အရင်တက်အောင်လုပ်ဖို့လိုပါတယ်။
တန်ဖိုးကိုတက်အောင်လုပ်သောသူနဲ့မတက်အောင်လုပ်သောသူကို
ခွဲခြားပြပါမယ်။

တန်ဖိုးတက်အောင်လုပ်သောသူဆိုတာက သူရောက်တဲ့နေရာ၊ အလုပ်ခွင်တိုင်းမှာ ပျော်သည်ဖြစ်စေ၊မပျော်သည်ဖြစ်စေ၊
သူ့အတွက်တိုးတက်နိုင်မယ့်အရာမှန်သမျှကို ကြိုးစားသင်ယူပါတယ်။ လူတိုင်းနဲ့တည့်အောင်ပေါင်းတယ်။ လူတိုင်းဆီက ပညာကိုတလေးတစား နဲ့ရအောင်ယူတယ်။ သူများတွေက “ဒီကုမ္ပဏီမှာအလုပ်ကြိုးစားလည်း လစာမတိုးပါဘူးကွာ”လို့ ပြောနေသည့်တိုင်အောင် သူ့အလုပ်နဲ့ပက်သက်လာရင် ဘယ်တော့မှ တာဝန်မပျက်စေဘူး။ တာဝန်မပျက်တဲ့အပြင်
သူများထက်ထူးချွန်အောင်ကြိုးစားတယ်။ သူရဲ့ရည်မှန်းချက် ကသူ့ရဲ့ကိုယ်ရည်ကိုယ်သွေး၊စွမ်းဆောင်ရည်၊တန်ဖိုး စတဲ့ရာတွေတက်ဖို့က အမြဲပထမဖြစ်နေပါတယ်။ လစာတိုးဖို့ကဒုတိယပါ။ ဘာလို့လည်းဆိုတော့ သူခံယူထားတာက “အရည်အချင်းသာရှိပါစေ အလုပ်အကိုင်မရှားဘူး၊ လိုချင်သူမရှားဘူး”ဆိုတာပါပဲ။ အကျိုးဆက်အနေနဲ့အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အရေးပါမှုက ကုမ္ပဏီမှာမြင့်တက်လာပါတယ်။ စဉ်းစားချင့်ချိန်ဥာဏ်ရှိတဲ့ အလုပ်ရှင်တိုင်း ထိုဝန်ထမ်းမျိုးကိုလစာတိုးပေးပါတယ်။ လစာမတိုးပေးဘူးဆိုရင်လည်း သူ့အတွက်စိတ်ပူစရာမလိုတော့ပါဘူး။
ထိုအချိန်မျိုးမှာ သူ့ကိုလစာပိုပေးပြီးခေါ်ယူချင်တဲ့ ကုမ္ပဏီတွေရှိနေပါပြီ။ ဒါကတော့ မဆုတ်မနစ်ကြိုးစားချင်းရဲ့ရလဒ်ပါ။တန်ဖိုးတက်အောင်မလုပ်သောသူဆိုတာ
ကတော့ သူရောက်တဲ့နေရာ၊အလုပ်ခွင်တိုင်းမှာ တာဝန်ကျေရုံလုပ်မယ်၊
သူ့အမြဲစဉ်းစားတာက“ငါကြိုးစားလည်း ဘာမှမထူးပါဘူး” ဆိုတာပါပဲ။ အဲ့ဒါက အောင်မြင်သူတွေနဲ့ကွာခြားတဲ့အချက်ပါ။ အောင်မြင်သူတွေက ဘာလုပ်လုပ်ကြိုးစားရင် ထူးခြားရမယ်ဆိုတဲ့ ယုံကြည်ချက်ပြင်းထန်တယ်။ တစ်နာရီ မိုင်၁၃၀ရှိတဲ့ ဆိုင်ကလုန်းမျိုးတိုက်ရင်တောင် သူတို့ယုံကြည်ချက်ယိုင်သွားမှာမဟုတ်ဘူး။ ကျရှုံးသူတွေက “နှမ်းတစ်စေ့နဲ့ဆီမဖြစ်ပါဘူး” လို့တွေးတယ်။ အောင်မြင်သူတွေက “နှမ်းစေ့တိုင်းမှာသာ အဲ့ဒိစိတ်မျိုးရှိရင် ဆီပိုလို့တောင်မဖြစ်နိုင်ဘူး”လို့တွေးတယ်။
ကျရှုံးသူတွေကအခြားအရာတွေကိုပြောင်းလဲဖို့အရင်ကြိုးစားတယ်။ အောင်မြင်သူတွေက သူတို့ကိုသူတို့ အရင်ပြောင်းဖို့စကြိုးစားတယ်။

