စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကံလှည့်စားမှုကြောင့် ပြဇာတ်ဆန်စွာ လွဲချော်ခဲ့သည့် ကျပ်သိန်း ၁ ထောင်တန် ထီဆုလက်မှတ်



၃၁၀ ကြိမ်မြောက် အောင်ဘာလေ ထီဆုဖွင့်ပွဲတွင် ကျပ်သိန်း ၁ ထောင်တန် ထီဆုလက်မှတ်တစောင်သည် ပြဇာတ်ဆန်စွာ လွဲချော်မှုဖြစ်ပွားခဲ့ပြီး အံ့သြစရာကောင်းသည့် ကံတရားအကြောင်းကို တွေ့မြင်ခဲ့ရသည်။

ယင်းထီဖွင့်ပွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဦးဖြူ(အမည်လွှဲ)သည် ၃၆ စောင်ပါ ထီတအုပ်ဝယ်ယူကံစမ်းခဲ့ကာ ၎င်းထီအုပ် ထဲမှထီတစောင်သည် ကျပ်သိန်း ၁ ထောင် ပေါက်သည်ဟု ယူဆကာ ပျော်ရွှင်စရာ ဖြစ်နေခဲ့သည်။
“သူက ရခိုင်မှာ ထီထိုးခဲ့ပေမယ့် ထီစာအုပ်က ရန်ကုန်မှာ။ လေယာဉ်နဲ့လာပြီး ထီစာအုပ်ကိုယူပြီး မိသားစု လိုက် ပျော်ပျော်ရွှင်ရွှင် ထီပေါက်ခြင်း အထိမ်းအမှတ်နဲ့ အောင်ပွဲခံခဲ့ကြတယ်”ဟု ဦးဖြူမိသားစုနှင့် နီးစပ်သူက ပြောပြခဲ့သည်။

ယင်းကဲ့သို့ အောင်ပွဲခံပျော်ရွှင်နေစဉ် ထီပေါက်သူ၏ သားငယ်က ပေါက် သည့်ထီလက်မှတ်ကို ထီအုပ်၏အပေါ်ဆုံးတွင်ထားရန် အကြံပြုစဉ် ၎င်းထီလက်မှတ်သည် ၃၆ စောင်ပြည့်သည့် ထီစာအုပ်ထဲတွင် ပါဝင်ခြင်းမရှိဘဲ မည်ကဲ့သို့ပျောက်ဆုံးနေကြောင်း မစဉ်းစားတတ်အောင်ဖြစ်ကာ ပျော်ရွှင်မှုမှ စိုးရိမ်မှုသို့ ရောက်ရှိခဲ့ လေတော့သည်။

ထီထိုးခြင်း၊ ထီရောင်းချခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ လွဲချော်မှုရှိတတ်သည့်အကြောင်း သိရှိနိုင်ရန်နှင့် ထီ လောကနောက်ကွယ်မှ လှုပ်ရှားမှုများအား သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ အကြီးဆုံး ထီကိုယ်စားလှယ် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေပိုင်ရှင် ဦးမျိုးညွန့်အား မေးမြန်းခဲ့ရာ၌ ထီဖြန့်ဖြူးရောင်းချပုံစနစ်များကို အသေးစိတ် သိခွင့်ရရှိခဲ့သည်။

