စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“အနှိုင်းမဲ့ဥစ္စာ”


                     

•••••••••••••••••
  လောကမှာ ရှိရှိသမျှ ပစ္စည်းဥစ္စာအားလုံးထဲမှာ တင်းတိမ်ရောင့်ရဲခြင်းဆိုတဲ့ ပစ္စည်းဥစ္စာဟာ
“အနှိုင်းမဲ့ဥစ္စာ” ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တင်းတိမ်ရောင့်ရဲခြင်းဥစ္စာထက် ပိုပြီး စိတ်ကို
  နှစ်သက်စေနိုင်ပါတယ်၊ စိတ်ကို ချမ်းသာစေနိုင်ပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ
တခြားပစ္စည်းဥစ္စာ မရှိတော့လို့ပါပဲ။

တင်းတိမ်ရောင့်ရဲခြင်းဥစ္စာနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့ တခြားပစ္စည်းဥစ္စာ လောကမှာ
မရှိတော့တဲ့အတွက် တင်းတိမ်ရောင့်ရဲခြင်းဥစ္စာဟာ “အနှိုင်းမဲ့ဥစ္စာ” ဖြစ်ရပါတယ်။

ပိုင်ဆိုင်သူရဲ့ စိတ်ကို နှစ်သက်စေတဲ့အရာ၊ ပိုင်ဆိုင်သူရဲ့ စိတ်ကို ချမ်းသာစေတဲ့အရာကို
ဥစ္စာလို့ခေါ်ပါတယ်။ဥစ္စာနည်းနည်း ပိုင်ဆိုင်ရင် နည်းနည်း နှစ်သက်တယ်။နည်းနည်း စိတ်ချမ်းသာတယ်။
ဥစ္စာများများပိုင်ဆိုင်ရင် များများနှစ်သက်တယ်။များများစိတ်ချမ်းသာတယ်။
နည်းနည်းပဲ ပိုင်ဆိုင်ပိုင်ဆိုင်၊ များများပဲ ပိုင်ဆိုင်ပိုင်ဆိုင်၊ ကိုယ်ပိုင်ဆိုင်တဲ့အရာက ကိုယ့်စိတ်ကို နှစ်သက်စေမှ၊ ချမ်းသာစေမှ “ဥစ္စာ”လို့ ခေါ်ပါတယ်။

ဥစ္စာမှန်ရင် ပိုင်ဆိုင်သူရဲ့ စိတ်ကို နှစ်သက်စေရ၊ ချမ်းသာစေရပါတယ်။ ပိုင်ဆိုင်သူရဲ့ စိတ်ကို
မနှစ်သက်စေနိုင်ရင်၊ မချမ်းသာစေနိုင်ရင် နည်းနည်း၊ များများ၊ ဥစ္စာလို့ မခေါ်နိုင်တော့ပါဘူး။

ပိုင်ဆိုင်သူရဲ့ စိတ်ကို နှစ်သက်စေနိုင်၊ချမ်းသာစေနိုင်တဲ့ ဥစ္စာတွေ အားလုံးထဲမှာ
တင်းတိမ်ရောင့်ရဲခြင်းဟာ အကောင်းဆုံး၊ အမြတ်ဆုံးဥစ္စာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့
တင်းတိမ်ရောင့်ရဲခြင်းရှိမှသာ မိမိပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာ (နည်းနည်း၊ များများ)က မိမိစိတ်ကို နှစ်သက်ပျော်ရွှင်မှု၊ ချမ်းသာမှု ပေးနိုင်လို့ပါပဲ။

တင်းတိမ်ရောင့်ရဲခြင်းသာ မရှိရင် မိမိမှာ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ နည်းနည်းလေးကလည်း မိမိကို
စိတ်ချမ်းသာမှု မပေးနိုင်ပါဘူး။ များများကြီးကလည်း မိမိကို စိတ်ချမ်းသာမှု မပေးနိုင်ပါဘူး။
မိမိကို စိတ်ချမ်းသာမှု မပေးနိုင်ဘူးဆိုမှတော့ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာဟာ နာမည်ခံပစ္စည်းဥစ္စာပဲ
  ဖြစ်တော့မှာပေါ့။ တကယ့်ပစ္စည်းဥစ္စာအစစ် ဘယ်ဖြစ်နိုင်ပါတော့မလဲ။

