စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသားအကယ်ဒမီ ရွှေကြိုတို့ရဲ့ စကားသံများ

ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်တော့မယ့် အကယ်ဒမီပေးပွဲမှာ အရင်ကတော့ အကယ်ဒမီဗန်းကိုင် အဖြစ် တာဝန်ယူလုပ်ဆောင်ပေးကြရတဲ့ မိန်းမငယ်လေးတွေအပြင် အခုဆို ယောကျာ်းလေးတွေကိုပါ ထည့်သွင်း ရွေးချယ်လာပါတယ်။ ဒါ့ထက် ဒီနှစ်မှာတော့ သူတို့ကို အကယ်ဒမီ ဗန်းကိုင်အနေနဲ့မဟုတ်တော့ဘဲ အကယ်ဒမီရွှေကြိုဆိုပြီး အမည်ပြောင်းလဲ သတ်မှတ်ထားပါတယ်။ အမျိုးသား အကယ်ဒမီရွှေကြို တချို့ရဲ့ စကားသံတွေကို ဧရာဝတီဘလော့ဂ် ပရိတ်သတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။



သုတ

ကျနော် အကယ်ဒမီ ရွှေကြိုကို ဘာကြောင့် လျှောက်ဖြစ်သွားလဲဆိုတော့ ကျနော်ဝါသနာပါလို့ပါ။ ပြီးတော့ ဒီပွဲက ယောကျာ်းလေးတွေခေါ်တယ်၊ ယောကျာ်းလေးတွေကို ပထမဆုံး အခွင့်အရေးပေးတဲ့ပွဲမို့လို့ ကျနော် လျှောက်ဖြစ်တာပါ။ ဒီအကယ်ဒမီရွှေကြိုကနေမှ ကျနော့် အနုပညာလမ်းခရီးမှာ ၅၀ ရာခိုင်နှုန်း အထောက်အပံ့ပေးမယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ ကိုယ့်ရဲ့ကြိုးစားမှုအပေါ်မှာ မူတည်ပါတယ်။

ရွှေကြိုရွေးချယ်မှုက အဆင့်ဆင့်ဆိုတော့ နောက်ဆုံး ဆန်ခါတင်အဆင့်ထိပါအောင် ဘယ်လို ကြိုးစားခဲ့ရလဲ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်နဲ့ ဒိုင်တွေသဘောကျအောင် အပြုံးဆို အပြုံး၊ လမ်းလျှောက်တာ တို့ကအစ အားလုံးသေသေသပ်သပ်ဖြစ်အောင် ကြိုးစားခဲ့ရပါတယ်။ ရွှေကြိုကို အားသာချက်တွေကြောင့် ရွေးချယ်ခံခဲ့ရတယ်လို့တော့ မဆိုချင်ပါဘူးခင်ဗျ၊ ဒီလို ရွေးချယ်ခံရတယ်ဆိုတာ ကံတရားကြောင့်လည်းပါတယ်၊ ကိုယ့်ရဲ့ကြိုးစားမှုတွေကြောင့်လို့လည်း ထင်ပါတယ်။

ကျနော် ဒီအနုပညာလောကမှာ စဝင်တာ သိပ်မကြာသေးပါဘူး။ အခုမှ စတက်တဲ့ New Face Model လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားပါတယ်။ အနုပညာနဲ့ ပတ်ပြီး အခုထက်ထိ ဘာမှ ထိထိရောက်ရောက်လည်း မရှိသေးပါဘူး။ အခုမှ စတက်တဲ့ အသစ်တယောက်ပါ။

ရှေ့ဆက်ပြီးတော့ ကျနော် ကြော်ငြာလေးတွေ ရိုက်သွားမယ်။ Calendar ရှုတင်လေးတွေ ရိုက်မယ်။ နောက်နှစ်ထဲမှာ သရုပ်ဆောင်တယောက်ဖြစ်ဖို့အတွက် သရုပ်ဆောင်ပညာကိုလည်း သင်ယူသွားမယ်။ ကျနော့်ရဲ့ အဓိကရည်မှန်းချက်က အကျင့်စာရိတ္တကောင်းမွန်ပြီး ထက်မြတ်တဲ့ မြန်မာနိုင်ငံက အနုပညာရှင် တယောက်ဖြစ်ချင်ပါတယ်။