ဥပမာတစ်ခုပြောပြပါ့မယ်။ကျွန်တော်ရေကြောင်းသိပ္ပံတက်ခဲ့တုန်းကအဖြစ်အပျက်လေးပါ။ ကျွန်တော်တို့ကျောင်းမှာက အဆင့်Top(10)၀င်ရင် သင်္ဘောပေါ်ကို အရင်က Agent Feeပေးစရာမလိုပဲ ပို့ပေးတယ်။ ဒီတော့ ကျွန်တော်လည်း
ကြိုးစားတာပေါ့။ အဆင့်(7) ရခဲ့တယ်။ဒါပေမယ့် ဘာဆုလဒ်မှမရခဲ့ဘူး။ ကိုယ့်ဘာသာ Agent Fee သိန်း(၂၀)ပေးပြီး သင်္ဘောပေါ်တက်ခဲ့ရတယ်။ ကျွန်တော်ကြိုးစားခဲ့တာတွေ အလကားပဲလို့သူငယ်ချင်းတွေကပြောကြတယ်။
ကျွန်တော်ကတော့ အဲ့ဒိစကားကိုလက်မခံပါဘူး။ ကျွန်တော်ကျောင်းတုန်းက သင်ခဲ့ရတဲ့စာတွေကို လုံးဝစိတ်မ၀င်စားခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်စိတ်မ၀င်စားခဲ့တဲ့အရာတွေမှာတောင် ကျွန်တော်အကောင်းဆုံး
လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်ရလိုက်တဲ့ ဆုလာဒ်က “စိတ်မပါတဲ့အရာတွေကိုတောင် အကောင်းဆုံးလုပ်နိုင်ခြင်း”
ဆိုတဲ့စွမ်းဆောင်ရည်ပါ။

နောက်တစ်ခုက ကျွန်တော်(၁၀)တန်းလောက်ကတည်းက Englishစာကို တစိုက်မတ်မတ်လေ့လာခဲ့တယ်။ ရေကြောင်းသိပ္ပံပြီးလို့ သင်္ဘောပေါ်တက်ဖို့စောင့်နေတုန်းကလည်း ကျွန်တော်ကြိုးစားခဲ့တယ်။
အဲ့ဒိအချိန်ကသူငယ်ချင်းတွေပြောခဲ့တာက မင်းသင်္ဘောသားလုပ်မှာ “Englishစာအရမ်းကြီးကျွမ်းဖို့မလိုပါဘူးကွာ”တဲ့။ ကျွန်တော်ပြန်ပြောခဲ့တာက “ငါ Englishစာကို သင်္ဘောတက်ဖို့လေ့လာတာမဟုတ်ဘူး၊
စာမေးပွဲအတွက်လည်းမဟုတ်ဘူး၊အင်တာဗျူးအတွက်လည်းမဟုတ်ဘူး၊ ငါ့ဘ၀အတွက်လေ့လာနေတာပါ” ဆိုတဲ့စကားပါပဲ။ ကျွန်တော်သင်္ဘောပေါ်ကပြန်ရောက်တဲ့အချိန်မှာ အလုပ်အကိုင်ပြောင်းဖို့စဉ်းစားခဲ့ပါတယ်။ အခုတော့ ကျွန်တော်ဝါသနာပါတဲ့ စာရေးခြင်း၊ဘာသာပြန်ခြင်း၊ Englishစာသင်ခြင်းဆိုတဲ့ အလုပ်တွေနဲ့ ၀င်ငွေကောင်းကောင်း ရနေပါပြီ။ ဒါကကျွန်တော်ဝေဖန်မှုတွေကြားထဲက မဆုတ်မနစ်ကြိုးစားခဲ့တဲ့ အကျိုးကျေးဇူးပါ။ ကျွန်တော်က
ကျွန်တော့်ကို ကျွန်တော်အောင်မြင်သူတစ်ယောက်လို့ အမည်နာမတပ်နေတာမဟုတ်ပါဘူး။ အောင်မြင်ဖို့ ကြိုးစားနေတဲ့
ကျွန်တော့်ဘ၀ရဲ့ တက်လှမ်းမှုအချို့ မှာ ကျွန်တော့်ရဲ့ကြိုးစားခဲ့မှုတွေက ဘယ်လောက်အရာထင်ကြောင်းဝေမျှနေတာပါ။

