စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







" တ ကယ် သိ စ ရာ တွေ ရှိ ပါ သေး တယ် "




လူတွေနဲ့ ဆက်ဆံပြောဆိုတဲ့ေ နရာမှာ မိမိဘက်က ထားရှိသင့်တဲ့၊ လိုက်နာကျင့်သုံးသင့်တဲ့ သဘောထားတွေ အပြုအမူတွေနဲ့ ပါတ်သက်ပြီး လူငယ်တွေနဲ့ စကားဝိုင်းတစ်ခု ဖြစ်ခဲ့ဘူးပါတယ်။
အဲဒီစကားဝိုင်းမှာ လူတွေနဲ့ ဆက်ဆံပြောဆိုတဲ့ နေရာမှာ သူအသုံးပြုခဲ့တဲ့ သဘောထားဟာ
(၁)respect 
(၂)respect
(၃)respect ပါလို့ INGO တစ်ခုမှာ ပရဟိတ အလုပ်တွေကို တာဝန်ယူ လုပ်ကိုင်နေတဲ့ လူငယ် တစ်ယောက်က ပြောခဲ့ဘူးပါတယ်။
သီလကို တန်ဘိုးထားသလို ကာယကံ ဝစီကံတွေ အလွန် ကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့လှတဲ့ မိန်းခလေး တစ်ယောက်ပါ။
မိမိအနေနဲ့ သီလကို တန်ဖိုးးထားပြီး ကာယကံ ဝစီကံတွေ အပြစ် မဖြစ်အောင်၊ အစွန်းအထင်း မဖြစ်အောင် နေတတ် ပြောတတ်သူ မှန်သမျှ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အသိအမှတ်ပြု လေးစားရပါတယ်။
တကယ်တမ်းကျတော့ လောကမှာရော တရားနယ်ပယ်မှာပါ အဲဒီ အနေအထားလောက် ကိုယ်ရည်ကိုယ်သွေး ကောင်းအောင်ဖြည့်ကျင့် နိုင်ဖို့ကို မလွယ်တတ်ပါဘူး။

အဲဒီမိန်းခလေးနဲ့ နောက်ရက်တွေမှာ စကား ပြောဖြစ်တော့လည်း သူဟာ သူပြောသလို တကယ်ကျင့်နေတဲ့သူလို့ ပိုမိုနားလည်ရတာမို့ ပိုပြီးအလေးအနက် ထားလိုက်မိပါတယ်။
တရားစခန်းတွေ သုံးကြိမ်လောက်လည်း ဝင်ဘူးတာမို့ တရားအားထုတ်တဲ့ သဘာဝနဲ့ နီးစပ်တာကြောင့် ပြောရဆိုရတာလည်း အဆင်ပြေလှပါတယ်။ သတိပဋ္ဌာန်တရား အားထုတ်တာနဲ့ ပါတ်သက်ပြီး ကောင်းကောင်း နားမလည်သေးလို့ပါ ဆိုတဲ့ စကား ပြောလာတာနဲ့ သူ့ကိုမေးခွန်းလေး တွေမေးမိပါတယ်။

