စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နိယာမတရားငါးပါးနှင့် အနတ္တဒေသနာ တရားတော်




✔ ဘုရားရှိခိုး✔

ကရုဏာသီဟလဟဒယံ၊ ပညာပဇ္ဇောတ ဝိဟတ မောဟတမံ၊

သနရာမရ လောကဂရုံ၊ ဝန္ဒေ သုဂတံ ဂတိဝိမုတ္တံ။

ဧတေန သစ္စဝဇ္ဇေန၊ သုခိတာ ဟောန္တုပါဏိနော။

ဂရုဏာသီတလဟဒယံ၊ မဟာကရုဏာတော်မြတ် အတွင်းဓာတ်ဖြင့် လှပ်လှပ်ဖွေးလှ အေးမြစည်ပင် ကြည်လင် သောစိတ်နှလုံးတော်လည်း ရှိတော်မူပေထသော။ ပညာပဇ္ဇောတဝိဟတမောဟတမံ၊ အရဟတ္ထမဂ်ပညာ တည်းဟူသော ဆီမီးရောင်ဖြင့် အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ပယ်ဖျောက်တော် မူပြီးထသော။ သနရာမရ လောကဂရုံ၊ လူနတ်ဗြဟ္မာသတ္တဝါ အားလုံး၏ ညွှတ်ရုံးဦးခိုက် အလေးအမြတ်ပြုထိုက်သော ဆရာတစ်ဆူဖြစ်တော်မူ ပေထသော။

ဂတိဝိမုတ္ထံ၊ ဒေဝ မနုဿ နိရယနှင့်ပေတတိရစ္ဆာန် လားရန်အရှိငါးတန်သောဂတိမှလည်း အထူးသဖြင့် ကင်းလွတ်တော်မူပြီးထသော။ သုဂတံ၊စကားခြောက်ခွန်းလူ၌ထွန်းလဲ နှစ်ခွန်းကိုသာ အကျိုးရှိရာကို ကောင်းစွာမသွေ ဆိုတော်မူတတ်ပေသော။ ဗုဒ္ဓံ၊ သစ္စာလေးပါးမြတ်တရားကို ပြတ်သားထင်ထင် သိမြင်ပေတတ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။ အဟံ၊ ဘုရားတပည့်တော်သည်။ သာဒရံ၊ လေးမြတ်ကြည်ညို ရိုသေခြင်းရှိ သည်ဖြစ်၍။

တီဟိ၊ လက်အုပ်အဉ္ဇလီ နှုတ်သံချီလျက် ကြည်ရွှင်မနော သုံးပါးသောပဏာမတို့ဖြင့်။ ဝန္ဒေ-ဝန္ဒာမိ၊အများသူငါ ဘေးရန်ကင်းကွာ၍ ချမ်းသာစေကြောင်းဆုမွန်တောင်းလျက် ဦးခေါင်းညွတ်ကျိုး လက်စုံမိုးကာ ရှိခိုးပါ၏ မြတ်စွာဘုရား။

ဧတေနသစ္စဝဇ္ဇေ၊ ဤသို့နှုတ်သံဖော် ထုတ်ပြန်၍ ဟုတ်မှန်သော ပဏာမသစ္စာစကားကို ပြောဆိုရလေသော ကြောင့်။ ပါဏိနော၊ များလှသောင်းသောင်း သတ္တဝါအပေါင်းတို့သည်။ သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။

နိဒ္ဒုက္ခာစ၊ ဆင်းရဲခပ်သိမ်းမှလည်း ကင်းငြိမ်းကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ နိဗ္ဘယာစ၊ ဘေးရန်ခပ်သိမ်းမှလည်း ကင်းငြိမ်းကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။အသောကာစ၊ မညှိုးမမှိန် တန်ခိုးရှိန်လျက် စိုးရိမ်မနှောင့် ကြောင့်ကြပူဆွေး ငိုကြွေးခြင်းမှလည်း ကင်းငြိမ်းကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ ဟောန္တု၊ ယခုဆိုအပ်သော သစ္စာစကားနှင့် ပို့လွှတ်အပ်သော မေတ္တာဓာတ်အရှိန်အဝါကြောင့် အချိန်မကြာ ကိုယ်စီကိုယ်ငှဖြစ်တော်မူကြပါစေကုန်သတည်း။

