စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၂၀၁၄ ၏ အထူးခြားဆုံးအမည်များ

 ဖိလစ်ပိုင်မိခင်များနှင့် ချစ်ဖွယ်ကလေးငယ်များအား တွေ့ရစဉ်/ဓာတ်ပုံ - အီးပီအေ
 
နာမည်ကျော် ဗေဒင်ဆရာများ၏ အဆိုအရ ၂၀၁၄တွင် မိဘများက ၎င်းတို့၏ ရင်သွေးငယ်များအတွက် အမည်လှလှလေးများပေးရာတွင် ထူးခြားသည့် နာမည်များစွာ ရှိခဲ့ကြောင်း ပြောသည်။ ၎င်းတို့အဆိုအရ ၂၀၁၄တွင် ပေးခဲ့သော နာမည်များမှ ထူးခြားသည့် အမည်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ယောက်ျားလေး
၁။ ဧကရာဇ် ၂။ ဝဠာ ၃။ မှူးကြီး ၄။ သမ္မတ ၅။ အဂ္ဂ ၆။ နံနက်ခင်း ၇။ အလင်းရောင် ၈။ စိတ်တိုင်းကျ  ၉။ လရောင် ၁၀။ ဗိုလ်ချုပ်

မိန်းကလေး
၁။ ဒိတြာ ၂။ ရွှေမှုန် ၃။ သက်လျာ ၄။ မဟေသီ ၅။ နှစ်ဦး ၆။ ဒေဝီ ၇။ နုဝါ ၈။ ဟေသာ ၉။ မှူးသခင် ၁၀။ ဂျူလီယာ

ဆရာစံဇာဏီဘို
အခုနောက်ပိုင်းမှာတော့ ကလေးမိဘတွေက ထူးခြားတဲ့ နာမည်မျိုးလေးတွေကို ပိုနှစ်သက်လာကြတယ်။ အရင်ကလို နာမည်ရိုးတွေကို မနှစ်သက်ကြတာများတယ်။ သားသမီးတွေက သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်လေးတွေဖြစ်လို့ တောက်ပစေချင်တဲ့နာမည်မျိုးတွေကို သဘောကျကြတယ်။ ဒါ့အပြင် ပါဠိလိုနာမည်မျိုးတွေကိုပါ ပေးတာရှိလာကြတယ်။ သြရသ၊ ဒိဋ္ဌာ၊ ဝိရသ၊ အဂ္ဂ စသဖြင့်ပေါ့။ အင်တာနေရှင်နယ်ကျောင်းတက်တဲ့ ကလေးတွေဆိုရင် အင်္ဂလိပ်နာမည်တွေပါ မှည့်လာကြတယ်။ ရှေ့က ဗမာနာမည်၊ အလယ်က အင်္ဂလိပ်နာမည်၊ နောက်က မိဘမျိုးရိုးနာမည်ပေါ့။

ဥပမာ ရစ်ချက်လင်းသန့်စင်ဆိုရင် ရစ်ချက်က အင်္ဂလိပ်နာမည်၊ လင်းက ကလေးရဲ့ဗမာနာမည်၊ သန့်စင်က မိဘမျိုးရိုးနာမည်ပေါ့။ နောက်ပိုင်းကလေးတွေရဲ့နာမည်ကို သုံးလေးငါးလုံးထိမှည့်လာကြပေမယ့် အနုပညာရှင်တွေကတော့ နာမည်နှစ်လုံးတည်းကိုသာ မှည့်ကြတာများတယ်။ ၁၉၂၀ နဲ့ ၃၈ ကြားခေတ်မှာ စစ်ကိုင်းဦးဘိုးသင်းက သူ့သမီးကို စိန်ဇယင်မယ်ဆင့်ကွန့်မကွန့်ထိပ်ခေါင်တင်လို့ နာမည်ပေးခဲ့တယ်။ သူက နာမည်ကို အကွန့်အညွန့်နဲ့ပေးတာမှာ အရမ်းတော်ပါတယ်။ လူတစ်ယောက်ရဲ့နာမည်ဆိုတာ ဘဝတစ်ခုလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ နာမည်ဆိုတာ ထာဝရရှင်သန်ခွင့်ရှိတယ်။ နာမည်က ကမ္ဘာလှည့်ခွင့်ရှိတယ်။ လူမရောက်ပေမယ့် နာမည်ရောက်တယ်။ နာမည်က လူကိုကိုယ်စားပြုနေတယ်။ နာမည်တစ်ခုက လူတစ်ယောက်ရဲ့ Brand ပါပဲ။

