စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလှတရားကို ၀ယ်ယူခြင်း


ပြည်တွင်း၌ မျက်နှာနှင့် ခန္ဓာကိုယ်များ ခွဲစိတ်ပြုပြင်အလှဖန်တီးပေးသော ၀န်ဆောင်မှုများ ပေါ်လာသောအခါ နှာခေါင်းနှင့် မေးရိုးလှရန် ခွဲစိတ်ပြုပြင်မှုအများဆုံး ပြုလုပ်
Dr.face Skin& Beauty မှ အလှပြုပြင်နေသော အမျိုးသမီးတစ်ဦး/ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ခေတ်မီနိုင်ငံများကဲ့သို့ မျက်နှာနှင့်ခန္ဓာကိုယ်ကို ခွဲစိတ်ပြုပြင်အလှဖန်တီးသော ခွဲစိတ်ကုထုံးအလှပြုပြင်ခြင်းများ ပြည်တွင်း၌ လူငယ်များကြား တဖြည်းဖြည်းချင်း ခေတ်စားလာနေသည်။ မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း အများဆုံးပြုပြင်ကုသနေသည့် အစိတ်အပိုင်းများမှာ နှာခေါင်းဆီလီကွန်ထည့်ခြင်းနှင့် မေးရိုးဗီရှိတ်သဏ္ဌာန် ပြုပြင်ခြင်းတို့ဖြစ်သည်။

ထို့အပြင် ၀က်ခြံထွက်ခြင်းကို လာရောက်ကုသသည့် လူငယ်များမှာ ယခင်ထက်များပြားနေသည်။
ပြုပြင်ခွဲစိတ်မှုများ၏ ကုန်ကျစရိတ်များက အခြေခံလူတန်းစားအတွက်မူ ကုသရန်ခက်ခဲပါလိမ့်မည်။ အနည်းဆုံး ကျပ်သုံးသောင်း ၀န်းကျင်မှ အများဆုံး ကျပ်သိန်းနှစ်ဆယ်အထိရှိကြောင်း အလှအပကုထုံးစင်တာများမှ တာဝန်ရှိသူများကပြောသည်။ ယင်းကုသပြုပြင်မှုများသည် ၂၀၁၃ မှစတင်ပြီး မြန်မာနိုင်ငံတွင် လူသိများလာခဲ့ကာ ယခုနောက်ပိုင်း ပိုမိုလက်ခံပြုပြင်လာကြသည်။ အာရှတွင် ကိုရီးယားလူမျိုးများ၏ ခွဲစိတ်ကုသမှုမှာ အမြင့်မားဆုံးဖြစ်ပြီး ဒုတိယအများဆုံး ပြုပြင်ပြောင်းလဲလာသည့်နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်လာခဲ့သည်။

ကိုရီးယားယဉ်ကျေးမှု တဖြည်းဖြည်းလွှမ်းမိုးလာချိန်မှ စတင်ပြီး လူငယ်များ၏ ဖက်ရှင်ရေစီးမှာလည်း ပြောင်းလဲခဲ့သည်။ ငွေကြေးတတ်နိုင်သူများကြား ခေတ်စားလျက်ရှိသော အရေပြားဆိုင်ရာ ကုထုံး၊ လေဆာကုထုံး ၊ ခွဲစိတ်ကုထုံး စသည်ဖြင့် အလှအပရေးရာကုထုံးများသည် ကိုရီးယားလူမျိုးများထံမှ ကူးစက်လာသော ဓလေ့ဖြစ်သည်။ ထို့အပြင် မခွဲစိတ်ရဘဲ လေဆာကုထုံးများတွင် အရွယ်တင်နုပျိုအောင် ကုသပေးသည့် ကုထုံးတစ်မျိုးမှာလည်း အသက်(၄၀)ကျော် လူကြီးများကြား ခေတ်စားလာသည်။
အနုပညာရှင်များထဲမှ ကုသမှုရှိပြီး ၎င်းတို့သာမက ပြင်ပလူငယ်များသည်လည်း ခွဲစိတ်ပြုပြင်ကုထုံးဖြင့် အလှပြုပြင်ခြင်းကို ယခင်ကထက် ပိုမိုပြုလုပ်လာခဲ့ကြသည်။

