စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာတစ်ဝှမ်းမှ မင်္ဂလာဆောင်တွေရဲ့ ထူးခြားတဲ့ဓလေ့ထုံးစံများ (၁)


လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ လူသားနှစ်ဦး ပျော်ရွှင်ချစ်ကြည်စွာ ပေါင်းစည်းခြင်းကို ကမ္ဘာတ၀ှမ်းမှာ ကျင်းပပြုလုပ်လျှက်ရှိပြီး အားလုံးက ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက မင်္ဂလာဆောင်တွေရဲ့ ဓလေ့ထုံးတမ်းများစွာထဲမှ စိတ်ဝင်စားစရာ မင်္ဂလာဆောင် ၅ ခု ရဲ့ ထူးခြားတဲ့အစဉ်အလာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဂျပန်မင်္ဂလာဆောင်ရဲ့ ထူးခြားတဲ့ဓလေ့ထုံးစံ

ဂျပန်မင်္ဂလာဆောင်တွေမှာ သတို့သမီးက ယောက္ခမကို ရိုကျိုးနှိမ်ချကြောင်း သိသာစွာ ပြသရပါတယ်။ ဂျပန်မင်္ဂလာဆောင်တွေကို ဘုရားကျောင်းတွေမှာ ဓလေ့ထုံးတမ်းနဲ့ အညီကျင်းပလေ့ရှိကြပါတယ်။ သတို့သမီးဟာ အပျိုစင်ဖြစ်ကြောင်း ပြတဲ့အနေနဲ့ နဖူးမှခြေဖျားထိ ဖြူဖွေးနေအောင် လိမ်းရပါတယ်။ အဖြူရောင်ကီမိုနိုကို ၀တ်ဆင်ရပြီး ကြီးမားတဲ့ခေါင်းဆောင်းတစ်ခုကိုလည်း ဆောင်းထားရပါတယ်။ မင်္ဂလာခန်းမထဲဝင်တဲ့အခါ ခေါင်းဆောင်းပေါ်ကနေ အဖြူရောင်ခေါင်းစွပ်အကြီးကြီးကို ဆောင်းထားရပါတယ်။ အဓိပ္ပာယ်ကတော့ နူးညံ့သိမ်မွေ့တဲ့ဇနီးအဖြစ် ယောက္ခမအိမ်မှာ ရိုးကျိုးစွာနေဖို့ “မာန်မာနဦးချို” ကိုဖုံးထားခြင်းပဲဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ ဆာကေးတစ်ခွက်စီသောက်ကြပြီးနောက် ဇနီးမောင်နှံအဖြစ် အသိအမှတ်ပြုလိုက်ကြပါတယ်။ ပြီးရင်တော့ အနီရောင်ကီမိုနိုနဲ့ တစ်ပွဲ၊ အနောက်တိုင်း ၀တ်စုံနဲ့ တစ်ပွဲဆက်လက်ကျင်းပပါတယ်။

(၂) ဂျာမနီမင်္ဂလာဆောင်ရဲ့ ထူးခြားတဲ့ဓလေ့ထုံးစံ

ဂျာမနီလူမျိုးတို့ဟာ သားသမီးတွေ မွေးကတည်းက မင်္ဂလာဆောင်အတွက် ကြိုတင်ပြင်ဆင်ကြပါ တယ်။ သမီးမိန်းကလေးမွေးလာတဲ့အခါ သူမအတွက် သစ်ပင်တွေကို ကြိုတင်စိုက်ပျိုးကြပါတယ်။ အရွယ်ရောက်လို့ သူမရဲ့မင်္ဂလာဆောင်ရက်ကို သတ်မှတ်ပြီးတဲ့အခါ ထိုအပင်တွေကို ရောင်းချပြီး ခန်းဝင်ပစ္စည်းတွေ ၀ယ်ရပါတယ်။ မင်္ဂလာမောင်နှံရဲ့ ချစ်ခရီးအမှတ်တရဓါတ်ပုံတွေ၊ အဖြစ်အပျက် တွေ ပါဝင်တဲ့သတင်းစာတစ်စောင်ကိုမိသားစုဝင်တွေမိတ်ဆွေတွေက ပြုလုပ်ပေးကြပြီး မင်္ဂလာပွဲ မှာ ရောင်းချကြပါတယ်။ ရောင်းရငွေကို ဟန်းနီးမွန်းခရီးအတွက် ပေးအပ်လိုက်ကြပါတယ်။ မင်္ဂလာဧည့်ခံပွဲကို ၃ ပိုင်းခွဲကျင်းပပြီး ပထမနေ့မှာ မြို့တော်ခန်းမမှာ တစ်ပွဲ၊ နောက်နေ့ညမှာ ပါတီလုပ်ကြပါတယ်။ တတိယမြောက်နေ့က ကောင်းမှုကုသိုလ်ပြုတဲ့နေ့ပါ။ သတို့သမီးအရံလေး က ပန်းကြဲပေးပြီး ဇနီးမောင်နှံနှစ်ဦးကံကောင်းစေဖို့ ဆုမွန်းတောင်းကြပါတယ်။