"အမှန်အတိုင်းဖြေပါသမီး။မနက်အိပ်ရာကထလို့ မျက်နှာသစ်တာ၊ ထမင်းစားတာ၊ဘုရားရှိခိုးလို့ ကုသိုလ်ဖြစ်တာ၊ တစ်ယောက်ယောက်ကို မကျေနပ်တာ၊ ဝမ်းသာတာ၊ ဝမ်းနည်းတာ၊ တစ်ခုခုလိုချင်တာ၊ ဖြစ်ချင်တာတွေ ဖြစ်ခဲ့တယ် မဟုတ်လား။"
" ဖြစ်ခဲ့ပါတယ်ဆရာ"
"ဟုတ်ပါပြီ။ အခုနေပြန်စဉ်းစားလိုက်တဲ့ အခါမှ ကိုယ်လုပ်ခဲ့ ပြောခဲ့ စိတ်ကူးခဲ့တာ ဟူသမျှ ပြန်မှတ်မိတာကိုတော့ ထားပါတော့လေ။
ဒါပေမဲ့ အဲဒါတွေကို သမီး လုပ်နေ ပြောနေ စဉ်းစားနေတဲ့အခိုက်၊ ဖြစ်နေတဲ့အခိုက်တွေမှာ အဲဒီလိုဖြစ်နေတယ် ဆိုတာကို သမီးသိခဲ့သလား"
"မသိခဲ့ပါဘူး"
"သတိပဋ္ဌာန်တရားကို အားထုတ်သူတစ်ယောက်နဲ့ အားမထုတ်တဲ့သူ ကွာတာ အဲဒီနေရာပဲသမီး။
တရား အားထုတ်သူတစ်ယောက်ဟာ တစ်နေ့တာ
သူလုပ်နေတာ၊ ဖြစ်နေတာ၊ ပြောင်းလည်းနေတာ တွေကို သိနေပေမဲ့ အားမထုတ်သူကတော့ သူလုပ်နေတာ ဖြစ်နေတာတွေကို တစ်ချက် ကလေးမှ မသိပါဘူး။
အဲဒီတော့ သတိပဋ္ဌာန်တရားကို အားထုတ် ချင်တယ် ဆိုရင် အရင်ဆုံး တစ်နေ့တာမှာ ကိုယ်လုပ်နေတာတွေ ကိုယ့်ခန္ဓာ ကိုယ့်စိတ်မှာ ဖြစ်နေတာတွေကို တတ်နိုင် သလောက် သတိနဲ့ သိတတ်တဲ့ အလေ့အကျင့် ကလေးက စပြီး လေ့ကျင့်စေချင်တယ်"

တရားစခန်းသုံးကြိမ်လောက် ဝင်ပြီးသားသူမို့ ဘာရှုပါ ဘာမှတ်ပါ ဆိုတာတွေကို အထူးအထွေ ပြောနေဖို့ မလိုတော့ပါဘူး။
မိမိအနေနဲ့ နှမ်းဖြူးရုံ လောက်သာ အနည်းငယ် ပြောဖြစ်ခဲ့တာပါ။
အဲဒီလိုနဲ့ စကားပြောနေရင်း သူအသုံးပြုနေတဲ့ respect အကြောင်းကို စကား ရောက်သွားပါတယ်။

"ဆင်းရဲ ချမ်းသာမရွေး ဘယ်သူ့အပေါ်မဆို စိတ်ကောင်း စေတနာကောင်းနဲ့ respect ထားတာဟာ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီ respect ထားတာကိုလည်း သေချာသိအောင် သတိထားစေချင်တယ်။ ကိုယ်ဘယ်လို သဘောထားနဲ့ respect လုပ်နေတာလည်း ဆိုတာပါ တစ်ခါထဲ သိအောင် ကြိုးစားပါသမီး"
အပြင်ဘက်က လုပ်နိုင်တာတွေကို အားပြုပြီး ဆောင်ရွက်တတ်တဲ့သူ အများစုမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်တတ်တဲ့ အလေ့အကျင့်တွေ အားနည်း တတ်တာမို့လည်း ဒီစကားကို ပြောဖြစ်ခဲ့တာပါ။

အဲဒီလိုစကားတွေ ပြောပြီး နောက်ထပ် တစ်နှစ်လောက် အကြာမှ အဲဒီမိန်းခလေးနဲ့ ပြန်ဆုံရပါတယ်။
ဓမ္မကိုစိတ်ဝင်စားတဲ့ သူတွေနဲ့ ဆုံရတိုင်း ပြောဖြစ်တဲ့ အကြောင်းအရာကတော့ ဓမ္မ အကြောင်းပါပဲ။
အရင်ကထက် ရင့်ကျက်လာတဲ့ တည်ငြိမ်လာတဲ့ အမူအရာတွေနဲ့ ပြောလာတဲ့ လူငယ် တစ်ယောက်ရဲ့ စကားတွေဟာအလွန် စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