‘‘လူငယ်တွေအများစုက ၀က်ခြံအတွက်လာကြတယ်။ နှာခေါင်းပြားတဲ့သူတွေက နှာတံဖော်တာနဲ့ ဆီလီကွန်ထည့်တာလည်း ပြုပြင်လာကြတာများသလို မေးရိုးကားလို့ ဆေးထိုးပြီး ပြုပြင်ပြောင်းလဲကြတာလည်း များလာတယ်။ လာကုသကြတဲ့ အရွယ်အများစုကတော့ လူလတ်ပိုင်းတွေများပါတယ်။ ဆယ်ကျော်သက်အရွယ်တွေကတော့ အပေါ်ယံအရေပြားအတွက်လောက်ပဲ လာကြတယ်။ သူတို့က မိဘခွင့်ပြုမှ ကုသလို့ရနိုင်ကြမှာဆိုတော့ ငွေကြေးမတတ်နိုင်ကြသေးဘူး။ လူလတ်ပိုင်းမှာတော့ ကိုယ်တိုင်အလုပ်အကိုင်ရှိတဲ့သူတွေများလာတော့ လာရောက်ကုသနိုင်တယ်’’ဟု Dr.face Skin& Beauty မှ CEO ဒေါက်တာရဲထွန်းသူက ၎င်း၏လုပ်ငန်းအတွေ့အကြုံကို ပြောသည်။

နှာခေါင်းခွဲစိတ်ပြုပြင်သည့် ကုထုံးတွင် ဆီလီကွန်ထည့်ခြင်းနှင့် မိမိခန္ဓာကိုယ်ရှိ အရိုးနုအစားသွင်း ထည့်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ ဆီလီကွန်အမျိုးအစား ထည့်သွင်းပြုပြင်ခဲ့မည်ဆိုလျှင် ယင်း၏သက်တမ်းကုန်ဆုံးချိန် ငါးနှစ်ခန့်အချိန်တွင် ပြန်လည်ထုတ်ယူပြီး အသစ်အစားထိုးရန် လိုအပ်သည်။ မိမိခန္ဓာကိုယ်မှ အစားထိုးယူထားသည့် နားရွက်မှအရိုးနုနှင့် နှာခေါင်းတွင်းရှိ အရိုးနုဆိုလျှင် တစ်သက်တာပြန်လည်ခွဲထုတ်ယူရန် မလိုအပ်ကြောင်း ၎င်းကရှင်းပြသည်။

‘‘မျက်နှာပိုင်းနဲ့ ပတ်သက်ရင်တော့ အသားအရေကြည်အောင် လာပြုပြင်ကြတဲ့ လူငယ်တွေများတယ်။ ဆယ်ကျော်သက်အများစုက အသားဖြူအောင် Treament လုပ်တာလောက်ကိုပဲ အားသန်ကြတယ်။ လူလတ်ပိုင်းအချို့ကတော့ ဘိုတောက်စ်ထိုး (အသားအရေတင်းအောင် ဆေးထိုးခြင်း)ကြတာ များပါတယ်။ နှာခေါင်းဆီလီကွန်ထည့်တာနဲ့ မျက်နှာဗီရှိတ်လုပ်တဲ့သူတွေလည်း များတယ်။ နောက် အမျိုးသမီးတွေဆိုရင် ခန္ဓာကိုယ်က ပိုလျှံနေတဲ့အဆီတွေ လာထုတ်ကြတာတွေလည်းရှိတယ်။ အားကစားသမားတွေဆိုရင်တော့ အဆီကျအောင်နဲ့ ကြွက်သားအတွက် သွေးကြောထဲဆေးထိုးတဲ့ကုထုံးကို လုပ်ကြတယ်။ သက်ကြီးပိုင်းမှာဆိုရင် လေဆာနဲ့ကုသပေးတဲ့ တင်းတိပ်ကုသမှုနဲ့ အရေးအကြောင်းလျော့နည်းအောင် လာကုသကြတာလည်းရှိပါတယ်’’ဟု My Princess Clinic မှ  Aesthetic Specialist ဒေါက်တာအောင်သီဟက ရှင်းပြသည်။