လင်းမြတ်

ပထမဆုံးဒီအကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ယောကျာ်းလေးတွေကို နေရာပေးမယ်ဆိုပြီး လျှောက်လွှာတွေ
 ခေါ်တော့ ကျနော် ကြားကြားချင်း သွားလျှောက်လိုက်တာပါ။ အခုလို အဆင့်ဆင့် ရွေးချယ်ပြီးတော့ နောက်ဆုံး ဆန်ခါတင်စာရင်းထဲမှာ ကျနော်ပါလာတော့ အရမ်းပျော်ပါတယ်။ ရုပ်ရှင်အစည်းအရုံးကိုလည်း တဖက်တလမ်း ကနေ ကူညီပေးရာရောက်တယ်။ ဒီလို ပထမဦးဆုံးလုပ်တဲ့ ပွဲမှာ ပထမဦးဆုံး နေရာပေးခြင်းခံရတဲ့အတွက် လည်း ပျော်ပါတယ်။ ရွှေကြိုက ကျနော်တို့ အနုပညာ ခရီးလျှောက်လမ်းအတွက် ဘယ်လောက်ထိ အထောက်အပံ့ ပေးနိုင်မလဲဆိုတော့ အဲဒီလိုမျိုးကြီးတော့ ကျနော် မပြောတတ်ဘူး၊ အနည်းနဲ့အများကတော့ အထောက်အပံ့က ရှိလာမှာပဲလေ။ ဒါပေမယ့် ဘယ်လောက်ပဲ အထောက်အပံ့ရရ ကိုယ့်ဘက်က ကြိုးစားဖို့ပဲ လိုတာပါ။
ဒီလိုမျိုး အကယ်ဒမီ ရွှေကြိုကို ယောကျာ်းလေးတွေ ခေါ်တဲ့အပေါ် ကျနော့ အမြင်ကတော့ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဒီလိုမျိုးပွဲတွေက မိန်းကလေးတွေအတွက် အခွင့်အရေးပိုရတယ်လေ။ အခုလိုမျိုး အခွင့်အရေးပေါ်လာတဲ့အတွက် အရမ်းကောင်းပါတယ်။ ယောကျာ်းလေး မော်ဒယ်လ်တွေအတွက် ဒီလိုပွဲ ကောင်းကောင်းတွေ အများကြီးပေါ်လာသင့်တယ်လို့ ကျနော်ထင်ပါတယ်။





စိုးသီဟ

ရွှေကြိုကို ဘယ်လို စလျှောက်ဖြစ်သွားလဲဆိုတော့ ဒီနှစ် အကယ်ဒမီပွဲမှာ ယောကျာ်းလေးတွေကို ပထမဆုံး အနေနဲ့ အကယ်ဒမီရွှေကြိုအဖြစ်ခေါ်မယ်ဆိုပြီးတော့ ဂျာနယ်တွေထဲမှာ ဖတ်ရတယ်။ ပြီးတော့ မြန်မာ့ရုပ်ရှင် အစည်းအရုံးကလည်း အခု NGO (Non-Government Organization) ဖြစ်သွားပြီဆိုတော့ အကုန်လုံး အပြောင်းအလဲတွေနဲ့ ယောကျာ်းလေးတွေပါ ရွေးမယ်ဆိုတော့ ကျနော်တို့လို အနုပညာလမ်းမှာ လျှောက်လှမ်း နေတဲ့သူတွေအတွက် ဒါကောင်းမွန်တဲ့ အခွင့်အရေးတခုလည်း ဖြစ်တယ်။

