စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိုဘိုင်း ပစ္စည်းများနှင့် အိပ်ရေးပျက် ပြဿနာ

ဆေးပညာရှင်တွေ စိုးရိမ် လာရသော မိုဘိုင်း ပစ္စည်းများနှင့် အိပ်ရေးပျက် ပြဿနာ ...

အိပ်စက်ခြင်း ဆိုတာ လူသား အားလုံး အတွက် အရေးကြီးတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ အိပ်စက်ခြင်းကို ဝယ်ယူလို့ မရသလို တခြား အရာတွေနဲ့ အစားထိုးလို့လဲ မရပါဘူး။ လူတွေမှာ ငွေကြေး ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊ အိပ်စက်ခြင်းဆိုတဲ့ အရာအတွက်တော့ ကိုယ်တိုင် ပြုလုပ်ကြရပါတယ်။

ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တောင် အိပ်စက်ခြင်းဟာ အလွန်အရေးပါပါတယ်။ ဒါ့ကြောင့် ဆေးပညာရှင်တွေက လူသားတွေရဲ့ အသက် သုံးပုံတစ်ပုံကို အိပ်စက်ခြင်းအတွက် မဖြစ်မနေ အသုံးပြုရမယ်လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ အခြေစိုက် ပိုလီတက်ခ်နစ် နည်းပညာ သင်ကြားရေးကျောင်းဖြစ်တဲ့ Rensselaer ရဲ့ သုတေသနစင်တာရဲ့ နောက်ဆုံးတွေ့ရှိချက်မှာတော့ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေ အများကြီး တွေ့လာခဲ့ရပါတယ်။ လူတွေအနေနဲ့ အိပ်ချိန်ကို မလောက်မင အိပ်စက်နေကြရလို့ မဟုတ်ပါဘူး။

ဘယ်လိုပုံစံမျိုးနဲ့ စိုးရိမ်စရာ ကောင်းသလဲဆိုတော့ မိုဘိုင်းပစ္စည်းတွေကို လူငယ်အများစုဟာ အိပ်ရာမဝင်ခင် တစ်နာရီ၊ တစ်နာရီနဲ့အထက် အသုံးပြုနေကြတာကို သုတေသနပြုချက်တွေအရ သိရှိရပြီး အဲဒီလို ပုံမှန် အသုံးပြုခြင်းက ခန္ဓာကိုယ်ရဲ့ အိပ်စက်ခြင်းကို ထောက်ပံ့ပေးတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲမှုတွေ ဖြစ်စေတယ်လို့ အဖြေထွက်လာပါတယ်။

မီလတိုနင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ ခန္ဓာကိုယ်ကနေ ညဘက်မှာ ထုတ်လုပ်တဲ့ ဟော်မုန်းဖြစ်ပြီး အဲဒီအရာက အိပ်စက်ခြင်းကို အထောက်အပံ့ပေးရာမှာ အရေးပါပါတယ်။ အလင်းရောင်ကို ညဘက်မှာ ကြည့်ရှုခြင်းကြောင့် မီလတိုတင် ထုတ်လွှတ်မှုအားကို လျော့ကျစေတာကို တွေ့ရပြီး အဓိကအားဖြင့် အလင်းလှိုင်းတို ထုတ်လွှတ်တဲ့ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ တခြား မိုဘိုင်းပစ္စည်းတွေက အဲဒီဟော်မုန်းကို အားလျော့စေပါတယ်။ ဒီအချက်က အိပ်ရာမဝင်ခင် မိုဘိုင်းပစ္စည်း ပုံမှန် အသုံးပြုသူတွေအတွက် အိပ်ရေးပျက်တဲ့ ဝေဒနာ၊ နှစ်ခြိုက်စွာ အိပ်ပျော်မှုနဲ့ကင်းတဲ့ အခြေအနေ စတာတွေကို ခံစားရစေပါတယ်။

သုတေသနပြုသူကို ဦးဆောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ Rensselear ပညာသင်ကြားရေးကျောင်းရဲ့ တွဲဖက်ပါမောက္ခဖြစ်တဲ့ မာရီရာ နာဖီဂူရီယိုက "အခု ရှာဖွေတွေ့ရှိလိုက်တဲ့ သုတေသနာပြုချက်က အလင်းလှိုင်းပြေးနေတဲ့ အရွယ်ငယ်တဲ့ အီလက်ထရွန်းနစ် မျက်နှာပြင်တွေကို အိပ်ရာဝင်ခါနီး နှစ်နာရီလောက် ကြည့်ရှုလိုက်တဲ့ လူတစ်ယောက်အနေနဲ့ မီလတိုနင် ဟော်မုန်းထုတ်လွှတ်မှုရဲ့ ၂၂ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်လိုက်တာနဲ့ တူနေပါတယ်။