' သာဓု သာဓု သာဓု ပါဘုရား'

၁၃၄၁-ခုနှစ် နယုန်လဆန်း(၁)ရက်နေ့၊ နေ့(၂)နာရီအချိန်၊ ရန်ကုန်မြို့ ဝိဇ္ဇာသိပံ္ပတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းမှဆင်ယင်ကျင်းပသည့်ဓမ္မသဘင်၌ ဟောကြားအပ်သော နိယာမတရားငါးပါးနှင့် အနတ္တဒေသနာ တရား။

✔ ဓမ္မသဘာဝမှန်မျှ အနတ္တ✔

သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါ ပညာယ ပဿတိ။

အထနိဗ္ဗိန္ဒတိဒုက္ခေ၊ ဧသ မဂ္ဂေါဝိသုဒ္ဓိယာ။

သတ္တဝါများရဲ့ ဝိသုဒ္ဓိမဂ္ဂအတွက် ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ဒေသနာပေါင်း မြောက်များစွာတွေထဲကဓမ္မပဒပါဠိတော်မှာယခုဘုန်းကြီးရွတ်အပ်တဲ့ပါဠိတော်နဲ့တွဲပြီးတော့ ပါဠိတော်သုံးပုဒ်ဟော ထားတယ်။

(၁) သဗ္ဗေ သင်္ခါ အနိစ္စာ

(၂) သဗ္ဗေ သင်္ခါ ဒုက္ခာ

(၃) သဗ္ဗေ ဓမ္မာ အနတ္တာ

သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါ၊ ပညာယ ပဿတိ။

ဒုတိယဂါထာမှာတော့-

သဗ္ဗေ သင်္ခါရာ ဒုက္ခာတိ၊ ယဒါ ပညာယ ပဿတိ။

ပထမဂါထာက-

သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ။

ထိုကဲ့သို့ စီတန်းပီးတော့ ဟောတဲ့ပါဠိတော်များမှာ ကြည့်လိုက်ရင်ပထမပိုဒ်ကို ' သဗ္ဗေ သင်္ခါရာ အနိစ္စာ' လို့ ဟောထားတယ်။ သင်္ခါရဓမ္မဟာ အနိစ္စ၊ ဒုတိယအပိုဒ်မှာ ' သဗ္ဗေ သင်္ခါ ဒုက္ခာ'လို့ဟောထားတယ်။ သင်္ခါရ တရားအားလုံးသည် ဒုက္ခ။ တတိယပါဠိတော်ကျတော့ ' သဗ္ဗေ ဓမ္မာ အနတ္တာ'၊ သင်္ခါရလို့ မဟောတော့ဘူး။

သဗ္ဗေ ဓမ္မာ အလုံးစုံသောဓမ္မတို့သည်။

ပရမတ္ထဓမ္မမှန်ရင် အားလုံး၊ ပညတ္တိဓမ္မတွေ အားလုံး၊ ဘယ်ဓမ္မပဲဖြစ်ဖြစ် ဓမ္မတရားမှန်လို့ရှိရင် အနတ္တထဲမှာ ထည့်တော့တယ်။

သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါပညာယ ပဿတိ။ (ဓမ္မပဒ ၂၅၆)

အထနိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါဝိသုဒ္ဓိယာ။

သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဓမ္မာ၊ စိတ်စေတသိတ် ရုပ် နာမ်ဆိုတဲ့ ပရမတ္ထမှန်သမျှတို့သည်။ အနတ္တာ၊အနတ္တဓမ္မတို့သာတည်း။ ဘယ်တရားဖြစ်ဖြစ် အားလုံး အနတ္တတရားချည်းပဲ။

