စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







" ဝေး သွား တဲ့ အ ခါ……စိတ် ချ ပါ ရ စေ "



မိတ္ထီလာ စီးပွာရေးတက္ကသိုလ်ကို ပထမနှစ် ကျောင်းသွားတက်ရမဲ့ သမီးဖြစ်သူနဲ့ ဒီနေ့စကား ပြောဖြစ်ခဲ့ပါတယ်။
ပြောစရာရှိတာ မှာစရာရှိတာတွေ ပြောရင်း မှာရင်းနဲ့ သားအဖ နှစ်ယောက် စကားလက်ဆုံကျ နေမိပါတယ်။ အဲဒီမှာသမီးကိုစကားတစ်ခွန်း မေးမိပါတယ်။ 

"သမီး ကျောင်းကိုရောက်ရင် အဖေနဲ့အမေကို သတိရနေမှာလား" 
"သတိရမှာပေါ့အဖေ" လို့ ပြန်ဖြေတဲ့သမီးကို နောက်တစ်ခွန်းထပ်မေးဖြစ်ပါတယ်။
"အဲဒီလို သတိရတဲ့အခါ အဖေနဲ့ အမေတို့ အကြောင်း စဉ်းစားပြီးတော့ အဖေတို့အတွက် စိတ်မချတာ စိတ်ပူရတာတွေ သမီးစိတ်ထဲမှာ ဖြစ်နိုင်မလား"
"မဖြစ်နိုင်ပါဘူးအဖေ"
"ဘာလို မဖြစ်နိုင်တာလဲ"
"အဖေတို့ အမေတို့မှာ စိတ်မချစရာ ရှိမှမရှိတာ"

သမီးရဲ့အဖြေကို သဘောကျစွာ နားထောင်ရင်း ထောက်ခံစကား ပြောမိပါတယ်။(ကိုယ်အချိန် မရွေး သေသွားနိုင်တယ် ဆိုတာကို အခုနေခါမှာ သူ့ကို ပြောလို့ မသင့်သေးသလို ပြောရင်လည်း ဘယ်လက်ခံ နိုင်အုံးမှာလဲ)
"ဟုတ်တယ်သမီး။ အဖေတို့အမေတို့ရဲ့ စိတ်ထား ဂုဏ်သိက္ခာကို သမီးစိတ်ချယုံကြည် ထားတာမို့ အဖေ အရက်တွေသောက်ပြီး မူးလဲနေမှာ၊ လောင်းကစားတွေ လုပ်နေမှာ၊ အမေနဲ့ရန် ဖြစ်နေမှာ စတာတွေအတွက် သမီးတွေးပြီး ပူစရာ မလိုတော့ဘူးပေါ့။ သတိရတာချင်းအတူတူ စိတ်ပူပြီး သတိရတာနဲ့ စိတ်ချပြီး သတိရတာ ဘယ်ဟာက ပိုစိတ်ချမ်းသာမလဲသမီး"
"စိတ်ချပြီး သတိရတာက ပိုစိတ်ချမ်းသာပါတယ်"
"အဲဒီလိုပဲသမီး။ အခုသမီး ကျောင်းသွားတက်ရမဲ့ နေရာဟာ သမီးအတွက် တစ်ခါမှ မရောက်ဘူးတဲ့ နေရာသစ် တစ်ခုပါပဲ။ ပါတ်ဝန်းကျင်အသစ်၊ အခြေအနေ အသစ်၊ တွေ့ကြုံရမဲ့လူတွေက အစ အသစ်တွေနဲ့ ဆုံရမဲ့ နေရာပဲ။ မရောက်ဘူးသေးတဲ့ အသိုင်းအဝိုင်း တစ်ခုမှာ ကောင်းတာတွေရှိသလို မကောင်း တာတွေလည်းရှိနေမှာပဲ။ နောက်တစ်ခုက မိဘ တွေရဲ့မမြင်ကွယ်ရာ ဘာမဆို ကောင်းတာရော ဆိုးတာတွေပါ ဖြစ်နိုင်တဲ့ နေရာ တစ်ခုကို ငါ့သမီးတစ်ယောက်ထဲ လွှတ်ရတော့မှာပါ။
ကျန်ရစ်ခဲ့တဲ့ အဖေတို့က သမီးကို မကြာခဏ သတိရနေရမယ် ဆိုတာ သမီး ယုံတယ် မဟုတ်လား"
" ယုံပါတယ်ဖေကြီး"
" သမီးကြိုက်တတ်တဲ့ ဟင်းတွေ ချက်တဲ့အခါ "ဒီဟင်းက ငါ့သမီးလေးကမှကြိုက်တာ"လို့ တဖွဖွ ပြောရင်း သတိရနေကြမှာပါ။ သမီးနဲ့ အတူတူ သွားနေကျ သမီးအမေကလည်း သူ့အတွက်အရိပ် တစ်ခုလို ဖြစ်နေတဲ့ သမီးကို အမြဲလိုလို သတိရနေမှာပါပဲ။ မိသားစုလေးယောက်သာရှိတဲ့ အဖေတို့မိသားစုဘဝမှာ သားရော သမီးရော အဝေးရောက်နေတဲ့အတွက် ကျန်နေတဲ့ အဖေနဲ့ အမေကတော့ ဘာပဲပြောပြော ယောင်တောင်တောင် ဟာတာတာနဲ့ သတိရနေကြမှာပါပဲ။"
နားထောင်နေရင်း ငြိမ်ကျသွားတဲ့ သမီးကို သတိထားမိပေမဲ့ ပြောစရာကျန်သေးတာမို့ ဆက်ပြောရပါတယ်။
"ဒါပေမဲ့သမီး။အဲဒီလို အဖေတို့ သမီးကို သတိရတဲ့အခါ အဖေ့သမီးဟာ
( ၁ )မိမိဂုဏ်သိက္ခာ
( ၂ )မိမိကျန်းမာရေး
( ၃ )မိမိပညာရေးကို ဘယ်တော့မှ ထိခိုက်နစ်နာ အောင် မလုပ်ဘူးဆိုတဲ့ သမီးအပေါ် ယုံကြည်မှုနဲ့ သမီးကို အဖေတို့ သတိရချင်ပါတယ်။
သတိရမိတဲ့ အခါတိုင်း သမီးအတွက် စိတ်ချလို့ ထားချင်ပါတယ်။ အခုလို ဝေးသွာမဲ့ အချိန်မှာ သမီးက အဖေတို့ကို စိတ်ချစွာ သတိရနေသလို အဖေတို့ကလည်း သမီးကိုစိတ်ချစွာ သတိရချင်ပါတယ်သမီး"
မိမိစကားတွေကို စိတ်ဝင်တစား နားထောင်နေတဲ့ သမီးဖြစ်သူရဲ့ မျက်ဝန်းက မျက်ရည်စတွေကို မြင်မိလိုက်တဲ့ အချိန်မှာပဲ စိတ်ထဲမှာနင့်ကနဲ တစ်ချက် ဖြစ်သွားရပါတယ်။
သမီးစိတ်မဆင်းရဲ စေချင်လို့ တခြား စကား လမ်းကြောင်း တစ်ခုကို အမြန် ပြောင်းလိုက် ရပါတယ်။
သူ့ရင်မှာခံစားရသလို ကိုယ်တွေလည်း ခံစားရ တာပါပဲလေ။
သံယောဇဉ်ပဲပေါ့နော်။

