စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာမလေးတွေ မြန်မာလိုလှစေချင်



''သနပ်ခါးကို ဘယ်ညာလူး၊ ဆံထုံးလေးပါထုံး၊ မြန်မာရင်ဖုံးလေးနဲ့ လိုက်ပါတယ်၊ ကြည့်စမ်းကွာမြင်သူငေး၊ ချောလှပါတယ်...မောင့် ချစ်သူဗမာမလေးရယ်...''

အခုတလော ဒီသီချင်းလေးကို နေရာအနှံ့မှာ ကြားနေရပါတယ်။ ဒီသီချင်းလေးအမည်က ''မောင့် ချစ်သူ''ပါတဲ့။ လူငယ်တော်တော် များများရဲ့ဖုန်း Ringtone အနေ နဲ့လည်း ကြားနေရပါတယ်။ အဲဒီ သီချင်းလေး လူကြိုက်များလာတာ နဲ့အမျှ ယခင်ကနဲ့မတူ ပြောင်းလဲ လာတဲ့ မြန်မာအမျိုးသမီး ငယ်လေးတွေရဲ့ ပြင်ဆင်မှုပုံစံပြောင်းလဲလာ ပုံကို ခင်လေး သတိထားမိ လာပါတယ်။

ခေတ်မီဆန်းပြားတဲ့ အလှ ကုန်ပစ္စည်းတွေနောက်ကို အမီ လိုက်ပြီး သုံးစွဲနေတဲ့မြန်မာမိန်းက လေးတွေဟာ ကိုယ့်ရဲ့ရိုးရာသနပ် ခါးကိုပိုပြီးတန်ဖိုးထား တတ်လာ တာ ကိုသတိထားမိပါတယ်။ မိန်းကလေးတွေရဲ့ လှပတဲ့မျက်နှာလေးတွေ ထက်မှာ ကျက်သရေရှိတဲ့ သနပ်ခါး ပါးကွက်လေးတွေကို ပိုပြီးတွေ့လာ ရပါတယ်။ သနပ်ခါးလိမ်းတဲ့ မိန်း ကလေးတစ်ယောက်ရဲ့အလှဟာ မြင်ရသူတိုင်းကို မျက်စိအေးစေပါ တယ်။

ယခုတလော မိန်းကလေးတွေမှာ အထူးခြားဆုံးပြောင်းလဲလာ တာတော့ ဝတ်စားဆင်ယင်မှု ပုံစံပါ။ ကိုရီးယား ဇာတ်လမ်းတွဲတွေ မြန်မာနိုင်ငံမှာ အောင်မြင်လာတာနဲ့အမျှ ကိုရီးယား အစားအစာနဲ့ ကိုရီးယား နိုင်ငံက မိန်းကလေးတွေရဲ့ ဝတ်ပုံစားပုံတွေက မြန်မာမိန်းကလေး တွေကို လွှမ်းမိုးလာပါတယ်။ ကိုရီးယား သူလေးတွေ ဝတ်ဆင်တဲ့ ပေါင် တိုစကတ်၊ ဘောင်းဘီတွေဟာ သူတို့တွေနဲ့သာ လိုက်ဖက်တာပါ။

တကယ်ဆို အဲဒီဇာတ်လမ်းတွဲတွေ ထဲက လူငယ်တွေရဲ့ အလုပ်အပေါ် မှာ ကြိုးစားမှု၊ ဇွဲလုံ့လရှိမှုတွေကိုပဲ အတုယူသင့်တာပါ။ မိမိနိုင်ငံရဲ့ ယဉ်ကျေး မှုကိုဆန့်ကျင်တဲ့ ဝတ်စား ဆင်ယင်ပုံတွေကို လုံးဝအတုမယူ သင့်ပါဘူးနော်။

သို့ပေမယ့် ''မောင့်ချစ်သူ'' သီချင်းလေး ပေါ်လာပြီးတဲ့နောက်မှာ တော့ ခင်လေးတို့ ဆီကမိန်းကလေး တွေဟာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ ကိုက်ညီတဲ့ မြန်မာရင်ဖုံးလေး တွေကို အမြတ်တနိုးနဲ့ပြန်လည် ဝတ်ဆင်လာကြတာကို တွေ့ရပါ တယ်။