(၃) ချက်ကိုစလိုဗားကီးယားမင်္ဂလာဆောင်ရဲ့ ထူးခြားတဲ့ဓလေ့ထုံးစံ

မင်္ဂလာပွဲမတိုင်ခင်မှာ သတို့သမီးရဲ့သူငယ်ချင်းမိတ်ဆွေတွေက သတို့သမီးရဲ့ခြံဝင်းထဲမှာ အပင်တစ်ပင်စိုက်ပြီး ဖဲကြိုးတွေ၊ ဥခွံရောင်စုံလေးတွေနဲ့ အလှဆင်ကြပါတယ်။ အဓိပ္ပာယ်ကတော့ သတို့သမီးကို သစ်ပင်လိုပဲ အသက်ရှည်စေကြောင်းဆုမွန်တောင်းခြင်းဖြစ်ပါတယ်။ သားသမီးပွားစည်းဖို့ကို အလေးထားပြီး မင်္ဂလာဦးအိပ်ရာပေါ်မှာ ကလေးငယ်တစ်ဦးကို အိပ်ခိုင်းပြီး ဆုမွန်ကောင်းတောင်းပေးကြလေ့ရှိပါတယ်။ မိခင်ဖြစ်ဖို့အတွက် စားစရာ ၃ မျိုးကို သတို့သမီးကို ပေးကြပါတယ်။ ဂျုံနဲ့လုပ်တဲ့စားစရာ၊ စိတ်ရှည်လက်ရှည်ရွေးထုတ်ဖို့အတွက် ပြာနဲ့ကောက်နှံရောထားတဲ့စားစရာ၊ နောက်ဆုံးတစ်ခုက အိုးထဲမှာထည့်ထားတဲ့စာကလေးပါပဲ။

(၄)တရုတ်မင်္ဂလာဆောင်ရဲ့ ထူးခြားတဲ့ဓလေ့ထုံးစံ

တရုတ်လူမျိုးတို့ရဲ့ မင်္ဂလာဆောင်မှာ အောင်သွယ်က အရေးပါအရာရောက်ပါတယ်။ အမျိုးသားက မိမိလက်ထပ်လိုတဲ့ မိန်းကလေးကို တွေ့တဲ့အခါ အောင်သွယ်နဲ့ဆက်သွယ်ရပါတယ်။အောင်သွယ်ကမိန်းကလေးရဲ့ မိဘထံလက်ဆောင် သွားပေးပြီး မိန်းကလေးရဲ့ မွေးသက္ကရာဇ်ကို မေးခဲ့ပြီး အမျိုးသားရဲ့မွေးသက္ကရာဇ်ကို ပြောပြခဲ့ရပါတယ်။ နှစ်ဘက်မိဘတွေက အသီးသီးဗေဒင်ဇာတာ တွက်ချက်ကြပြီး မင်္ဂလာရက်သတ်မှတ်ကြပါတယ်။ မင်္ဂလာရက်ကိုရောက်တဲ့အခါ သတို့သမီးကို ထမ်းစင်နဲ့ သတို့သားအိမ်ကို သွားပို့ကြရပါတယ်။ မင်္ဂလာရက်ကို သတ်မှတ်ရာမှာ အရမ်းအလေးအနက် ထားကြပြီး ဗေဒင်ဆရာကို အားကိုးမှုမြင့်မားကြပါတယ်။

(၅) အမေရိကန်မင်္ဂလာဆောင်ရဲ့ ထူးခြားတဲ့ဓလေ့ထုံးစံ

အမေရိကန်မင်္ဂလာဆောင် ထုံးတမ်းစဉ်လာတွေဟာ တခြားနိုင်ငံတော်တော်များများက ယူထားတာဖြစ်ပြီး တော်တော်လေး အဆင်ပြေပြေနဲ့ ပျော်ရွှင်ဖွယ်ကောင်းပါတယ်။ ဒါကြောင့် အမေရိကန်မင်္ဂလာဆောင်ရဲ့ ဓလေ့အများစုကို တခြားနိုင်ငံတွေကလည်း အတုယူလို့ အဆင်ပြေတာပါပဲ။ မင်္ဂလာဧည့်ခံပွဲလုပ်ပြီး သတို့သားက သတို့သမီးရဲ့ခြေအိတ်ကိုယူပြီး လူပျိုအုပ်စုထဲပစ်ထည့်လေ့ရှိကာ ပန်းစည်းကိုတော့ အပျိုအုပ်ထဲပစ်ထည့်လေ့ရှိပါတယ်။ အမေရိကန်မင်္ဂလာဆောင်မှာ မင်္ဂလာအနမ်းပေးဖို့လည်း အရမ်းအရေးကြီးပါတယ်။

မင်္ဂလာဆောင်ဆိုတာ လူတိုင်းအလေးအနက်ထားကြ ကြည်နူးပျော်ရွှင်ကြတာမို့ ထူးခြားတဲ့ ဓလေ့လေးတွေနဲ့ ထာဝရချစ်စဖွယ်ကောင်းနေမယ့် အခမ်းအနားတစ်ခုပါပဲ။ ဒုတိယပိုင်းမှာလည်း ကမ္ဘာတစ်ဝှမ်းက မင်္ဂလာဆောင်တွေရဲ့ ထူးခြားတဲ့ဓလေ့ထုံးစံတွေကိုဆက်လက် ဖော်ပြပေးသွားမှာဖြစ်လို့ စိတ်ဝင်တစားစောင့်မျှော်ကြပါလို့ ပြောပြလိုက်ပါရစေ။


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274647985/8

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...