အခုနောက်ဆုံးအဆင့် ဆန်ခါတင် ၁၀ ယောက် စာရင်းထဲမှာပါတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပါမယ်လို့ ထင်မထားပေမယ့် အရွေးချယ်ခံရတဲ့အတွက် အရမ်းဝမ်းသာပြီး၊ အရမ်းလည်း ဂုဏ်ယူမိပါတယ်။ ပြိုင်ပွဲအဆင့်ဆင့်မှာတော့ ကျနော် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ကိုယ်ဝတ်တဲ့ အဝတ်အစားကအစ ဒီဇိုင်နာနဲ့ သေချာတိုင်ပင်တယ်။ ပထမတစုံမှာ လုံးဝ အဆင်မပြေလို့ နောက်တစုံ urgent ချုပ်ရတယ်၊ ဖိနပ်တွေအစပဲ။ ပြီးတော့ ဒိုင်လူကြီးတွေ မေးလောက်တဲ့ မေးခွန်းတွေလည်း အကောင်းဆုံး ဖြေနိုင်အောင် ပြင်ဆင်ခဲ့ရပါတယ်။

အခုလို ရွှေကြို အရွေးချယ်ခံရတဲ့အတွက် ကျနော် လျှောက်လှမ်းရမယ့် အနုပညာလမ်းမှာ အများကြီး အထောက်အပံ့ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အနုပညာ အခွင့်အလမ်းတွေ ရလာဖို့အတွက်ဆိုပြီး အဲဒီလို မျှော်မှန်းပြီး လျှောက်တာမျိုးတော့ မဟုတ်ပါဘူး။ အကယ်ဒမီပေးပွဲမှာ ပထမဆုံး အမျိုးသားစခေါ်တဲ့ပွဲမှာ ကိုယ်လည်း ပါဝင်ခွင့်ရတဲ့အတွက် ရုပ်ရှင်အစည်းအရုံးကလည်း ကိုယ့်ကိုယ်သိသွားမယ်၊ ပရိသတ်ကလည်း ကိုယ့်ကိုယ်သိသွားမယ်ဆိုပြီး ပါဝင်ဖြစ်သွားတာပါ။ ရှေ့ဆက်ပြီး ပရိသတ်တွေလက်ခံတဲ့ အနုပညာရှင်ကောင်း တယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။




ဘုန်းရှိန်ထက်

ရွှေကြိုကိုဘာကြောင့်လျှောက်ဖြစ်လဲဆိုတော့ ရွှေကြိုက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ ပထမဦးဆုံး ပြန်လုပ်တဲ့ အကယ်ဒမီဆုပေးပွဲဖြစ်တယ်၊ အမျိုးသား အကယ်ဒမီရွှေကြိုကို ပထမဆုံး စခေါ်တဲ့ပွဲလည်း ဖြစ်တယ်ဆိုတော့ ကျနော်က စိတ်ဝင်စားသွားတယ်။ ပြီးတော့ ကျနော်က ရုပ်ရှင်အစည်းအရုံးကလုပ်တဲ့ပွဲမှာ ဝိုင်းပြီးတော့ ကူချင်တဲ့အတွက် လျှောက်ဖြစ်သွားတာပါ။