လူတစ်ယောက်ရဲ့ဝင်ငွေတိုးဖို့ဆိုတာ သူ့ရဲ့တန်ဖိုးတိုးတက်လာမှုပေါ် မူတည်ပါတယ်။ သင်ရောဘယ်လိုလူမျိုးထဲ ပါဝင်ပါသလဲ? သင်က ရုံးမှာပုံမှန်သာလုပ်ပြီးလစာမတိုးရင်ပြစ်တောက်ပြစ်တောက်နဲ့ ပြောတတ်တဲ့သူမျိုးလား? ဒါမှမဟုတ် လစာမတိုးရင်သင်ဘာလိုအပ်နေသေးလဲ ပြန်တွေးတတ်တဲ့သူမျိုးလား? ဒါမှမဟုတ် သင်ကအရမ်းကြီး
အလုပ်ကြိုးစားခဲ့ဖူးပြီး ဘာမှမတိုးတက်လို့ သူငယ်ချင်းတွေရဲ့ “အဲ့ဒိလောက်ကြိုးစားဖို့မလိုပါဘူးကွာ”ဆိုတဲ့စကားမှာ ပျော်ဝင်သွားတာလား? သင်အလုပ်တွေအရမ်းကြိုးစားရဲ့သားနဲ့ လစာမတိုးလာဘူးလား?

တစ်ခါတုန်းက ရုံးတစ်ရုံးမှုာ အရမ်းကြိုးစားတဲ့ဝန်ထမ်းတစ်ယောက်နဲ့ သာမန်သာကြိုးစားတဲ့ဝန်ထမ်းတစ်ယောက်ရှိပါသတဲ့။ တစ်နေ့မှာတော့ သာမန်သာကြိုးစားတဲ့ ၀န်ထမ်းကလစာတိုးသွားပါတယ်။ အရမ်းကြိုးစားတဲ့ ၀န်ထမ်းကတော့မတိုးပါဘူး။ ဒါနဲ့ အရမ်းကြိုးစားတဲ့ဝန်ထမ်းက မကျေနပ်တာနဲ့ သူဌေးကိုသွားမေးပါတယ်။ ထိုအချိန်မှာတော့ သူဌေးကအကြောင်းရင်းကို
ပြောပြပါမယ်၊ဒါပေမယ့် အရင်ဆုံး ဈေးထဲသွားပြီး လိမ္မော်သီးဈေးကိုသွားစုံစမ်းပေးပါလို့ ပြောပါတယ်။ ဒါနဲ့
ထိုဝန်ထမ်းလည်း ဈေးထဲကိုသွားပြီးလိမ္မော်သီးဈေးကို စုံစမ်းခဲ့ပါတယ်။ ထို့နောက်မှာတော့ လိမ္မော်သီးတစ်လုံးကို ၁၂၀ကျပ်ရှိကြောင်းစုံစမ်းလာခဲ့ပါတယ်။

ထို့နောက်မှာတော့ သူဌေးက သာမန်သာကြိုးစားတဲ့ဝန်ထမ်းကို
ခေါ်ပြီးလိမ္မော်သီးဈေးကို ဈေးထဲမှာသွားစုံစမ်းပါတယ်။ ထိုဝန်ထမ်းပြန်ရောက်လာတဲ့အချိန်မှာပြောလိုက်တဲ့စကားကတော့
“ဆရာရေ၊ လိမ္မော်သီးဆိုင်က ဒီနေ့ဈေးပိတ်ရက်မို့လို့ ၂ဆိုင်ပဲရှိပြီး တစ်ဆိုင်ကတော့ တစ်လုံးကို ၁၂၀ကျပ်နဲ့ ၁၀လုံးဝယ်ရင်
၁၀၀၀နဲ့လျော့ပေးနိုင်ပါတယ်။ အလုံး၁၀၀၀ယ်ရင်တော့ ၁၀လုံးအပိုပေးမှာဖြစ်ပါတယ်။ အခြားတစ်ဆိုင်ကတော့
အလုံးသေးပါတယ်။ ဒါကြောင့်ဈေးကပိုချိုပါတယ်။တစ်လုံးကို ၁၀၀ကျပ်နဲ့ဝယ်နိုင်ပြီး ၁၀လုံးဝယ်ရင် ၈၀၀ကျပ်နဲ့
ဝယ်နိုင်ပါတယ်။ အလုံးတစ်ရာဝယ်ရင်တော့ အလုံး၂၀လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဒါမှမဟုတ်
မနက်ဖြန်ဈေးဖွင့်ရက်ကိုစောင့်ရင်တော့ အလုံးကြီးကြီးတစ်လုံးမှ ၁၀၀ကျပ်ပဲရှိပါတယ်။ မနက်ဖြန်မှာဝယ်ရင်တော့
လိမ္မော်သီးကောင်းလည်းရပြီး ဈေးလည်းသက်သာမှာဖြစ်ပါတယ်”။ ဒီအချိန်မှာတော့ အလုပ်ကြိုးစားတဲ့ဝန်ထမ်းလည်
ဘာလို့သူ့လစာမတိုးလဲဆိုတာကိုသဘောပေါက်သွားပါတယ်။

အလုပ်ကြိုးစားပြီးပါးနပ်ကာ လစာအမြန်ဆုံးတိုးနိုင်ကြပါစေ။

မိုးရှင်း (I.M.T)
www.work.com.mm


https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...