မိမိတို့တတွေဟာ တစ်ချိန်ချိန်မှာတော့
တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် သံယောဇဉ်ရှိတယ်ပဲဆိုဆို ခဏဖြစ်စေ၊ ကြာကြာဖြစ်စေ၊ ထာဝရဖြစ်စေ ခွဲရမဲ့ ဝေးကွာရမဲ့ အဖြစ်မျိုးတွေနဲ့ သေချာပေါက် ကြုံကြရအုံးမှာပါ။ သူက ကိုယ့်ကိုထားခဲ့ပြီးခွဲသွားတာမျိုး ဖြစ်နိုင်သလို၊ ကိုယ်ကသူတို့ကို ထားခဲ့ပြီး ခွဲသွားတာမျိုးလည်း ဖြစ်နိုင်တာပါပဲ။
ဘယ်လိုဘဲခွဲရခွဲရ၊ ကျန်ခဲ့သူက ခွဲသွားသူကို ကောင်းမွန်တဲ့ ခရီးတစ်ခု သွားသလို စိတ်ချရတာမျိုး ဖြစ်နိုင်ခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ။
အဲဒီလိုပဲ ခွဲသွားတဲ့သူ ကလည်း ကျန်နေခဲ့သူတွေ အတွက် နောက်ဆံ မငင်ဘဲ စိတ်ချ လက်ချ ထားခဲ့နိုင်တာမျိုး ဆိုရင် ဘယ်လာက် ကောင်းလိုက်မလဲ။
တစ်ဦးကို တစ်ဦး စိတ်မချ နိုင်ဘဲ စိုးရိမ်နေရ၊ စိတ်ပူနေရတာဟာ အလွန် ပင်ပန်းလှပါတယ်။
စိတ်မချနိုင်တဲ့ သောကနဲ့ ချည်နှောင်ထားတဲ့ ကိလေသာနှောင်ကြိုးဟာ ကျန်ခဲ့သူတွေအတွက် ပူလောင်ရသလို၊ ခွဲခွာသွားသူတွေအတွက်လည်း စိတ်မဖြောင့် စရာပါပဲ။