ဣတိ၊ ဤသို့။ ယဒါ။ အကြင်အခါ၌။ ပညာယ၊ ပညာဖြင့်။ ပဿတိ၊ မြင်ကြ၏။ အထ၊ ထိုသို့ အနတ္တဓမ္မတို့ကို တကယ်မြင်ကြတဲ့အခါ၌။ ဒုက္ခေ၊ အဲဒီအနတ္တဓမ္မတွေကို အတ္တလုပ်ပြီး ပြုပြင်နေတဲ့ဒုက္ခတွေထဲမှာ၊ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့ကြလေတော့၏။ ဧသ-ဧသော နိဗ္ဗိန္ဒန္တော၊ ဤကဲ့သို့ အလုံးစုံသော အနတ္တဓမ္မတို့ရဲ့ပေါ်မှာ ဒုက္ခမြင်ပြီးတော့ ငြီးငွေ့သွားကြခြင်းသည်။ သတ္တာနံ၊ လူရောနတ်ပါ သတ္တဝါအပေါင်းတို့ရဲ့။ ဝိသုဒ္ဓိယာ၊ သန့်ရှင်းစင်ကြယ်ခြင်းရဲ့ အကြောင်း တရားပါပေတည်း။ (ဝါ)ဝိသုဒ္ဓိ လမ်းစဉ်ကြီးပင်ဖြစ်ပါတော့၏။

ဣတိ၊ ဤသို့။ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကိုယ်တော်မြတ်သည်။
' ဝိသုဒ္ဓိမဂ္ဂ'လို့ခေါ်တဲ့ သတ္တဝါများရဲ့သန့်ရှင်းစင်ကြယ်ရေး ကောင်းမြတ်တဲ့လမ်းကို။ ကထေသိ၊ ကရုဏာရှေ့ထား မေတ္တာအားဖြင့် ဟောကြား တော်မူခဲ့ပါပေသတည်း။

✔ နိယာမ (၅)ပါးပြည့်စုံအောင် ဟောဖို့အချိန်မရ✔

ဒီနေ့ဟောဖို့ရန် အချိန်အားဖြင့် တစ်နာရီသတ်မှတ်ထားတော့ တစ်နာရီအတွင်း ကိုယ်ဟောချင်တဲ့ အချက်အလက်တွေ အပြည့်အစုံပါအောင် မနည်းကြိုးစားပြီးတော့ ဟောရမယ်။ အချိန်က အလွန်တိုတောင်းတယ်။ နိယာမတရားငါးပါးကို အနတ္တနှင့် ရှုကွက်တင်ပြီးတော့ ဟောဖို့ရာ ဘုန်းကြီးစိတ်ထဲမှာ ဒီလို နှလုံးသွင်းထားတယ်။

ယခင် ဟောဒီတက္ကသိုလ် ဓမ္မာရုံတရားပွဲမှာ ဗုဒ္ဓရဲ့ဝဋ်တော် ၁၂နှင့်ပတ်သက်လို့ နိယာမဒေသနာတော် တွေထဲကကမ္မနိယာမရဲ့ အမြွက်မျှသဘောစိတ္တနိယာမရဲ့အမြွက်မျှသဘောကို ဘုန်းကြီးထည့်ပြီးတော့ ဟောထားတယ်။ ထိုကဲ့သို့ အမြွက်မျှ ဟောထားတဲ့ဒေသနာများကို ဒီကနေ့ပြန်ပြီးတော့ကို နိယာမတရားများထဲမှ အနတ္တသဘောတွေ ပါဝင်ကြောင်း ဘုန်းကြီးတို့ အမျိုးကောင်းသားတွေ၊ အမျိုးကောင်းသမီးတွေ သိသင့်သိထိုက်တယ်လို့
သဘောကျတာနှင့်ပဲ ဒီနိယာမတရားကို ကိုင်ပြီးတော့ ဒီနေ့ဟောဖို့စိတ်ထဲမှာအာရုံပြုပြီးတော့ လာခဲ့ပါတယ်။ တစ်နာရီမျှ အတွင်းမှာ
နိယာမတရား ငါးပါး ရေရေလည်လည် ပြည့်ပြည့်စုံစုံ နားလည်အောင် ဘယ်နည်းနှင့်မှပရိသတ်အား မဟောနိုင်ဘူး။ နိယာမတရားတစ်ခုတစ်ခုကို အနတ္တလက္ခဏာသွင်း၍သွင်း၍ နှစ်နာရီလောက် ဒီလိုကို ဆွေးနွေးပြီး တော့ဟောသွားမယ်ဆိုရင်နာရီပေါင်းဆယ်နာရီလောက်ဟောမှ ဒီနိယာမငါးပါးဟာ သေသေချာချာရေလည်မှာ ဖြစ် ပါတယ်။