“တင်းတိမ်ရောင့်ရဲခြင်း” ဆိုတာ “သန္တုဋ္ဌီ” ဆိုတဲ့ ပါဠိစကားလုံးကို ပရိယာယ်မြန်မာစကားလုံးတစ်ခုနဲ့
အသွင်ဖလှယ်ထားခြင်းမျှသာ ဖြစ်ပါတယ်။ “သန္တုဋ္ဌီ” ဆိုတဲ့ စကားလုံးရဲ့ မူရင်းအနက်အဓိပ္ပာယ်
မဟုတ်ပါဘူး။

သန္တုဋ္ဌီဆိုတဲ့ စကားလုံးရဲ့ မူရင်းအနက်အဓိပ္ပာယ်ကို သိဖို့အတွက် သန္တုဋ္ဌီကို သံတစ်ပုဒ်၊ တုဋ္ဌီတစ်ပုဒ်
နှစ်ပုဒ်ခွဲပြီး စဉ်းစားကြည့်ကြရအောင်။
(သန္တုဋ္ဌီ = သံ+တုဋ္ဌီ။)

●တုဋ္ဌီဆိုတာ နှစ်သက်ခြင်း၊
●သံဆိုတာ
(၁) ကိုယ်ရှိတာ၊ (၂) ကိုယ်ပိုင်တာ
(၃) တရားသောနည်းနဲ့ ရတာ။
သန္တုဋ္ဌီ (သံ+တုဋ္ဌီ) ဆိုတာ
(၁) ကိုယ်ရှိတာနဲ့ နှစ်သက်ခြင်း၊
(၂) ကိုယ်ပိုင်တာနဲ့ နှစ်သက်ခြင်း၊
(၃) တရားသောနည်းနဲ့ ရတာနဲ့ နှစ်သက်ခြင်းလို့
အဓိပ္ပာယ်ရပါတယ်။

ကိုယ်ရှိတာနဲ့ နှစ်သက်တာ၊ ကိုယ်ပိုင်တာနဲ့ နှစ်သက်တာ၊ တရားသဖြင့် ကိုယ်ရတာနဲ့
  နှစ်သက်တာကို တင်းတိမ်ရောင့်ရဲတယ် လို့ခေါ်ပါတယ်။

ဟုတ်ပါတယ်၊ “တင်းတိမ်ရောင့်ရဲတဲ့သူ” ဆိုတာကိုယ့်မှာရှိတဲ့ပစ္စည်းဥစ္စာနဲ့ နှစ်သက်ကျေနပ်နိုင်ရပါတယ်။
ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ရှာဖွေလို့ ရထားတဲ့ ပစ္စည်းဥစ္စာနဲ့ စိတ်ချမ်းသာအောင် နေတတ်ရပါတယ်။
ကိုယ်ရှိတာနဲ့ မကျေနပ်ဘဲ ကိုယ့်မှာ မရှိသေးတာ၊မရှိနိုင်တာတွေကို မျှော်တွေး၊ကျော်ငေးပြီး
မကျေမနပ်နဲ့ စိတ်ဆင်းရဲမနေရပါဘူး။

လုပ်ပိုင်ခွင့်ရှိသလောက် ကိုယ်လုပ်ခဲ့လို့ ရပိုင်ခွင့်ရှိသလောက် ကိုယ်ရခဲ့ပြီးပြီပဲ။
မလုပ်နိုင်တော့တာ၊ မရနိုင်တော့တာကို ဘာလို့ မျှော်လင့်တမ်းတပြီး စိတ်ညစ်နေရမှာလဲ။

●နေ့စားအလုပ်လုပ်သူကလည်း ကိုယ့်နေ့တွက်ရသမျှနဲ့ ကျေနပ်ဝမ်းမြောက်ပါ။ အပိုမတောင့်တပါနဲ့။
●လစားအလုပ်လုပ်သူကလည်း ကိုယ့်လတွက်ရသမျှနဲ့ ကျေနပ်ဝမ်းမြောက်ပါ။ အပိုမတောင့်တပါနဲ့။
●နှစ်စားအလုပ်လုပ်သူကလည်း ကိုယ်နှစ်တွက်ရသမျှနဲ့ ကျေနပ်ဝမ်းမြောက်ပါ။ အပိုမတောင့်တပါနဲ့။