"ကိုယ့်ကိုယ်ကိုတတ်နိုင်သလောက်သတိထား ပြီးနေပါတယ်ဆရာ။ အထူးသဖြင့်ဆရာပြောခဲ့တဲ့ respect နဲ့ ပါတ်သက်ပြီး ပိုသတိထား ဖြစ်ခဲ့ပါတယ်။
ကိုယ့်ကိုယ်ကို အမှန်အတိုင်း နားလည်ဖို့ ကြိုးစားရတာဟာ မလွယ်ဘူးဆရာ။
တစ်ခါတလေ သမီးလုပ်နေတာတွေဟာ လူအထင်ကြီး ခံချင်လို့ လုပ်နေတာတွေလည်း
ပါနေတတ်ပါတယ်။
အခွင့်အရေးတွေကိုမျှော်လင့်ပြီးလုပ်နေ တာတွေလည်း ရှိနေတယ်။
သူများထက် ကိုယ်က အရည်အချင်းတွေမှာ သာတဲ့ အကြောင်း တခြားသူတွေကို သိစေချင်လို့ သူများသိအောင် လုပ်ပြနေတာတွေလည်း ပါနေတတ်တယ်။ သူများအပေါ် အသာစီးရချင်လို့ လုပ်နေမိတာလည်း ခဏ ခဏပါပဲ။
တစ်ခါတလေ လုပ်နေကျမို့ အကျင့်ပါပြီး respect လုပ်နေသလို ဖြစ်နေတာကိုလည်း သတိထားမိတယ်။
အဲဒီအခါကျမှ ကိုယ့်စိတ်ဟာ တကယ်တမ်း ပြောသလောက် မဖြူစင်တာကို သိရတော့တယ်ဆရာ"

သူနားလည်တာ သိတာတွေဟာ အမှန်တွေပါပဲ။
တနှစ်လောက်အတွင်း ဒီလောက် ကိုယ့်ကိုယ်ကို
သိလာတာ ဝမ်းမြောက်စရာပါပဲ။
အခုလို ကိုယ့်အပြစ် ကိုယ့်အားနည်းချက်တွေကို မြင်ဖို့ လက်ခံဖို့ဆိုတာ တော်တော် မလွယ်တာပါ။
ကိုယ်လုပ်နေတဲ့ အလုပ်တွေရဲ့ အောင်မြင်မှုတွေကို အဟုတ်ထင်ပြီး ကိုယ့်ကိုယ်ကို သေချာ မသိတဲ့အခါ မမှန်ကန်တဲ့ သဘောထားတွေနဲ့ တဏှာ မာန ဒိဋ္ဌိတွေ တိုးတတ်ပါ တယ်။
သဘောထားမမှန်ရင် ဘယ်လောက် ခေါင်းစဉ်တွေ
ကောင်းပေမဲ့ ကုသိုလ်ဖြစ်ဖို့၊ တင့်တယ်စွာ ရပ်တည်နိုင်ဖို့၊ ရေရှည် အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ ခက်ခဲတတ် ပါတယ်။
အဲဒါကြောင့်လည်း ဘာလုပ်လုပ် "သဘောထားမှန်ဖို့လိုတယ်" ဆိုတဲ့စကားကို မိမိအနေနဲ့ ကြိမ်ဖန်များစွာပြောဖြစ်ခဲ့တာပါ။

မမှန်ကန်တဲ့ သဘောထားတွေဟာ အဖွဲ့အစည်းတွေရဲ့ မြင့်မြတ်တဲ့ ပုံရိပ်တွေကို ဖျက်ဆီးတတ်သလို၊အဲဒီအဖွဲ့အစည်း ဒါမှမဟုတ် အသိုင်းအဝိုင်း တစ်ခုရဲ့ ညီညွတ်မှုတွေ ယုံကြည်မှုတွေကိုလည်း ပျက်သုန်း စေတတ်ပါတယ်။

သဘောထားမမှန်လို့ နောက်ထပ် ဆုံးရှုံးရတာ တစ်ခုကတော့ မိမိကိုယ်ကို ဆုံးရှုံးလိုက်ရတာပါပဲ။
တစ်ခါတလေ ကိုယ်ကျင့်သီလတွေ မြင့်မြတ်ခြင်းတွေပါ ဆုံးရှုံးရတတ်ပါတယ်။
ဒီလိုနဲ့ပဲ ကုသိုလ်တွေလုပ်ရင်း အကုသိုလ်တွေ ဖြစ်ရတဲ့သူတွေ ဓမ္မကနေ အဓမ္မဖြစ်ရတဲ့ သူတွေ မရေနိုင်လောက် အောင်များခဲ့ပါပြီ။
အထူးသဖြင့် ဒီမိန်ခလေးတို့လို အများအကျိုးကို ဆောင်ရွက်နေရတဲ့ သူတွေအတွက် ကိုယ့်ကိုယ်ကို ကောင်းသထက် ကောင်းအောင် ပြုပြင်နိုင်မှသာ သဘောထားမှန်စွာနဲ့ အများအကျိုးကို တင့်တယ် အောင်မြင်စွာ ဆောင်ရွက် နိုင်မှာပါ။