ဒီနေ့ တစ်နာရီလောက်ဟောတဲ့ ဒီနိယာမငါးပါးကို ဘုန်းကြီးတို့ ပရိသတ်ရဲ့စိတ်ထဲ မရှင်းလင်းလို့ အကယ်၍ မပြည့်စုံဘူးလို့ ထင်ခဲ့ရင် အချိန်အားဖြင့်တိုတောင်းလွန်းလို့ဆိုတာ ဘုန်းကြီးတို့ပရိသတ်ကိုကြိုတင်ပြီးတော့ ဘုန်းကြီး ပန်ကြားထားပါတယ်။ ဒီတော့နိဒါန်းစကား ဒီလောက်ပဲထားပါ။

✔ အနတ္တကို ပြုပြင်ပြောင်းလဲလို့မရ✔

'နိယာမ'ဆိုတာ ဘာတဲ့လဲဆိုရင်မြန်မာလိုရှင်းရှင်းကလေးပြောကြပါစို့။ သဘာဝဓမ္မတို့ရဲ့ ဖြစ်မြဲသဘော။ 'နိယာမ'ဆိုတာ ဖြစ်မြဲသဘော၊ ပရမတ္ထဓမ္မတို့ရဲ့ ပညတ္ထိဓမ္မတို့ရဲ့ဖြစ်မြဲသဘော။ မည်သည့်တရားမဆိုပရမတ္ထတရား၊ ပညတ္ထိတရား၊ ဘယ်တရားများအတွက်ပဲဖြစ်ဖြစ်၊ ဖြစ်မြဲသဘောကို 'နိယာမ'လို့ ဒီလိုခေါ်တယ်။

အဲဒီဖြစ်မြဲဖြစ်နေတဲ့သဘောတွေကို ကိုယ်ကမဖြစ်အောင် ကြိုးစားကြည့်၊ ပျက်မြဲပျက်နေတဲ့ သဘောတွေကို မပျက်အောင်ကြိုးစားပြီးကြည့်။ ကြိုးစားကြည့်လို့မရတာသည် အနတ္ထပဲလို့ တရားတခုလုံးရဲ့အတိုချုပ် ကလေး ဒီလိုနားလည်ထားလိုက်။ ဖြစ်မြဲဖြစ်နေတဲ့သဘောကို ကိုယ်ကမကြိုက်လို့ ဟိုလိုဖြစ်ချင်တယ်ဆိုပြီး ကြံပြီးတော့ ကြိုးစား ကြည့်၊ဖြစ်မြဲသဘောကို မဖြစ်အောင်ကြိုးစားကြည့်ကြတယ်။ သို့မဟုတ် သူ့နဂိုအတိုင်းဖြစ်နေတဲ့သဘောကို ကိုယ်ကလက်မခံ နိုင်လို့တစ်မျိုးဖြစ်ချင်လို့ကြိုးစားကြည့်ကြတယ်။

အဲဒီလို ကြိုးစားလို့မရတာသည် အနတ္တ၊ ပျက်နေတဲ့သဘောတွေကို မပျက်အောင်ကြိုးစားကြည့်တယ်။ ပျက်ပုံ ပျက်နည်းတစ်မျိုးစီ၊ ကိုယ့်အလိုအတိုင်း ကိုယ့်အလိုကျ ပျက်ချင်လို့ကြိုးစားကြည့်လိုက်တယ်။ ကြိုးစားတိုင်းမရ ဘူးဆိုတဲ့သဘောသည် အနတ္တပဲ။ ဘုန်းကြီးတို့ စာပေက 'အဝသဝတ္တနဋ္ဌေနအနတ္တာ' လို့ဒီလို ပါဠိစကား ပေးထား ပါတယ်။

