စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပေးကမ်းရက်ရောမှုအများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက အမေရိကန်နှင့် ပူးတွဲ ပထမရ


 

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုအနေနှင့် ပရဟိတအလုပ်ထွန်းကားမှုအညွှန်းကိန်းဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်မှာ မဆန်းလှသော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နပမ်းလုံးနေရ၍ ဒီမိုကရေစီစနစ်ဆီသို့ ကြိုးစာတက်လှမ်းနေသည့် လူဦးရေ သန်း ၅၀ ရှိသော မြန်မာနိုင်ငံက ပထမနေရာတွင် အမေရိကန်ပြည်ထောင်စုနှင့်အတူ ပူးတွဲရပ်တည်နေခြင်းသည် သာမန်အသိနှင့် ဖီလာဆန့်ကျင်ဖြစ်လို့နေပါသည်။

အင်္ဂါနေ့ကထုတ်ပြန်ခဲ့သော ၅နှစ်မြောက် ကမ္ဘာ့ပေးကမ်းမှုညွှန်းကိန်းအရ မြန်မာနိုင်ငံသားများသည် အလွန်အမင်း ရက်ရောစွာ ပေးကမ်းလှူဒါန်းသူများဖြစ်သည်။ အဆိုပါစစ်တမ်းကောက်ယူမှုကို ကမ္ဘာနှင့်အ၀ှမ်း ထောက်ပံ့ငွေပေးအပ်ခြင်းများပြုလုပ်သည့်အဖွဲ့တခုဖြစ်သော “ပရဟိတကူညီမှုဖောင်ဒေးရှင်းအမေရိကား” မှ ကမကထပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှ လူပေါင်း ၁၃၀,၀၀၀ ခန့်ထံမှ စစ်တမ်းကောက်ခံခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော ရက်ပေါင်း ၃၀အတွင်း သူစိမ်းတဦးအား ကူညီစောင်မမှုပြုခဲ့ခြင်း ရှိ/မရှိအပေါ်မူတည်၍ လှူဒါန်းပေးကမ်းခြင်း၊ လုပ်အားပေးခြင်းနှင့် တပါးသူအား ကူညီရန် စိတ်အားထက်သန်ခြင်း ဟူ၍ ညွှန်းကိန်း ၃မျိုး ပြုစုခဲ့ခြင်းဖြစ်သည်။ ၎င်း ၃ မျိုးတွင် မြန်မာနိုင်ငံက လှူဒါန်းပေးကမ်းခြင်း၌ အမေရိကန်ပြည်ထောင်စုနှင့်အတူ ပထမအဖြစ် ပူးတွဲသတ်မှတ်ခံရခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကမူ ညွှန်းကိန်း ၃မျိုးစလုံးတွင် အဆင့် ၁၀အတွင်းဝင်သော တခုတည်းသော နိုင်ငံဖြစ်သည်။

ညွှန်းကိန်း ၃မျိုးစလုံးအား ခြုံငုံလေ့လာမှုပြုပြီးနောက် ယီမန်နိုင်ငံသည် နောက်ဆုံးအဆင့်နိုင်ငံဖြစ်ပြီး ယမန်နှစ် ၁နှစ်လုံးတွင် လူဦးရေ၏ ၃ ရာခိုင်နူန်းသာ လုပ်အားပေးမှုပြုခဲ့သည်။

အဆိုပါစစ်တမ်းအရ တကမ္ဘာလုံးအတိုင်းအတာဖြင့် ပေးကမ်းလှူဒါန်းမှုသည် ယမန်နှစ်ကထက် အကြမ်းဖျင်း ၁ ရာခိုင်နူန်း ကျဆင်းသွားပြီး ၂၀၁၃ခုနှစ်တွင် လုပ်အားပေးမှုပြုသူဦးရေ ၃၂ သန်းနှင့် သူစိမ်းတရံဆံအား ကူညီသူဦးရေ ၂၆ သန်း ရှိသည်။

ချမ်းသာကြွယ်ဝသော နိုင်ငံဖြစ်သော်လည်း ပေးကမ်းရက်ရောသည့် နိုင်ငံမဖြစ်နိုင်ပေ။ ကမ္ဘာ့စီးပွားရေးအကောင်းဆုံး နိုင်ငံ ၂၀ အနက်မှ ၆နိုင်ငံသာ ဖော်ပြပါညွှန်းကိန်းများ၏ အဆင့် ၂၀အတွင်း ၀င်ရောက်နိုင်သည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် အစရှိသော စီးပွားရေးအားကောင်းလာသောနိုင်ငံများအနက်မှ တရုတ်နိုင်ငံတခုတည်းတွင်သာ ယမန်နှစ်နှင့်ယှဉ်လျှင် လှူဒါန်းပေးကမ်းသူဦးရေ (၁၀% မှ ၁၃%) တိုးပွားလာသည်ကို တွေ့ရသည်။

ဇာတိမှ မရဏအထိ ပြည်ထောင်စုအစိုးရက ယင်း၏နိုင်ငံသားများအား ကြည့်ရှုစောင့်ရှောက်လေ့ရှိသည့် အီတလီကဲ့သို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင်လည်း ပေးကမ်းမှုနူန်း နှိမ့်ပါးသည်ကို တွေ့ရသည်။