သူ့စကားတွေကို သဘောကျစွာ နားထောင်ရင်း "အဲဒီတော့" ဆိုပြီး စကားထောက်လိုက်ပါတယ်။
" အစပိုင်းမှာ သမီး တော်တော် စိတ်ညစ်သွားတာ။ တဖြည်းဖြည်းနဲ့မှ အဲဒီမကောင်းတာတွေ ကိုသိရင်းသိရင်းနဲ့ နည်းနည်းစီ ပြုပြင်လာနိုင်ခဲ့လို့ အခုဆိုရင် အဲဒီစိတ်ဆိုတွေ အရင်လောက် မများဘဲ ပိုပြီး အေးအေးဆေးဆေးနဲ့ အလုပ်တွေ လုပ်နိုင်လာတယ်။
စိတ်လည်းပိုရှင်းလာတယ်။ အလုပ်တွေလည်း ပိုအဆင်ပြေလာတယ်။ သမီးကျင့်သုံးနေတဲ့ respect အကြောင်းကိုလည်း အရင်ကထက် ပိုနားလည်လာရတယ်။ မကောင်းတဲ့ စိတ်တွေကတော့ ရှိနေတတ်ပေမဲ့ အရင်လောက် မဆိုးတော့သလို အရှိန်လည်း နည်းနည်းတော့ လျော့လာပါတယ်"

နားထောင်နေရင်းစိတ်ထဲကနေ သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။
နဂိုစိတ်ထားကောင်းသူ၊ သတိနဲ့သိတတ်တဲ့ အလေ့အကျင့်တွေနဲ့ ကြိုးစားအားထုတ်သူ၊ မိမိကိုယ်ကို ပြုပြင်နိုင်တဲ့ စိတ်အရည်အသွေးတွေ ရှိတဲ့သူမို့သာ အခုလောက် နားလည်နိုင်တာပါ။
သူ့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုမိရင်းသူ့ကို စကားတစ်ခွန်း ပြန်ပြောဖြစ်ခဲ့ပါတယ်။

"အခုလိုကိုယ့်ကိုယ်ကိုသိရင်း နားလည်မှုတွေ သဘောပေါက်မှုတွေ တိုးလာတာအလွန် ကောင်းပါတယ်သမီး။ အခုလို ကိုယ်လုပ်နေတာတွေကို သိတတ်တဲ့ အလေ့အကျင့်တွေ၊ ကိလေသာက အစ ကိုယ်ဖြစ်နေတာတွေကို သိတတ်တဲ့ အလေ့အကျင့်တွေဟာ တနည်းအားဖြင့် ကိလေသာတွေ နည်းအောင် ပါးအောင် သိခြင်း အားဖြင့် ပယ်နေတာပါပဲ။
ဒီအတိုင်းပဲ လေ့ကျင့်သွားရင် တဖြည်းဖြည်း တိုးတက်လာမှာ အသေအချာပါပဲ။
တရားအားထုတ်ရင်း အခုလို ထိုက်သင့်သလောက် တိုးတက်လာတဲ့အခါ ကိုယ့်ကိုယ်ကို ဟုတ်ပြီဆိုတဲ့ အထင်နဲ့ မာနတွေ မဖြစ်စေဖို့ ကိုယ့်အတွက် ဘယ်နေရာမှာမဆို "တကယ်သိစရာတွေ ရှိပါသေးတယ်"လို့ စိတ်ထဲမှာ နားလည် ထားစေချင်တယ်။"

သူ့ကိုပြောဖြစ်ခဲ့တဲ့ အဲဒီစကားဟာ တကယ်တော့ ကိုယ့်ကိုယ်ကိုလည်း မကြာခဏဆိုသလို ပြန်ပြီး သတိပေးဖြစ်နေခဲ့တဲ့ စကားတစ်ခွန်းပါပဲ။
မေတ္တာဖြင့်
( photo credit- နှလုံးသားအာဟာရ )

https://www.facebook.com/684570794913324/photos/a.688182247885512.1073741829.68457079491

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...