အောင်ဘာလေထီရုံးမှ ထီထိုးသည့် သူထံ ရောက်ရှိပုံအဆင့်ဆင့်နှင့်ပတ်သက်ပြီး ၎င်းက “နံပါတ်(၁)အဆင့်က အောင်ဘာလေ သိုလှောင်ဌာနခွဲ မန္တလေးရုံးခွဲဆိုပြီး နှစ်ခုရှိတယ်။ အဲဒီက ထီလက်မှတ်တွေထုတ်ယူရတာ ပထမအဆင့်ဖြစ်ပါတယ်။ နံပါတ်(၂)က အောင်ဘာလေမြို့ အရောင်း၊ နယ်အရောင်း၊ မန္တလေး အရောင်းဆိုပြီး အဲဒီနေရာကနေ ထီကို စဖြန့်ရပါတယ်။ နံပါတ်(၃)ကတော့ မြို့တွေ ရဲ့ ပြည်တွင်းအခွန်ဦးစီးဌာနတွေကိုရောက် သွားပါတယ်။ နံပါတ်(၄) အဲဒီကမှ ထီကုန်သယ်တွေက ထီစာအုပ်တွေထုတ်လာတယ်။ နံပါတ်(၅)အဆင့်က ထီကုန်သည်တွေက ထီကတ်တွေတွဲတယ်။ ၀ယ်တယ်၊ ရောင်းတယ်၊ ကတ်လဲတယ်။ အမျိုးမျိုး ပြောင်းယူကြတယ်။ (၆)အဆင့်ကမှ တနိုင်ငံလုံးကို ဖြန့်ချိတဲ့ဆိုင် ဥပမာ မိုးယံလို ပင်ရင်းရုံးချုပ်ကိုရောက်လာပါတယ်။ နံပါတ်(၇) အဲဒီလိုရုံးချုပ်ကနေပြီးမှ ထီကိုယ်စားလှယ်တွေကို ဖြန့်ချိတယ်။ အဲဒီထဲမှာ ဒေါ်မိုးသူဇာ စစ်တွေဆိုပြီးပါတယ်။ အဆင့်(၈)ကတော့ ထီထိုးသူကို တိုက်ရိုက် ရောင်းချတဲ့သူတွေဆီကို ရောက်ရပါတယ်။ နံပါတ်(၉)က ထီထိုးသူ သို့မဟုတ် ဦးဖြူ ဆီကိုရောက်တယ်။ ဒီတော့ စောစောက ပြောသလို မိုးယံထီရုံးခွဲကိုရောက်ဖို့ အဆင့် (၅)ဆင့်ရှိတယ်။ အားလုံးမှာ တာဝန်ရှိပါ တယ်”ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ထီဖြန့်ချိမှုစနစ်အရ အဆင့်ဆင့်ဖြတ်ကျော်စဉ် မှားယွင်းမှုသည် မည်သူမဆို ရှိနိုင်သည်ဟုဆိုသည်။ ယင်း ၃၆ စောင်ပါထီအုပ်ထဲမှ ဗ -----၆၃ ဖြင့် ထီလက်မှတ်သည် စစ်တွေမြို့နယ် မိုးယံ ကိုယ်စားလှယ် ဒေါ်မိုးသူဇာဆီမှတဆင့် ယူရောင်းချသူနှင့် ဦးဖြူဆီသို့ ရောက်ရှိခဲ့သည်။
၂၀၁၄ နိုဝင်ဘာ ၃ ရက်နေ့တွင် ထီ ၃၆ စောင်ထိုးခဲ့ပြီး ၎င်းအထဲကပေါက်သည့် ထီလက်မှတ်မပါ၍ မိုးယံထီ Complaint ဌာနသို့ စောဒကတက်ရန် ရောက်ရှိလာခဲ့သည်ဟု မိုးယံထီဆိုင် တာဝန်ရှိသူတဦးက ပြောသည်။

“သူတို့က ထီကိုယ်စားလှယ်တွေဆီက မလာဘဲ တိုက်ရိုက်ရုံးချုပ်ကို ရောက်လာတော့ ဖြေရှင်းပေးရပါတယ်”ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ ဦးမျိုးညွန့်ကလည်း “ကျွန်တော်တို့ မိုးယံအနေနဲ့ ပြေလည်အောင်၊ နားလည်အောင် ရှင်းပြဖို့ တာဝန်လည်းရှိလာပါတယ်။ ကျွန်တော်တို့ဟာ ထီလက်မှတ်ကိုရောင်းခြင်းသာ ဖြစ်ပြီး ထီနံပါတ်ကို ရောင်းခြင်း မဟုတ်ပါဘူး။ ထီ လက်မှတ်ကိုသာ ရောင်းချခွင့်ရပြီး ထီ နံပါတ်ကို ရောင်းခွင့်မရှိပါဘူး။ ချဲထီတို့၊ နှစ်လုံးထီတို့ဆိုရင် နံပါတ်ကိုရောင်းတဲ့ အတွက် သူတို့မှာ ဘာလက်မှတ်မှမရှိပါဘူး။ နံပါတ်ကိုပဲ ထိုးသွားတာပါ။ ဘောက်ချာတွေ ဘာတွေတောင် ကျွန်တော်တို့မှာ ထုတ်ပေးခွင့်မရှိပါဘူး။ အခုလက်ရှိမှားယွင်း မှုက နံပါတ်မှား လို့သာပေါ့။ ပေါက်တဲ့ နံပါတ်ပါမလာရင် ကျွန်တော်တို့ တမင်ယူ ထားသလို ဖြစ်နေမယ်”ဟု ပြောကြားခဲ့သည်။