အရင် သုတေသနပြုခဲ့သူတွေက မိုဘိုင်းပစ္စည်းတွေ သုံးပြီး မအိပ်ကြတဲ့ သူတွေကိုသာ စစ်တမ်းကောက်ယူခဲ့တာပါ။ အခု သုတေသနပြုချက်က ပုံမှန် သုံးနေတဲ့သူတွေကိုပဲ ရွေးချယ်ထားတာဖြစ်ပြီး သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အန္တရာယ်အခြေအနေတွေကိုသာ လေ့လာခဲ့တာဖြစ်လို့ လူအားလုံးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေနဲ့က ပိုပြီး ပတ်သက်မှု ရှိနေလို့ ဒီသုတေသနပြုချက်ကို အားလုံးသိအောင် ထုတ်ပြလိုက်ရတာပါပဲ" ဟု သုတေသနပြုချက်နဲ့ ပတ်သက်ပြီး ကြေညာချက်ကို ထုတ်ပြန်ရာမှာ စကားဆိုခဲ့ပါတယ်။

တကယ်တော့ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ညဘက်အခါမှာ ပြန်လည်ထုတ်လွှတ်ရာမှာ အချိန်ကို သတ်မှတ်ပေးထားတဲ့ သဘောတရားနဲ့ အလုပ်လုပ်တဲ့ မီလတိုနင် ဟော်မုန်းကို ဆုံးရှုံးခြင်းဟာ အိပ်ရေးပျက်တဲ့ ဝေဒနာတစ်ခုကိုသာ ခံစားရစေတာ မဟုတ်ပါဘူး။ ဆီးချို၊ သွေးချိုရောဂါ၊ အဝလွန်ရောဂါနဲ့ အရေးကြီးရောဂါတွေဖြစ်တဲ့ ရင်သားကင်ဆာရောဂါ စတာတွေအထိပါ ဖြစ်ပွားစေနိုင်လောက်တဲ့ အနေအထား ရှိနေတာကြောင့်လည်း အခုလို သိပ္ပံပညာရှင်တွေက သတိပေးလိုက်တာဖြစ်ပါတယ်။

နောက်တစ်ချက် ဆိုးတာကတော့ မိုဘိုင်းပစ္စည်းတွေကို အိပ်ရာမဝင်ခင် အသုံးပြုရာမှာ ဒီလိုဝေဒနာမျိုး ခံစားရစေတာ မဟုတ်ဘဲ Backlit မျက်နှာပြင် နည်းပညာ အသုံးပြုထားတဲ့ ရုပ်မြင်သံကြားစက်တွေမှာလည်း အခုလိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့်မို့ နည်းပညာ အသုံးအဆောင်ပစ္စည်း ထုတ်လုပ်တဲ့သူတွေကို ခေါ်ယူပြီး သူတို့ရဲ့ ထုတ်ကုန်တွေရဲ့ အိပ်စက်ခြင်းဆိုင်ရာ ခန္ဓာကိုယ် သဘောတရားတွေအပေါ် အကျိုးသက်ရောက်မှုကို ဆွေးနွေးဖို့ သိပ္ပံပညာရှင်တွေက စီစဉ်နေပါတယ်။

ဖီဂူရီယိုက "အချက်အလက်တွေ အကုန်လုံးကို ပြသပြီးတော့ ထုတ်လုပ်သူတွေကို နှီးနှောတိုင်ပင်ရမှာ ဖြစ်ပါတယ်။ အလင်းရောင် ဘယ်လောက်ပဲရှိတဲ့ နေရာမှာသုံးရင် ဘယ်လောက် Resolution ကို ချိန်ညှိရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို သူတို့က အသုံးပြုသူတွေဆီ သတင်းပေးနိုင်ဖို့ပါ။ မျက်နှာပြင် နည်းပညာမှာလည်း အဲဒီအရာကို အဖြစ်ပွားအောင် ထိန်းကျောင်းနိုင်မယ့် တခြားနည်းလမ်း ရှိနိုင်မလားလို့ စဉ်းစားကြရပါဦးမယ်။ နောက်ဆုံးအနေနဲ့ အိပ်ရာမဝင်ခင် အချိန် ဘယ်လောက် အလိုမှာသာ အသုံးပြုရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပြုလုပ်ပေးဖို့ အဓိက စဉ်းစားရမှာ ဖြစ်ပါတယ်" လို့ ပစ္စည်းထုတ်လုပ်သူတွေကို ခေါ်ယူတွေ့ဆုံမယ့် အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