“အဲဒီနိုင်ငံတွေမှာ အခွန်အခက မြင့်တယ်ဗျ။ အဲဒီတော့ တစုံတယောက်က တံခါးခေါက်ပြီး ‘အလှူဒါနပြုဖို့ ချက်လက်မှတ်ရေးပေးပါ’လို့ ပြောရင် သူတို့စိတ်ထဲမှာ ‘ငါ ရုံးမှာ ပေးပြီးသားပဲ’လို့ ထင်တယ်” ဟု ပရဟိတဆိုင်ရာ စာအုပ်များရေးသားခဲ့သူ “ပရဟိတကူညီမှုဖောင်ဒေးရှင်းအမေရိကား”အဖွဲ့မှ အမှုဆောင်အရာရှိချုပ် တတ်ဟာ့ဒ်က ပြောသည်။

မြန်မာနိုင်ငံသည် ယခုကဲ့သို့ ပထမနေရာကို ရရှိခဲ့ခြင်းမှာ စစ်တမ်းကောက်ခံရာတွင် မေးမြန်းခံရသူ ၉၁% က အလှူအတန်းတခုခုပြုခဲ့သည်ဟု ဖြေဆိုခဲ့ခြင်းကြောင့် ဖြစ်ပြီး ယင်းသည် အလွန်တရာ မြင့်မားသည့် ရာခိုင်နူန်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖျင်းအားဖြင့် ၁၀ ယောက်တွင် ၉ ယောက်သည် ပေးကမ်းစွန့်ကြဲမှုကို အားပေးသော ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ သီရိလင်္ကာနိုင်ငံသည် ပျမ်းမျှအားဖြင့် ညွှန်းကိန်း ၃မျိုးစလုံးတွင် နံပါတ် ၉ ချိတ်ခဲ့နိုင်သည်မှာလည်း ယင်းအကြောင်းကြောင့်ပင်ဖြစ်သည်ဟု အဆိုပါစစ်တမ်းအား လေ့လာသူများက ယုံကြည်ယူဆကြသည်။

တာ့ခ်မန်နစ္စတန်သည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ နံပါတ်၉၅ဖြစ်သော်လည်း ယင်း၏နိုင်ငံသားများ လုပ်အားပေးအတွက် အချိန်ပေးရာတွင် နံပါတ် ၁ ဖြစ်သည်။ ယင်းအပြင် ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်လာသော ဥဇဘကစ္စတန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့သည်လည်း လုပ်အားပေးမှုတွင် အမှတ်ကောင်းများ ရရှိကြသည်။ အဆိုပါနိုင်ငံများ၌ စနေနေ့တိုင်း အခမဲ့လုပ်အားပေး လုပ်ကိုင်ရသည့် တူညီသော ယဉ်ကျေးမှုများ ရှိနေခြင်းကြောင့်ဟု အစီရင်ခံစာက အသိအမှတ်ပြုသည်။

တစိမ်းတရံဆံအား ကူညီစောင်မရာတွင် အမေရိကန်ပြည်ထောင်စုက ပထမဖြစ်ပြီး အီရတ်နိုင်ငံက ဒုတိယ ဖြစ်သည်။ စစ်တမ်းကောက်ခံရသူ အီရတ်နိုင်ငံသား ၄ဦးတွင် ၃ဦးက လွန်ခဲ့သောလအတွင်း လူစိမ်းတဦးအား အကူအညီပေးခဲ့ကြောင်း ဖြေဆိုကြသည်။ ပြည်သူများက အစိုးရအပေါ် အယုံအကြည်မရှိသည့် နိုင်ငံများ(သို့)ဗဟိုအဖွဲ့အစည်းများက တိုင်းသူပြည်သားများအား ကောင်းစွာကူညီခြင်းမရှိဟု ယူဆသည့်နိုင်ငံများတွင် တစိမ်းတရံဆံအပေါ် အကူအညီပေးမှုများ ပိုမိုတွေ့မြင်ရသည်ဟု ဟာ့တ်ကပြောသည်။

အမေရိကန်ပြည်ထောင်စုတွင် ပြည်သူများအကြား နိုင်ငံရေးအရ ကွဲပြားနေသော်လည်း သူတပါးအပေါ် အကူအညီပေးလိုသည့် စိတ်ဆန္ဒများရှိကြသည်ဟု ဟာ့တ်ကပြောသည်။
“ဒီတိုင်းပြည်မှာ နိုင်ငံရေးအရ ဆွေးနွေးငြင်းခုန်ကြတာတွေကြောင့် ကျနော်တို့ဟာ ယဉ်ကျေးမှုအရကို စိတ်ဝမ်းကွဲနေတယ်လို့ ခင်ဗျား ထင်ချင်ထင်မယ်။ မဟုတ်ဘူး။ အမေရိကန်တွေဟာ အမေရိကန်တွေပဲဗျ။ ခင်းဗျားရဲ့ နိုင်ငံရေးယုံကြည်မှုက ဘာဖြစ်ဖြစ် ကျနော်တို့ အချင်းချင်း ကူညီရိုင်းပင်ပါတယ်”


https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.34355

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...