အဝသဝတ္တနဋ္ဌေန၊ ကိုယ့်အလိုအတိုင်း လိုက်ပါခြင်းမရှိတဲ့သဘောကြောင့်။ တေ ဓမ္မာ၊ အဲဒီနိယာမတရား တို့သည်။ အနတ္တာ၊ အနတ္တတရားတွေပါ။ ကိုယ့်အလိုအတိုင်းဘာမှ ပြုပြင်လို့မရတာတွေကို အနတ္တတဲ့။

✔ အနတ္တဓမ္မနဲ့ ပညာသိ- သညာသိ✔

သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါ ပညာယ ပဿတိ။

သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဓမ္မာ၊ ဟောဒီ နိယာမ တရားတို့သည်။ အနတ္တာ၊အနတ္တတရားတွေပါပဲ။ ဣတိ၊ ဤသို့။ ယဒါ၊ အကြင်အခါ၌။ ပညာယ၊ ပညာဖြင့်။ ပဿတိ၊ မြင်၏။

'ပညာယပဿတိ'အပိုင်းကို ဘုန်းကြီးတို့ပရိသတ် ရှင်းရှင်းကလေး မှတ်ပါ။ 'ပညာ'ဆိုတာ ထိုနိယာမတရားတစ်ခုခုထဲမှာ မိမိရဲ့စိတ်စေတသိတ်ကို ဉာဏ်နဲ့ယှဉ်ပြီးတော့ စိုက်ပြီးနှိုက်ကြည့်လိုက်လို့ တွေ့လာရတဲ့ အသိ ကို'ပညာ'ခေါ်တယ်။

ဖတ်လို့သိတဲ့အသိ၊ သင်တန်းတက်လို့သိတဲ့အသိ၊ ဟောတာတွေကို မှတ်လို့သိတဲ့အသိ၊ စဉ်းစားတွေးခေါ်လို့ သိတဲ့ အသိတွေသည် ပညာမဟုတ်ဘူး။ အဲဒါဟာ သညာ။ အမှတ်ပြု၍ သိခြင်းသည် သညာ။ စာအုပ်ကို ဖတ်မှတ်၍ သိခြင်းသည် သညာ။ သင်တန်းတက်မှတ်၍ သိခြင်းသည်သညာ။ ဟောတာကိုနာမှတ်၍ သိခြင်းသည် သညာ။

'ပညာ'ဆိုတာဒီလိုမဟုတ်ဘူး။ အဲဒီနိယာမတစ်ခုခုထဲကို စိတ်နှင့်စိုက်သွင်းထားပြီးတော့ သေသေချာချာ နှိုက်ကြည့်လို့ သိတဲ့အသိက ပညာ။ ပညာနှင့်သညာ ထိုကဲ့သို့ကွဲပါတယ်။ သညာက မှတ်ထားလို့သိတာ။ 'ပညာ'ဆိုတာ က ကိုယ်တိုင်စိုက်စိုက်စူးစူးနှိုက်ကြည့်လို့ သိလာတာ။ ယခု ပါဠိတော်မှာအနတ္တဓမ္မကို သိဆိုတာ ဘယ့်နှယ် သိတာလဲ။ ဖတ်လို့သိတဲ့အသိ၊ မှတ်လို့သိတဲ့အသိ၊ ကြံလို့သိတဲ့အသိမျိုးမဟုတ်ဘူး။ ပညာယ၊ စိုက်စိုက်စူးစူး ဟောဒီအနတ္တဓမ္မထဲကို နှိုက်ကြည့်လို့သိတဲ့ပညာဖြင့်။ ပဿတိ၊ မြင်ကြ၏။

ဆက်ရန်------

သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ
https://www.facebook.com/photo.php?fbid=813479088713483&set=a.165810310147034.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...