မိမိပြောပြောနေတဲ့ Fb ပေါ်က ဓမ္မပန်းခင်းထဲမှာ ကျင်လည်နေကြတဲ့ မိမိအပါအဝင် ဓမ္မမိတ်ဆွေတွေ အကြားမှာလည်း တစ်ချိန်မဟုတ် တစ်ချိန်တော့ ခဏဖြစ်စေ ထာဝရဖြစ်စေ ခွဲကြရအုံး မှာပါပဲ။
ကိုယ်တိုင်ဓမ္မဒါနတွေပြုရင်း ဓမ္မပန်းတွေ စိုက်ပျိုးနေသူတွေပဲဖြစ်ဖြစ်၊ သူတပါးရဲ့ဓမ္မဒါန တရားအလှူတွေကို သာဓုခေါ်ရင်း၊ နာယူ အားပေးရင်းနဲ့ ပန်းပင်တွေကို ရေလောင်း ပေါင်းသင် ကုသိုလ် ယူနေတဲ့ သူတွေပဲဖြစ်ဖြစ်၊ ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။
ဘယ်သူမဆို တစ်နေ့နေ့မှာတော့ အားလုံးကို ထားခဲ့လို့ ခွဲသွားရအုံးမှာပါပဲ။

အဲဒီအချိန်မှာ ခွဲခွာသွားသူတစ် ယောက်အနေနဲ့ ကျန်သူတွေအတွက် Good example အဖြစ် အရည်အသွေး ကောင်းမွန်တဲ့ အပြုအမူ အပြောအဆို စိတ်ထားတွေ၊ လုံခြုံတဲ့သီလ၊ မြင့်မြတ်တဲ့ စိတ်ထား၊ ရင့်ကျက်တဲ့ အသိဥာဏ်တွေကို ပုံရိပ်တွေအဖြစ် ထားခဲ့နိုင်စေ ချင်ပါတယ်။

ကျန်ရစ်သူတွေက တဖွဖွပြောလို့ တသသနဲ့ လေးစားစွာ အားကျ အတုယူရတဲ့ သူတစ်ယောက် အနေနဲ့ အပြန်ခရီး လှစေချင်ပါတယ်။

သူ့အကြောင်း တွေးမိတိုင်း စကားစမိတိုင်း သူဟာ ပိုမိုကောင်းမွန်တဲ့ ခရီးလမ်းကို ဆက်လျှောက် သွားမဲ့ သူတစ်ယောက်ပါပဲလို့ တခြားသူတွေက
မုဒိတာပွားရင်း သာဓု ခေါ်လို့ စိတ်ချရသူ တစ်ယောက်ဖြစ်စေချင်ပါတယ်။

သူ့ကို အတုယူလို့ ကျန်ရစ်သူတွေကလည်း ကိုယ့်ကိုယ်ကို စိတ်ချရအောင် ဆက်လက် ကျင့်ကြံ အားထုတ်နိုင်ဖို့ စိတ်ဓာတ် ခွန်အားတွေ ချန်ထားခဲ့နိုင်သူ တစ်ယောက်အဖြစ် ကျေးဇူးပြု နိုင်စေ့ချင်ပါတယ်။

သူတပါးကို စိတ်ချတာ မချတာထက် ပိုပြီး အရေးကြီးတာ ကတော့ ရင့်ကျက်တဲ့ အသိဥာဏ်နဲ့ ကိုယ့်ကိုယ်ကို စိတ်ချနိုင်ဖို့ပါပဲ။
တကယ်တမ်း ကိုယ့်ကိုယ်ကို စိတ်ချလက်ချရှိသူ အဖို့မှာတော့ ဘယ်အရာကိုမှ စိတ်မချစရာ မရှိတော့ပါဘူး။
စိတ်ချလက်ချနဲ့ အားလုံးကို ထားခဲ့ပြီး သူ့လမ်းသူ ဆက်လျှောက်သွား မှာပါပဲ။
လောက က လွတ်မြောက်သွား သူတွေအဖို့ နေခွင့်မရှိတော့လို့ ပါတ်သက်ခဲ့သမျှ သက်ရှိ သက်မဲ့ အရာတွေကို ထားခဲ့ရတဲ့အခါမှာ မလွတ်သေးသူတွေ ငြိသလိုတော့ ငြိနေမှာ မဟုတ်တော့ပါဘူး။

ဘယ်လိုပြောပြော တစ်ချိန်ချိန်မှာတော့ ဝေးသွားရမှာ အသေအချာပါပဲလေ။
အဲဒီအချိန်အခါမှာ ကျန်ရစ်သူဖြစ်စေ ခွဲသွားသူဖြစ်စေ၊ ဘယ်သူမဆို အခုနေကထဲက ကိုယ့်ကိုယ်ကို ကြိုတင် ပြင်ဆင် လေ့ကျင့်ရင်း မိမိအတွက်ရော သူတပါးအတွက်ပါ ဝေးသွားတဲ့ အခါ စိတ်ချရတဲ့ သူတွေ ဖြစ်စေချင်ပါတယ်

မေတ္တာဖြင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...