ဆရာရာဇာဇော်ဝင်း
အခုနောက်ပိုင်းမှာ ဗေဒင်တွက်ပြီးနာမည်ပေးတဲ့သူက ပိုများလာပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်ထိကို များပါတယ်။ မိဘတွေက သူတို့သားသမီးနာမည်တွေကို မိဘမျိုးရိုးနာမည်တွေ ထည့်ပြီးပေးတာကို ပိုနှစ်ခြိုက်လာကြတယ်။ အနောက်တိုင်းနိုင်ငံတွေမှာဆိုရင်လည်း နောက်က မိဘမျိုးရိုးနာမည်မပါရင် အထင်သေးခံရနိုင်တာမျိုးတွေ ဖြစ်လာတာတွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ပြည်သူတွေလည်း နောက်ပိုင်းမှာ တော်တော်ခေတ်မီလာကြတယ်။ ယေဘုယျလူကြိုက်များတဲ့နာမည်တွေကတော့ နန်းဆန်ဆန်နဲ့ ရေမြေတောတောင် သဘာဝနာမည်တွေ၊ တစ်ဦးနဲ့တစ်ဦး အချစ်ပိုကြတဲ့နာမည်တွေပါ။

နန်းဆန်ဆန် နာမည်မျိုးဆိုရင် ပြန်ခေတ်စားလာတာပေါ့။ ဥပမာ ဒေဝီ၊ သက်လျာ၊ ရွှေမှုန်၊ အိန္ဒြာတို့ပါ။ မိဘတွေ ကလေးနာမည်လာပေးကြလို့ ထိပ်တန်းဦးစားပေးတွက်ခိုင်းကြတာကတော့ အကျိုးပေးတဲ့နာမည်တွေလည်းရှိတယ်။ ကျားရော၊ မရော ခေါ်ဝေါ်လို့ရတဲ့ နာမည်ပေးရင်တော့ ဗေဒင်ပညာမှာဆိုရင် ကရိုဏ်းပျက်တယ်လို့ ခေါ်တယ်။ ရိုးရိုးပြောရရင် လိင်ပျက်သွားတာပေါ့။ အဓိကကတော့ နာမည်ဆိုတာ လိုရင်းတိုရှင်းနဲ့ ခေါ်ရလွယ်ကူတာမျိုးက ထိပ်တန်းရောက်ဖို့လွယ်ကူပါတယ်။ ဒါ့အပြင် နာမည်တွေက စကားပြော အသုံးအနှုန်းတွေကိုပါ ပေးလာကြတယ်။

ဆရာဦးကျော်မြင့်(ဝေဒ)
ဗေဒင်ပညာနဲ့နာမည်ပေးရင် ၇၈ နည်းရှိပါတယ်။ အုပ်စုနည်းနှစ်နည်းကိုပြောပြရရင် လက်ရိုးနည်းနဲ့ လက်ဆန်းနည်းပါ။ လက်ရိုးနည်းမှာဆိုရင် မွေးလနဲ့ဇာတာကိုတွက်ပြီး ဟောပေးပါတယ်။ အနုပညာဇာတာနဲ့ဆိုရင် အနုပညာဆန်တဲ့ နာမည်မျိုး၊ ပညာတတ်တဲ့ဇာတာဆိုရင် ပညာဆန်တဲ့နာမည်မျိုး၊ ရဲစွမ်းရှိတဲ့ဇာတာမျိုးနဲ့ဆိုရင်တော့ သတ္တိရှိစေတဲ့ နာမည်မျိုးတွေ ရွေးပေးဖြစ်ပါတယ်။