ထီ ၃၆ စောင်ထိုးခဲ့ပြီး ပေါက်သည့် လက်မှတ်မပါခဲ့သူများနှင့် မိုးယံထီဆိုင် Complaint ဌာနတို့ ဖြေရှင်းရာ၌ ၎င်းမိသားစုသည် စိတ်ခံစားမှုအမြင့်ဆုံးသို့ ရောက်ရှိနေသည်ဟု ဆိုသည်။ ယင်းကြောင့် ဦးဖြူနှင့် ၎င်း၏ဇနီး စိတ်ထိခိုက်နေမှုအပေါ် ယင်းတို့၏သားများက မမြင် တွေ့လိုဟု ဆိုသည်။

“ကျွန်တော်တို့ သိန်း ၁ ထောင်နဲ့ ကျွန်တော်တို့ မိဘ မလဲနိုင်ပါဘူး။ ကျွန်တော်တို့ သိန်း ၁ ထောင်မရ လည်းနေပါ။ ကျွန်တော်တို့မိဘတွေ ပုံမှန် မိသားစုဘ၀ကို ပြန်ရဖို့ကိုပဲ ပြေလည်အောင်လုပ်ပေးပါ”ဟု ၎င်းတို့၏ပြောစကားကို ကိုးကား၍ မိုးယံတာဝန်ရှိသူများက News Watch သို့ ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ၎င်းမိသားစုအား ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်မတို့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာမှမပြောချင်ပါ ဘူး။ စိတ်ထဲမှာလည်း ဘယ်လိုမှ သဘော မထားတော့ဘူး။ ဘယ်လိုဖြေရှင်းမှုမှလဲ မလိုချင်ဘူး”ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုယ်စားလှယ် ဒေါ်မိုးသူဇာမှတဆင့် ဖြန့်ချိခဲ့သော ထီအုပ်များအနက် ၃၆ စောင်ပါ ထီလက်မှတ်ကို စစ်တွေမြို့နေ ဦးဖြူက ၀ယ်ယူခဲ့ကာ ကျပ်သိန်း ၁ ထောင်ပေါက်ခဲ့သည့် ထီလက်မှတ်တစောင်သည် မြောက်ဦးမြို့ သို့ရောက်ရှိခဲ့သည်။

အမှန်မှာ ဗ-----၆၃ နံပါတ်ပါလက်မှတ်သည် ဦးဖြူ၏ ၃၆ စောင်ပါ ထီအုပ်ထဲ၌ပါရှိရမည်ဖြစ်သော်လည်း ထီနံပါတ်စီသူက အခြားတစောင်ကို မှားယွင်းထည့်သွင်းမိခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ်မှ ကျပ်သိန်း (၁) ထောင် ထီပေါက်သူသည် နိုဝင်ဘာ ၁၁ ရက်နေ့က အောင်ဘာလေထီရုံးမှ ဆုငွေ ထုတ်ယူသွားခဲ့သည်ဟု အောင်ဘာလေရုံးမှ သိရှိခဲ့ရသည်။

လွဲချော်ခဲ့သည့် မိသားစုအတွက် ဗုဒ္ဓဂါယာဘုရားဖူး အသွားအပြန် စရိတ်ငြိမ်းနှင့် ထီသုံးနှစ်စာအခမဲ့ ကံစမ်းခွင့် အပြင် ရန်ကုန်စစ်တွေ လေယာဉ်လက် မှတ်ဖိုးများကို မိုးယံမှ ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

“ထိုးတဲ့သူကို ကျွန်တော်တို့ လေးစားတယ်။ ကိုယ်ချင်း စာတယ်။ ဖြစ်လာတဲ့အပေါ် ကျွန်တော်တို့ က လျော်ဖို့ တာဝန်မရှိပေမယ့် တတ်နိုင်သလောက် စိတ်ကျေနပ်အောင်၊ စိတ်အေးချမ်းသွားအောင် စိတ်မျိုးနဲ့လုပ်ပေး တာပါ။ ဒီလိုပဲ မှားနိုင်ခြေရှိတယ်ဆိုတာကို လူတွေသိထားပြီး စိစစ်ခဲ့မယ်ဆိုရင် နောက်ဒီလိုပြဿနာတွေ လျော့ပါးမယ်လို့ ယုံကြည်ပါတယ်”ဟု ဦးမျိုးညွန့်က ပြောပြသည်။

ကိုခက်
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...