စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တောင်အာဖရိကတွင် ဂေါက်သီးကစားနေသူတစ်ဦး မိကျောင်းဆွဲခံရပြီး သေဆုံး



တောင်အာဖရိက နိုင်ငံရှိ အမျိုးသား ဥယျာဉ်တစ်ခုတွင် ဂေါက်ရိုက်ကစားခဲ့သူ တစ်ဦး မိကျောင်းဆွဲခံရသဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာ (၃)ရက် ညနေပိုင်းက အသက်(၂၉)နှစ်ရှိ ယာကွက်စ်ဗန်ဒါဆန်းဒ်သည် မိကျောင်းတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံရပြီး ၎င်းကို မိကျောင်းက ရေအောက်သို့ ဆွဲချသွားခဲ့သည်။ နောက်တစ်နေ့ နံနက်တွင်မူ ဗန်ဒါဆန်းဒ်၏ ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့သည်။

၎င်းသည် ဥယျာဉ်ထဲရှိ လိတ်ခ်ပန်နစ်ခ်ခေါ် ရေကာတာထဲ၌ ဂေါက်သီးသွားပြန်ယူစဉ် မိကျောင်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ တစ်ညလုံး ပျောက်ဆုံးနေပြီးနောက် ၎င်း၏ အလောင်းကို ပြန်လည် တွေ့ရှိချိန်တွင် ရင်ဘတ်နှင့် ကျောဘက်တို့၌ သွားရာများ တွေ့ရသော်လည်း ခြေလက်များ ပြတ်တောက်နေမှု မရှိဟု ရဲများက ပြောကြားခဲ့သည်။

ဗန်ဒါဆန်းဒ်သည် ကရူဂါ အမျိုးသားဥယျာဉ်သို့ မိဘများနှင့်အတူ ရောက်ရှိလာပြီး အခင်းဖြစ်ချိန်၌ သူငယ်ချင်း တစ်ဦးနှင့်အတူ ဥယျာဉ်ထဲတွင် အပျော်တမ်း ဂေါက်ရိုက် ကစားနေကြခြင်း ဖြစ်သည်။
ခူကူဇာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အူဘက်စ် ကိုရက်ဇာက ဗန်ဒါဆန်းဒ် အနေဖြင့် ခါးလယ်မျှနက်သော ရေထဲဆင်းပြီး ဂေါက်သီးကို ရှာဖွေနေစဉ် မိကျောင်းတိုက်ခိုက်မှုနှင့် ကြုံရခြင်းဟု ယူဆရကြောင်း ဆိုသည်။

“ဒီလူက သူ့သူငယ်ချင်းနဲ့ စိန်ခေါ်ထားတာ ရှိတယ်တဲ့။ ရေထဲကျနေတဲ့ ဘောလုံးတွေကို ဘယ်သူက ပိုများအောင် ပြန်ကောက်နိုင်မလဲ ဆိုတာကိုပါ”ဟု ကိုရက်ဇာက ပြောကြားခဲ့သည်။ တောင်အာဖရိက နိုင်ငံသား တစ်ဦးဖြစ်သည့် ဗန်ဒါဆန်းဒ် သေဆုံးမှုကို ကရူဂါ အမျိုးသား ဥယျာဉ်က အတည်ပြုခဲ့ပြီး “လူငယ်တစ်စုဟာ ဥယျာဉ်ထဲမှာ ဂေါက်ရိုက်ကစားပြီးတဲ့နောက် ဂေါက်သီးတွေကို ပြန်ဆယ်ဖို့ လုပ်ကြပါတယ်။ မိကျောင်းက အဲဒီလူအုပ်ကို ချောင်းနေပြီး သေဆုံးသူကို ရွေးချယ်တိုက်ခိုက်ခဲ့ပုံ ရပါတယ်”ဟု ကြေညာခဲ့သည်။

ဗန်ဒါဆန်းဒ်သည် ပရော်ဖက်ရှင်နယ် ရေငုပ်သမား တစ်ဦးဖြစ်ပြီး ယခင်က ရေအောက်တွင် မိကျောင်းများနှင့် ဆုံတွေ့ဖူးသည့် အခြေအနေမျိုး ကြုံခဲ့ဖူးသည်။ ၎င်း၏ မိဘနှစ်ဦးစလုံးသည် ကရူဂါ အမျိုးသား ဥယျာဉ်တွင် အလုပ်လုပ်ခဲ့ကြပြီး ဖခင်ဖြစ်သူမှာ ယခုအခါ အငြိမ်းစား ယူလိုက်ပြီ ဖြစ်သည်။
တောင်အာဖရိက အမျိုးသား ဥယျာဉ်များဆိုင်ရာ ဇီဝသဘာဝ လေ့လာရေး ပညာရှင် ဒေါက်တာ ဒန်နီဂိုဗန်ဒါကမူ ယခုဖြစ်ရပ်တွင် မိကျောင်းကို အပြစ်တင်ရန် ခက်ခဲကြောင်း မှတ်ချက်ပြုခဲ့သည်။

“တိရစ္ဆာန်တွေ အနေနဲ့ကတော့ သူတို့ရဲ့ စားကျက်မြေထဲကို လူသားတွေ ကျူးကျော်လာရင် စိတ်ကောင်းဝင်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ တိရစ္ဆာန်တွေ အနေနဲ့ သူတို့ပင်ကို သဘာဝအတိုင်း ပြုမူခဲ့တာပဲ ဖြစ်ပါတယ်။ မိကျောင်းက သူ့သားကောင်ကို အမဲလိုက်မှာပဲလေ။ ဒါပေမဲ့ စိတ်မကောင်းစရာ အခြေအနေအဖြစ် လူ့အသက်တစ်ချောင်းတော့ ဆုံးရှုံးသွားပါတယ်”ဟု ဂိုဗန်ဒါက ပြောကြားသွားသည်။
_Ref: Dailymail

http://www.7daydaily.com/story/26364#.VIHFe-Jh71U

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...