ဥပမာ မောင်ချမ်းသာလို့ နာမည်မှည့်ထားပြီး သူ့ဇာတာက ဆင်းရဲနေရင် မမှည့်ပေးသင့်ပါဘူး။ အခုနောက်ပိုင်းတွေမှာတော့ နာမည်လေးလုံးနဲ့အထက် မှည့်ချင်ကြတာတွေများလာတယ်။ တစ်ခုရှိတာကတော့ နာမည်ညံ့လို့ လူက အောက်တန်းစားရောက်သွားတာမျိုးတော့ မရှိပါဘူး။ ဒီလိုပဲ နာမည်ကောင်းနေရုံနဲ့လည်း ကလေးက ထိပ်တန်းမရောက်နိုင်ပါဘူး။ မိဘမျိုးရိုးနာမည် ထည့်တာရှိသလို တချို့က သြဇာလွှမ်းမိုးတဲ့ ဘိုးဘွားနာမည်ပါ ထည့်မှည့်ကြတာရှိတယ်။ ဥပမာ သုတကျော်စွာလို နာမည်မျိုးဆိုရင် ပညာကိုထူးချွန်မယ့်နိမိတ်တွေပါတယ်။ နာမည်က လူနဲ့မလိုက်ရင်လည်း လူက Impression ညံ့သွားတယ်။ ဗိုလ်ကျောင်းထားတဲ့ကလေးတွေမှာ ဆိုရင်လည်း မြန်မာနာမည်နဲ့ ဘိုနာမည်နဲ့ဆင်တာမျိုးတွေပေးတတ်ကြတယ်။ ဥပမာ အဖေနာမည်က ဦးရဲဝင့်မှာ သမီးက ဟေသာရဲဝင့်၊ အင်္ဂလိပ်ဆိုရင် Heather Ye Wintပေါ့။

ဆရာလူဝင်းအောင်
ဗေဒင်ပညာနဲ့ရှင်သန်လာတဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ အခု နောက်ပိုင်းကို ဗေဒင်နဲ့ နာမည်ပေးလာကြတာ များလာတာကို သတိထားမိပါတယ်။ တချို့မိဘတွေရဲ့ အယူအဆကလည်း ဗေဒင်ပညာနဲ့ နာမည်ပေးထားရင် တစ်သက်လုံး တိုးတက်အောင်မြင်ဖြစ်ထွန်းတယ်လို့ ယုံကြည်ကြတယ်။ နာမည်တွက်ပေးတာမျိုးတွေမှာလည်း ဂြိုဟ်နည်းစနစ်တွေမမှန်ရင် ထွန်းလင်းလောက်ပမှုမရှိနိုင်ဘူး။ နာမည်အရှည်ကြီးတွေ ပေးတာကလည်း စန်းပျက်ပြီး ဆန့်ကျင်ဘက်ဖြစ်စေတယ်။ နောက်တစ်ခုက နာမည်ပေးရင် မဟာဘုတ်မှာ အောက်တန်းကနာမည်တွေရှောင်ပေးတယ်။ မိဘတွေအတွက် တိုးတက်အောင်မြင်ဖြစ်ထွန်းမယ့် နာမည်မျိုးတွေကို နှစ်သက်ကြပါတယ်။ အများစုက သူများမမှည့်တဲ့၊ ထူးခြားတဲ့နာမည်တွေကို ပိုနှစ်ခြိုက်ကြတယ်။

ဆရာဝဏ္ဏ(ဝေဒ)
ဒီနောက်ပိုင်းမှာတော့ မိဘတွေက သူတို့ရဲ့သားသမီးနာမည်တွေကို ခေတ်ဆန်ဆန်၊ နန်းဆန်ဆန်ပေးတာမျိုးတွေ ကြိုက်လာတယ်။ အနည်းဆုံး

နာမည်လေးလုံးလောက်ရှိတာကို ရွေးချယ်ကြတယ်။ အရင်ကလို နာမည်နှစ်လုံးတည်းပေးတာမျိုးတွေ ရှားသွားတယ်။ ထူးခြားတဲ့နာမည်မျိုးတွေဆို ပိုသဘောကျတယ်။ ဥပမာအဖေနာမည်က ဦးသိန်းထွန်းမှာ မျိုးရိုးနာမည်လည်းထည့်ချင်တော့ ပုညသိန်းထွန်းလို့ပေးတယ်။ ပုညဆိုတာက အခုနောက်ပိုင်းမှာ ထူးခြားတယ်။ မှည့်တဲ့လူသိပ်မရှိတော့ဘူး။ မိဘတွေက သူတို့သားသမီး ကုသိုလ်ကံကောင်းဖို့အတွက် ဦးစားပေးကြတဲ့ နာမည်မျိုးတွေ မှည့်ပေးဖို့ တောင်းဆိုတယ်။ နာမည်တစ်ခုကြောင့်တော့ လူတစ်ယောက်ဒုက္ခရောက်သွားတယ်ဆိုတာ မရှိပါဘူး။ အဓိကကတော့ မူရင်းကောင်းမှ မိတ္တူလည်းကောင်းမှာပါ။ နာမည်ပေးတဲ့အခါမှာလည်း ဗျုပ္ပတ်အားကောင်းကောင်းနဲ့ပေးရမှာပါ။