ကျနော်တို့က အခုချိန်မှာ သရုပ်ဆောင်လို့လည်း ပြောလို့မရသေးဘူး၊ ဘာမှ မဟုတ်သေးတဲ့ အချိန်မှာ ကိုယ့်ရဲ့အနုပညာဝမ်းစာကို ဖြည့်နေချိန် ကြိုးစားနေဆဲပါပဲ။ ရွှေကြိုကနေတဆင့် အနုပညာ လမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့အနုပညာရှင်တယောက်ဖြစ်လာဖို့ဆိုတာ ကိုယ့်ကြိုးစားမှု အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ အဓိကကတော့ ရွှေကြိုလျှောက်တယ်ဆိုတာ ကိုယ့်ကို ရုပ်ရှင်အစည်းအရုံးက လူတွေချစ်ဖို့၊ အနုပညာအသိုင်းအဝိုင်းက သူတွေချစ်ဖို့နဲ့ ပရိသတ်တွေက ချစ်ဖို့အတွက်ပါပဲ။
ဒီလို နောက်ဆုံးအဆင့် ဆန်ခါတင် အယောက် ၁၀ စာရင်းထဲမှာ ပါသွားတဲ့အတွက် အရမ်းဝမ်းသာတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံလည်းမယုံကြည်နိုင်ဘူးဖြစ်နေတယ်။  ကျနော်တို့ကို အယောက်ပေါင်း ၄၀၀ ကျော် ၅၀၀ ထဲ နောက်ဆုံး ဆန်ခါတင်ထဲမှာပါသွားတော့ ဒိုင်တွေက ပြိုင်ပွဲဝင်တွေကို Talent တွေလည်း ကြည့်တယ်၊ အရပ်အမောင်းတွေ အကုန်ကြည့်တယ်။ ပါတာ မပါတာက ကံတရားနဲ့လည်းဆိုင်သလို အဓိကက ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ ဒိုင်တွေက သဘောကျတဲ့ အချက်တွေနဲ့ပြည့်စုံတဲ့သူမို့ ရွေးချယ်ခံရတာ ဖြစ်နိုင်ပါတယ်။

အဓိကက စင်ပေါ်မှာ ပရိသတ်တွေကို အပြုံးနဲ့ နှုတ်ဆက်တတ်ဖို့ အရေးကြီးတယ်။ ပြီးတော့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ မေးတဲ့အခါ သေချာဖြေတဲ့အတွက်ကြောင့် အရွေးချယ်ခံရတာလို့ ထင်ပါတယ်။ ရွှေကြိုက ကျနော်တို့ လျှောက်လှမ်းမယ့် အနုပညာခရီးလမ်း မှတ်တိုင်အတွက် ၁၀၀ ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်းလောက် အထောက်အပံ့ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက် ၅၀ ရာခိုင်နှုန်းက ကိုယ့်ရဲ့ကြိုးစားမှုအပေါ်မှာလည်း မူတည်သေးတယ်လေ။ ကံ၊ ဥာဏ်၊ စန်း၊ ဝီရိယ နဲ့ အဆက်အသွယ် ကောင်းတွေလည်း လိုအပ်တယ်။ ရွှေကြိုကနေတဆင့် ရုပ်ရှင်အစည်းအရုံးက ကိုယ့်ကိုသိသွားမယ်၊ အနုပညာရှင်တွေ သိသွားမယ်၊ ပရိသတ်တွေလည်း သိလာမယ်လို့ ကျနော်ထင်ပါတယ်။






 ပိုင်တံခွန်

 မြန်မာနိုင်ငံမှာ ပထမဆုံး ဒီနှစ်မှာ ထူးထူးခြားခြား ရွေးချယ်တဲ့ ယောကျာ်းလေး အကယ်ဒမီ ရွှေကြိုကို သတင်းစာကနေ၊ Channel တွေကနေ တွေ့တယ်။ သူငယ်ချင်းတွေကော၊ ဆရာတွေကလည်း ဒီအကြောင်း ပြောတော့ ကျနော်လျှောက်ဖြစ်တာပါ။ အရင်ကတည်းက နှစ်တိုင်း အကယ်ဒမီရွှေကြိုဆိုရင် မိန်းကလေးပဲ ရွေးတယ်၊ တနှစ်တလေများ ရွှေကြိုကို ယောကျာ်းလေးတွေ ရွေးရင်လည်း အရမ်းကောင်းမှာပဲ ဆိုပြီး စိတ်ကူးလေးရှိခဲ့တယ်။ အခု ကျနော့်စိတ်ကူးနဲ့ ထပ်တူ ကျပြီးတော့ ယောကျာ်းလေး ရွှေကြို ခေါ်တဲ့အတွက် အရမ်းဝမ်းသာပီတိဖြစ်ပြီး ဝင်ပြိုင်ဖြစ်တာခင်ဗျ။