ကိုယ်ရနိုင်တာ၊ ကိုယ်ရနေတာနဲ့ ကျေနပ်ဝမ်းမြောက်ပြီဆိုရင် ကိုယ့်ရှိတာနဲ့ တင်းတိမ်ရောင့်ရဲတဲ့သူ ဖြစ်ပါပြီ။

  နောက်အဓိပ္ပာယ်တစ်ခု၊ တင်းတိမ်ရောင့်ရဲတဲ့သူဆိုတာကိုယ်တကယ်ပိုင်နေတဲ့ ပစ္စည်းဥစ္စာနဲ့
  နှစ်သက်ကျေနပ်နိုင်ရပါတယ်။ ကိုယ့်မှာရှိတဲ့ ပစ္စည်းဥစ္စာတိုင်း ကိုယ်တကယ်ပိုင်တာမှ
မဟုတ်ဘဲ။ “ရှိတာနဲ့” ၊ “ပိုင်တာနဲ့” တခြားစီပါ။ ကိုယ့်ရှိတိုင်း ကိုယ်မပိုင်ဘူး ဆိုတာ ဥပမာအားဖြင့်
ကိုယ့်ပိုက်ဆံ သူများ ချေးထားတယ်ဆိုပါတော့။ သူများ ချေးထားလို့ သူများလက်ထဲရောက်နေတဲ့
ပိုက်ဆံဟာ တကယ်တော့ ကိုယ့်ပိုက်ဆံပါ၊ ကိုယ့်မှာရှိတဲ့ ပိုက်ဆံပါ။ ဒါပေမဲ့ ကိုယ်မပိုင်ပါဘူး၊
ချေးထားသူက ပြန်မပေးမချင်း ကိုယ်မပိုင်ပါဘူး။

အဲဒီလို ရှိပြီး မပိုင်တဲ့ပစ္စည်းဥစ္စာတွေအတွက်လည်း တွေးပြီး စိတ်ဆင်းရဲမနေပါနဲ့။
ဒီလူ ငါ့ပိုက်ဆံ ပြန်မပေးသေးဘူး၊ ဒီမိန်းမ ငါ့ပိုက်ဆံ ပြန်မဆပ်သေးဘူးနဲ့
သူများလက်ထဲရောက်နေတဲ့ ပစ္စည်းဥစ္စာကို ထပ်တလဲလဲ တမ်းတပူပန်နေမယ်ဆိုရင်
ကိုယ့်ပစ္စည်းမှန်ပေမယ့် “တင်းတိမ်ရောင့်ရဲသူ”လို့ မခေါ်နိုင်ပါဘူး။

သူများလက်ထဲ ရောက်နေတဲ့ ကိုယ့်ပစ္စည်းကို တမ်းတမနေဘဲ ကိုယ့်လက်ထဲ တကယ်ရှိ၊
တကယ်ပိုင်နေတဲ့ပစ္စည်းနဲ့ ကျေနပ်ဝမ်းမြောက်နိုင်မှသာ တင်းတိမ်ရောင့်ရဲသူလို့ ခေါ်နိုင်ပါတယ်။

ဒီလိုပြောလိုက်လို့ ကိုယ့်ကြွေး ပြန်မတောင်းရဘူးလို့ မဆိုလိုပါဘူး။ တောင်းသင့်တဲ့အချိန်၊
တောင်းသင့်တဲ့နေရာမှာ တောင်းသင့်တဲ့သူဆီကလိုအပ်သလို ကြွေးပြန်တောင်းရမှာပေါ့။
တောင်းခါမှတောင်း၊ စိတ်ထဲမှာ ထပ်တလဲလဲ မတွေးနဲ့လို့ ဆိုလိုပါတယ်။ ဒါပေမယ့် ပြန်မရနိုင်တော့ဘူးဆိုတာ သေချာသလောက် ဖြစ်လာရင်တော့ ကိုယ့်ပစ္စည်း
မဟုတ်တော့ဘူးဆိုပြီး အာလယပြတ်သာ စွန့်လွှတ်လိုက်ပါတော့၊ ခေါင်းထဲထည့်မနေပါနဲ့။
စိတ်ဆင်းရဲရရုံက လွဲလို့ ဘာမှ အကျိုးမရှိပါဘူး။