ဥပမာ ဒေါ်ခွေးမလို့ ပေးထားခြင်းအားဖြင့် သူက သားသမီးအများကြီး မွေးဖွားပါလိမ့်မယ်။ ခွေးဆိုတာက အများကြီးသားပေါက်တဲ့သဘောရှိလို့ပါ။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ထူးခြားတာက ကိုရီးယားယဉ်ကျေးမှုတွေခေတ်စားလာတော့ ခေတ်ဆန်တဲ့မိသားစုတွေက သူတို့သားသမီးတွေကို နာမည်ကျော်ကြားတဲ့ ကိုရီးယားမင်းသား၊ မင်းသမီးနာမည်တွဲတွေ မှည့်ချင်လာကြတာတွေလည်း ရှိပါတယ်။ ဥပမာ မိုးဟေကိုဆိုရင် ဆောင်းဟေကို နာမည်ကိုဆင်တူပြီး ပေးထားတာမျိုးပေါ့။

ဆရာဒေါက်တာဦးပိုင်
ဒီနှစ်ပိုင်းအတွင်းမှာ ဗေဒင်ပညာနဲ့နာမည်ပေးတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်း အရင်ကလို မျက်စိမှိတ်ပစ်ယုံတဲ့သူတွေ မရှိတော့ဘူး။ ပညာတတ်တွေများလာပြီ။ အချက်အလက်အစုံနဲ့ သေချာတတ်ကျွမ်းနားလည်တဲ့သူက တွက်ပေးတာကိုမှ လက်ခံလာကြပါတယ်။ ဟိုးအရင်တုန်းကတော့ ရွာကဆရာတော်ကပဲ နာမည်ပေးကြတာလေ။

အခုကတော့ ခေတ်ပြောင်းသွားပြီပေါ့။ ဒါပေမဲ့လည်း တစ်စိတ်တစ်ဒေသတွေမှာတော့ ရှိဦးမှာပါ။ နာမည်ကို ခေတ်စားတိုင်းပေးပေမယ့်လည်း ကလေးရဲ့ဇာတာနဲ့မကိုက်ရင် ကလေးအတွက် မကောင်းပါဘူး။ နာမည်လှတိုင်းလည်း မပေးသင့်ပါဘူး။ ခေတ်ဆန်ပြီး လှတဲ့နာမည်ကိုမှ ကြိုက်နှစ်သက်ကြရင်တော့ အဲဒီနာမည်ကို ဇာတာနဲ့ တွက်ပြီးတော့မှ ကိုက်ရင်ပေးလို့ ရပါတယ်။ နောက်လူတစ်ဦးနဲ့တစ်ဦးက ဇာတာချင်းမတူကြလို့ မိမိတို့ ဂြိုဟ်အနေအထားကောင်းတဲ့အပေါ်ပဲ မူတည်ပြီး ပေးသင့်ပါတယ်။ နာမည်ကြောင့် ဘဝပျက်ရတယ်ဆိုတာမရှိသလို နာမည်ကြောင့် တိုးတက်လာတယ်ဆိုတာလည်း ရှားပါတယ်။ နာမည်တစ်ခုက လူတစ်ယောက်ရဲ့ဘဝကို မပိုင်ဆိုင်ပါဘူး။ ကာယကံရှင်တွေရဲ့အပြုအမူ၊ မေတ္တာ၊ စေတနာတွေကပဲ အဓိကပံ့ပိုးမှုဖြစ်စေတာပါ။

http://7daydaily.com/story/28247#.VKafx3vdXhB

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...