ခွဲစိတ်ပြုပြင်ပြီးပါက လိုက်နာရမည့် အချက်များရှိသည်။
နှာခေါင်းပြုပြင်ခွဲစိတ်ထားသူများသည် အနည်းဆုံးတစ်လမှ အများဆုံးခြောက်လအတွင်း မိမိနှာခေါင်းကို သေချာစွာဂရုစိုက်ရန် လိုအပ်သည်။ ခွဲစိတ်ပြီးတစ်ပတ်အတွင်း အချို့လူနာများ၌ နှာခေါင်းရောင်ရမ်းမှုများ ဖြစ်ပေါ်တတ်သည်။ ထို့အပြင် နှာခေါင်းခွဲစိတ်ဆီလီကွန်ထည့်ပါများသည့် လူနာများသည် အမြင်မှုန်ဝါးလာမှုများလည်းရှိနိုင်ကြောင်း ဒေါက်တာအောင်သီဟကဆက်ပြောသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း မျက်နှာTreament ပြုလုပ်ထားသည့် ကိုငြိမ်းကိုက ‘‘အသားအရေကောင်းအောင်နဲ့ မျက်နှာကြည်လင်ဝင်းပမှုရှိအောင် Treament လုပ်ခဲ့တယ်။ နဖူးနဲ့ မျက်လုံးဘေးက အရေးအကြောင်းတွေကို ဘိုတောက်စ် (အရေးအကြောင်းဖျောက်ခြင်း)ထိုးထားပါတယ်။ ထိုးလိုက်တဲ့အတွက် မျက်မှောင်ကြုတ်ရင်လည်း အသားအရေတွဲတာမျိုးမရှိတော့ဘူး။ မျက်နှာကတင်းပြီး အသားအရေကြည်လာတယ်။ ဘိုတောက်စ်က ဆေးထိုးတဲ့ပုံစံမျိုးဆိုတော့ နာရီအနည်းငယ်အတွင်းမှာတော့ ထိုးထားတဲ့နေရာက နည်းနည်းနီနေတာပဲရှိပါတယ်။ တချို့ ကိုယ့်ကိုမမြင်တာကြာတဲ့သူတွေဆို အသားအရေ ကောင်းလာတာကို တော်တော်သိသိသာသာ ပြောကြပါတယ်’’ဟု အတွေ့အကြုံကို မျှဝေသည်။

အလှအပရေးရာစင်တာများတွင် မျက်နှာကြည်လင်ဝင်းပမှုကုထုံး၊ တင်းတိပ်ကုထုံး၊ နေလောင်ကွက်ကုထုံး၊ အရေးကြောင်းဆိုင်ရာကုထုံး၊ ဆံပင်ပါးသူများနှင့် ထိပ်ပြောင်သူများအတွက် ဆံပင်ပြန်စိုက်ခြင်း၊ နှာခေါင်းခွဲစိတ်ပြုပြင်ကုထုံး၊ မျက်လုံးအိမ်ကျယ်ခြင်း၊ မျက်ရစ်ဖော်ခြင်း၊ နှုတ်ခမ်းသားစိုပြည်လှပအောင်ပြုလုပ်ခြင်း၊ ဘိုတောက်စ်ထိုးခြင်း၊ မေးရိုးလှပအောင်ပြုပြင်ဆေးထိုးခြင်း၊ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆီပိုများ စုပ်ယူဖယ်ရှားခြင်း၊ သွေးကြောမျှင်များဖယ်ရှားခြင်း၊ ရင်သားလှပအောင်ဆေးထိုးခြင်းနှင့် တင်ပါးလှအောင်ဆေးထိုးခြင်း စသောဝန်ဆောင်မှုများ ပေးနေကြသည်။