ဒါက ခင်လေးအထင်ပေါ့ နော်။ ဒါပေမဲ့ မြန်မာရင်ဖုံးလေး ကိုဝတ်ပြီး ကျက်သရေမင်္ဂလာရှိစွာ လှပနေတဲ့ မြန်မာ မိန်းကလေးတွေကို ခေတ်မီတဲ့မြို့ တော်ကြီးတွေမှာတွေ့ မြင်လာရတဲ့အတွက် အလွန် ကြည်နူးမိပါတယ်။ မြန်မာဝတ်စုံကို ပဲဝတ်ရမယ်လို့ ခင်လေးကမဆိုလို ပါဘူးနော်။ သူ့နေရာနဲ့သူပေါ့။ ယဉ် တစ်ကိုယ်အလှကို ပိုင်ဆိုင်ထားတဲ့ မြန်မာမိန်းကလေးတွေဟာ မြန်မာ့ ရိုးရာသနပ်ခါးနဲ့ မြန်မာရင်ဖုံးလေး တွေနဲ့ပိုပြီး ချစ်စရာကောင်းတယ် လို့ခင်လေးက မြင်မိပါတယ်။

ချစ်စရာကောင်းတဲ့ မြန်မာ သနပ်ခါးအကြောင်း အနည်းငယ် ကို ခင်လေးပြောပြမယ်နော်။ သနပ်ခါးပင်က ပင်စည်လုံးပတ် သုံးပေခန့်အထိ ကြီးမားပြီးတော့ အကိုင်းတွေက တောင့်တင်းခိုင်မာ၍ ဆူးရှိတဲ့အပင်မျိုးပါ။ သနပ်ခါး အပွင့်က အဖြူရောင်ဖြစ်ပြီးတော့ အလွန်မွှေးပါတယ်။ တန်ခူး၊ ကဆုန်လများမှာ ဖူးစို့ငယ်ကလေး တွေစတင်ပြီး တစ်ပတ်အတွင်း အဆုပ်လိုက်ပွင့်ပါတယ်။ အသီးကတော့ ဝါခေါင်၊ တော်သလင်းလ များမှာမှည့်ပါတယ်။

သနပ်ခါး အသားဟာ အလွန်မာကျောပြီး သစ်ကြောစိပ်၍ အသားကျစ်ပါ တယ်။ သီးခေါက်၊ ဥသျှစ်၊ ဆူးဖြူ၊ ရှားသစ်ပလွေတို့က သနပ်ခါး ခေါက်နှင့် ဆင်တူတဲ့အတွက် ရောနှောရောင်းချတတ်ပါတယ်။ သီးခေါက်က မျက်နှာချောမွေ့စေ သော်လည်း အခြားအပင်များမှ အခေါက်များက မျက်နှာအရေပြားကို ထိခိုက်နိုင်တာမို့ အတု၊ အစစ် ကို သေချာရွေးစေချင်ပါတယ်။

မြဝတီ စာချစ်သူပရိသတ်ကြီး ရေ... ကိုရီးယားက ကမ္ဘာကို ထိုးဖောက် ဖို့ကြိုးစားနေတာ ကိုရီးယားဇာတ် လမ်းတွဲတွေနဲ့ပါ။ အဲဒီဇာတ်လမ်းတွဲ တွေမှာ သူတို့ရဲ့ ရိုးရာအစားအစာ နဲ့ ချစ်စရာကောင်းတဲ့ဝတ်စားဆင် ယင်မှုတွေကို ပြသနေကြပါတယ်။ ခင်လေးက မြန်မာလူမျိုးတွေက လည်း ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ခင်လေးတို့နိုင်ငံရဲ့ မြန်မာသနပ်ခါးလိမ်း၊ မြန်မာရင်ဖုံးလေးဝတ်ပြီး မြန်မာ့ ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် ပြလိုက်ချင်စမ်းပါဘိ။

မြန်မာ့အစားအစာဖြစ်တဲ့ ငါးပိရည်၊ တို့စရာနဲ့ မုန့်ဟင်းခါးတွေကို အားရ ပါးရ စားပြလိုက်စမ်းပါနော်။

မြန်မာ့သနပ်ခါးနဲ့ မြန်မာရင်ဖုံး ကို မြန်မာမိန်းကလေးတွေ မြတ်နိုး တတ်လာအောင် သီဆိုဖော်ကျူး ထားတဲ့ ''မောင့်ချစ်သူ'' သီချင်းလေးကို ခင်လေးက ကျေးဇူးတင်လိုက် ပါသတဲ့နော်။ ဒီလိုချစ်စရာကောင်းပြီး နားထဲကို ရောက်သွားစေမယ့် သီချင်းမျိုးတွေကို ခင်လေးတို့နိုင်ငံက ဂီတပညာရှင်တွေက အများ ကြီးဖန်တီးရေးသား သီဆိုနိုင်ပါစေ လို့ ခင်လေးက ဆန္ဒပြုရင်း..။ ။

ခင်လေး

သဘာဝအလှပိုင်ရှင်များ


https://www.facebook.com/riverview703415/photos/a.389907384419201.90648.389881957755077/7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...