အခုလို ဆန်ခါတင် ၁၀ ယောက် စာရင်းထဲပါသွားပြီဆိုတော့ ကျနော့်စိတ်ကူးထဲကအတိုင်း အကောင်အထည် ဖော်နိုင်ခဲ့ပြီဖြစ်လို့ အရမ်းဝမ်းသာတယ်ခင်ဗျ။ ဒီလို အရွေးခံရလိမ့်မယ်လို့ ထင်မထားဘူး ။ ဒီအရာက ကျနော့ အဖေ၊ အမေရဲ့ ဆန္ဒဖြစ်သလို ကျနော့ရဲ့ရည်မှန်းချက်တခုလည်းဖြစ်တယ်။ ဒီရွှေကြိုမှာ အရမ်းပါဝင်ခဲ့ချင်တာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပျော်တယ်။ ဒီမှာပါဖို့အတွက် ကျနော် အရမ်းပြင်ဆင်ခဲ့ရတယ်။ ပထမအဆင့် လူ အယောက် ၅၀၀ ကနေ ဆန်ခါတင် အယောက် ၄၀ ရွေးတယ်။ အဲဒီအယောက် ၄၀ ထဲကို အရွေးခံရဖို့လည်း ကျနော် တအားကြိုးစားခဲ့ရတယ်။ အယောက် ၄၀ အပြင် ၁၀ ယောက် ဆန်ခါတင် ပြန်ရွေးမယ်ဆိုတော့ ပိုပြီး တာဝန်က ကြီးသွားတယ်။ အဲဒီအဆင့်အတွက်လည်း ကျနော် အများကြီး ပြင်ဆင်ခဲ့ရပါတယ်။

ကျနော်ထင်တာ ဒိုင်တွေက အဓိက သဘောကျတာ အပြုံးလေးပေါ့။ စင်ပေါ်မှာ လူတယောက် ရပ်လိုက်တာနဲ့ အဲဒီလူတယောက်ရဲ့ အပြုံးနဲ့ လမ်းလျှောက်ပုံ၊ စမတ်ကျပုံ၊ ပြီးတော့ ရွှေစင်ရုပ်ထုကို ကိုင်ဆောင်ဖို့အတွက် အရည်အချင်းရှိသူတဲ့မျိုး၊ အဲဒီလိုလူမျိုးကို ရွေးချယ်သွားတယ်လို့ ကျနော်ထင်ပါတယ်။
ဒီ ရွှေကြိုက ဘဝအတွက်ဆိုတာထက် သရုပ်ဆောင် မင်းသား လုပ်မယ့်သူအတွက် အရမ်းကြီးအထောက်အကူ ဖြစ်မယ်လို့ ကျနော်ယုံကြည်တယ်ခင်ဗျ။ ကျနော် အခုလက်ရှိလှုပ်ရှားနေတာက ကြော်ငြာမော်ဒယ်လ်၊ ဓာတ်ပုံ မော်ဒယ်လ် တယောက်အနေနဲ့ပဲ။ အဓိက ကျနော့ရဲ့ ရည်ရွယ်ချက်က သရုပ်ဆောင် မင်းသားကောင်း တယောက်ဖြစ်ဖို့၊ မင်းသားဖြစ်ဖို့က ကျနော့်မှာ ဘာ အဆက်အသွယ်တခုမှ မရှိသေးဘူး။ အဲဒီအတွက် ရွှေကြိုမှာ ဝင်လျှောက်ဖြစ်ခဲ့ပြီး ရသွားတဲ့အတွက် ကျနော် ယုံကြည်ရာ၊ မျှော်လင့်ရာ အဆက်အသွယ်တွေ အများကြီး ရလာမယ်လို့ ကျနော်ထင်တယ်ခင်ဗျ။


  http://blog.irrawaddy.org/2014/12/blog-post_12.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...