အဆိုပါ ကုသပြုပြင်ပြောင်းလဲမှုများကို ကျပ်သုံးသောင်းခန့်မှစ၍ ကျပ်သိန်းနှစ်ဆယ်အထိ ကုန်ကျသည်။ ထို့အပြင် အလှအပရေးရာစင်တာများမှ သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ပြီး ပြည်ပအထိ ကုသမည်ဆိုပါက  ကျပ်သိန်းရာကျော်အထိရှိကြောင်း ဒေါက်တာအောင်သီဟက ပြောသည်။
မေးရိုးပြုပြင်ပါက ကျပ်နှစ်သောင်းမှ ဆယ်သိန်းကျော်၊ နှာခေါင်းလှရန် ဆီလီကွန်ထည့်ပါက ကျပ်ဆယ်သိန်းမှ နှစ်ဆယ်အထိ ကုန်ကျစရိတ်ရှိသည်။

ယခုနောက်ပိုင်း ခွဲစိတ်ရန်မလိုသလို မနာကျင်ဘဲကုသနိုင်သည်ဆိုသော လေဆာကုထုံးနှင့် ကုသနိုင်သည့်နောက်တွင် အချိန်ကုန်သက်သာပြီး ရောင်ရမ်းမှုလည်း လျော့နည်းလာသည်။ နာရီပိုင်းသာ အချိန်ကြာမြင့်သည့်အတွက် လေဆာဖြင့်ကုသပြုပြင်လိုသူများ ပိုများလာကြောင်း အလှအပရေးရာကုထုံးစင်တာအချို့မှ တာဝန်ရှိသူများကပြောသည်။
ထိုသို့ ၀န်ဆောင်မှုများရှိလာသည့်အတွက် စနစ်တကျအာမခံချက်ရှိရှိဖြင့် ဆရာဝန်များကိုယ်တိုင် ကုသပေးရန်လိုကြောင်း ခွဲစိတ်ဆရာဝန်တစ်ဦးက သုံးသပ်သည်။

‘‘မြန်မာနိုင်ငံမှာ ခွဲစိတ်ကုသတာတွေ များလာတဲ့အပေါ်မှာတော့ သက်ဆိုင်ရာပြုပြင်ပြောင်းလဲပေးနေတဲ့ ဆရာဝန်တွေက အာမခံထားပြီး သေချာလုပ်ပေးနိုင်ရင် ကောင်းပါတယ်။ တချို့က ဆရာဝန်တောင်မဟုတ်ဘဲ အလှပြင်ဆိုင်တွေကနေ လုပ်ကြတာတွေရှိနေတော့ အပ်တွေမသန့်တာတွေကြောင့် ပိုးဝင်နိုင်တယ်။ မျက်နှာက တခြားအစိတ်အပိုင်းတွေထက် အရမ်းအရေးကြီးပါတယ်။ ငွေကြေးများပြားစွာပေးရတာနဲ့ တန်အောင် ၀န်ဆောင်မှုရှိရင်ကောင်းပါတယ်။ တခြားနိုင်ငံတွေမှာလည်း ခွဲစိတ်ပြုပြင်တာတွေက ဈေးကြီးတယ်။ ဈေးကြီးသလို အာမခံချက်တွေလည်း ပါဝင်တယ်။ ဒီတော့ လူနာက လျော်ကြေးပြန်တောင်းခွင့်ရှိတာပေါ့။ ဒီမှာလည်း ဒါမျိုးတွေလုပ်နိုင်ရင်ကောင်းတယ်။