သူတို့ရဲ့ သုတေသနပြုချက် အားလုံးမှာတော့ တက်ဘလက် ကွန်ပျူတာတွေကိုသာ အသုံးပြုခဲ့တာပါ။ ဒါကြောင့် မိုဘိုင်းပစ္စည်းတွေကို ဦးတည်ပြီး ပြောခဲ့တာဖြစ်ပါတယ်။ အုပ်စုသုံးစုခွဲပြီး စမ်းသပ်ခဲ့ရာမှာ အလင်းရောင်လှိုင်းတို ထုတ်လွှတ်မှု မျက်နှာပြင်တွေကို ကြည့်ရှုခဲ့တဲ့သူတွေဟာ အိပ်စက်တဲ့အချိန် လျော့ကျခဲ့သလို တချို့လူတွေဟာ နှစ်ချိုက်စွာ အိပ်ပျော်ခြင်း လုံးဝမရှိတဲ့ အခြေအနေနဲ့ တွေ့ကြုံခဲ့ကြပါတယ်။

သုတေသန ပညာရှင်တွေရဲ့ အစီရင်ခံစာမှာ အနာဂတ်ကာလ နည်းပညာပစ္စည်း ထုတ်လုပ်မှုတွေရဲ့ အဓိက ပြောင်းလဲရမယ့်အရာက အခုထက် ပိုမိုကောင်းမွန်တဲ့ နည်းပညာသစ်တွေ ဖန်တီးခြင်းသာ မဟုတ်ဘဲ ကျန်းမာရေးနဲ့ဆိုင်တဲ့ အကျိုးကျေးဇူတွေကိုပါ မပျက်စီးအောင် ပြုလုပ်ရမယ်လို့ ပါရှိပါတယ်။

အခုလို မီလတိုနင်ဟော်မုန်း ထုတ်လွှတ်မှုအား လျော့နည်းခြင်းရဲ့ အဓိကအကြောင်းရင်းကလည်း အမှောင်ထဲမှာ ကြည့်ရှုမိတဲ့ အလင်းရောင်ကြောင့်ပဲ ဖြစ်ပါတယ်။ ဦးနှောက်နဲ့ ပတ်သက်ပြီးမှ ထုတ်လွှတ်ရတဲ့ ဒီဟော်မုန်းဟာ ဦးနှောက်နဲ့တိုက်ရိုက် အလုပ်လုပ်တဲ့ မိုဘိုင်းပစ္စည်း သုံးစွဲမှုတွေကြောင့် ထုတ်လွှတ်မှုအား လျော့ခဲ့တာဖြစ်သလို အမှောင်ထဲမှာသာ ထုတ်လွှတ်တာကြောင့်လည်း အခုလို ဖြစ်ရတာပါ။

နောက်တစ်ချက် ပြောချင်တဲ့ အပိုင်းကတော့ မအိပ်စက်ခင် မိုဘိုင်းဖုန်း အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံက သုတေသန ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုမှာ အိပ်ခါနီး ဖုန်းပြောသူတွေရဲ့ အဓိက အန္တရာယ်ကတော့ ဟန်းဆက်ကရရှိတဲ့ ရေဒီယိုသတ္တိကြွ ရောင်ခြည်ဖြာထွက်မှုကြောင့် အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရစေတာပဲဖြစ်ပါတယ်။

ဖုန်းပြောခြင်းသက်သက်သာ မကပါဘူး။ မိုဘိုင်းဖုန်းတွေကိုသာ အသုံးပြုပြီး အင်တာနက်သုံးစွဲသူတွေ အတွက်လည်း ဒီလိုမျိုး ရောင်ခြည်လှိုင်းတွေ ဖြတ်သန်းမှုကို ခံစားရစေတယ်လို့ အဖြေထွက်လာပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက နည်းစနစ်တွေ ပြောင်းလဲဖို့ကို အလေးထားဖို့ အခြေအနေတွေ ဖြစ်လာခဲ့ပါပြီ။

ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးလာမှုနောက်ပိုင်းမှာ အမြန်ဆန်ဆုံး ပြောင်းလဲလာတဲ့ နည်းပညာကတော့ မိုဘိုင်းနည်းပညာပဲလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် မိုဘိုင်းပစ္စည်း နေ့စဉ် အသုံးပြုနေတဲ့ လူသားတွေအတွက် ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုတွေကိုတော့ သိရှိထားဖို့ လိုအပ်နေပါပြီ။ အိပ်စက်ခြင်းဟာ လူတစ်ယောက်အတွက် မဖြစ်မနေပြုလုပ်ရမယ့် သဘာဝက သတ်မှတ်ထားတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ အိပ်ရာဝင်ခါနီး မိုဘိုင်းပစ္စည်း အသုံးပြုခြင်း အလေ့အထကို အနည်းငယ် သတိပြုနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။


https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.263396900441931/6

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...