အခုတော့ မြန်မာပြည်မှာ ပြန်လည်ပြုပြင်တာလောက်ကိုပဲ ပြုလုပ်နိုင်သေးတယ်။ အဲဒီအပိုင်းကို ကုသမယ့်ဆရာဝန်တွေက သေသေချာချာ သင်တန်းတက်ပြီး လေ့လာထားသင့်ပါတယ်’’ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေခွဲစိတ်အထူးကု ကထိက ဒေါက်တာဦးကျော်ဇင်က အကြံပြုပြောကြားသည်။

ရောဂါလက္ခဏာများတွင် ကြွက်သားများ ထိန်းချုပ်မရဖြစ်ခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ အင်ပျဉ်ထခြင်းနှင့် ဆံပင်ကျွတ်ခြင်းများပါဝင်ကြောင်း အမေရိကန် FDA ကပြောသည်။

အမေရိကန်နိုင်ငံတွင် ၂၀၀၆ နိုဝင်ဘာ၌ အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေးဌာန FDAက ရင်သားဆီလီကွန်ထည့်ခြင်းကို စတင်ခွင့်ပြုခဲ့သည်။ ရင်သားကြီးရန် ဆီလီကွန်ထည့်သော အမျိုးသမီးများမှာ တစ်သက်လုံး ၎င်းတို့ ရင်သားကိုစောင့်ကြည်ကြဖို့လိုသည်။ သဘာဝအတိုင်းမဟုတ်၍ ဘေးထွက်ဆိုးကျိုးများလည်းရှိပါသည်။

အမျိုးသမီးများတွင် ရင်သားတွင်ထည့်ထားသည့် ဆီလီကွန်ဂျယ်လ်(Gel)ယိုစိမ့်ခြင်းနှင့် ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းသို့ ရွေ့သွားခြင်းတို့နှင့် အဓိကဆက်စပ်သည့် ဆီလီကွန်ဂျယ်လ်ကြောင့် နာမကျန်းဖြစ်ခြင်းနှင့် ဆက်စပ်တစ်သျှူးများ ကစဥ့်ကလျားဖြစ်မှု(CTD)တို့ ဖြစ်တတ်သည်။

‘‘အခုခေတ်မှာ အဲဒီလိုမျိုး ခွဲစိတ်ပြုပြင်တာတွေ ခေတ်စားလာတာက ကိုရီးယားကားတွေက ခေတ်စားလာတော့ သူတို့မှာ အဲဒီလိုမျိုး ဆာဂျရီလုပ်တာတွေကို ဒီကမြန်မာတွေက အားကျတယ်။ အရမ်းလှချင်ကြတော့ အခုလို ခွဲစိတ်ပြုပြင်တာတွေ လုပ်လာကြတယ်ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ မိဘမွေးတဲ့အတိုင်း လှနေတာကိုပဲ သဘောကျတယ်။ အဲဒီလို ခွဲစိတ်ပြီးလှတာကြီးကို သဘောမကျဘူး။ လှတာတော့ လှသွားတာပေါ့။ ဒါပေမဲ့ နဂိုအတိုင်းလေးလှတာပဲ သဘောကျပါတယ်’’ဟု အဆိုတော်ဉာဏ်လင်းအောင်ကပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့တွင် အလှအပရေးရာ ကုထုံးစင်တာ အများဆုံးရှိပြီး လာရောက်ပြုပြင်သူများတွင် ရန်ကုန်မှလာရောက်သူ အများဆုံးဖြစ်သည်။ တက်သစ်စအနုပညာရှင်အများစု ပါဝင်နေသည်။ ခွဲစိတ်ကုသပြုပြင်ခြင်းကို ပြည်သူအချို့က မကြာသေးမီကာလမှ စတင်ပြီး လက်ခံလာကာ ကိုယ်တိုင်ပြုပြင်ရန် ယုံကြည်လာကြောင်းလည်း ၎င်းကဆိုသည်။ လေဆာကုထုံးနှင့် ဆေးထိုးပြုပြင်ကုထုံးကို အများဆုံးခံယူကြသည်။


http://www.7daydaily.com/story/25227#.VGyp5-Jh71V

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...