  နောက်အဓိပ္ပာယ်တစ်ခု။တင်းတိမ်ရောင့်ရဲတဲ့သူဆိုတာတရားသောနည်းလမ်းနဲ့
ရှာဖွေလို့ရထားတဲ့ ပစ္စည်းဥစ္စာနဲ့ နှစ်သက်ကျေနပ်နိုင်ရပါတယ်။ တရားသောနည်းနဲ့ ရတဲ့ပစ္စည်းက ကိုယ်လိုချင်သလောက် အတိုင်းအတာအထိ မရှိလို့ဆိုပြီး မတရားတဲ့နည်း၊
မမှန်ကန်တဲ့နည်းနဲ့ အပိုဆောင်းထပ်ဖြည့်တာမျိုး မပြုလုပ်ရပါဘူး။

မတရားတဲ့နည်းနဲ့ ရှာလို့ရထားတဲ့ ပစ္စည်းဟာ ကိုယ့်ပစ္စည်းမှန်ပေမယ့် ကိုယ့်ရှိတာနဲ့ တင်းတိမ်ရောင့်ရဲတယ်
လို့ မဆိုနိုင်ပါဘူး။ မတရားတဲ့နည်းနဲ့ ရှိတဲ့အရှိကို “ကိုယ့်ရှိတာလေးနဲ့” ဆိုတဲ့ သူတော်ကောင်းစကားထဲမှာ
ဘယ်လိုမှ ထည့်သွင်းလို့ မဖြစ်နိုင်ပါဘူး။

  အောက်ဆိုဒ်တွေ၊ အပေါ်ဆိုဒ်တွေနဲ့ နည်းမျိုးစုံ ခွင်ရိုက်ပြီး စီးပွားရှာတတ်တဲ့သူတွေဟာ
တင်းတိမ်ရောင့်ရဲခြင်းရဲ့ အရသာကို တန်ဖိုးမထားတတ်တဲ့သူတွေပါပဲ
ဒီဘဝမှာလည်း စိတ်ချမ်းသာမှု မရနိုင်သလို ၊သံသရာမှာလည်း အကြီးအကျယ် ဆင်းရဲတွင်းနက်ကြမယ့်သူတွေပါ။

“သူများ မိုးခါးရေ သောက်ရင် ငါလည်း သောက်မယ်” ဆိုတဲ့ ခပ်ညံ့ညံ့လူတွေရဲ့ အပေါစားစိတ်ဓာတ်မျိုးကို
ဖယ်ရှားပြီး “မစားရလို့ လျှာပေါ်မြက်ပေါက်ပြီး သေရင် သေသွားပါစေ” ဆိုတဲ့ လူမြတ်စိတ်ဓာတ်မျိုး
  မွေးမြူနိုင်မယ်ဆိုရင် မတရားတဲ့နည်းနဲ့ စီးပွားမရှာတော့ဘဲ၊တရားတဲ့နည်းနဲ့သာ စီးပွားရှာတော့မှာဖြစ်တဲ့အတွက် တင်းတိမ်ရောင့်ရဲသူ ဖြစ်ပါပြီ။

■တစ်ခါတုန်းက မြို့မှာ အစားကောင်း၊ အသောက်ကောင်းတွေ စားနေရတဲ့ ကျီးကန်းတစ်ကောင်ဟာ
မြို့မှာ စားရတဲ့ အစားအသောက်တွေနဲ့ ကျေနပ်နှစ်သက်မှု၊ တင်းတိမ်အားရမှု မရှိတဲ့အတွက် တောမှာရှိတဲ့
အစားကောင်းအသောက်ကောင်းတွေလည်း သွားစားလိုက်ဦးမယ်ဆိုပြီး တောအုပ်တစ်ခုဆီကို
ပျံသန်းလာခဲ့ပါတယ်။

  တောအုပ်ထဲရောက်တော့ “ဘုရားလောင်း ငုံးကလေး”နဲ့ တွေ့ပါတယ်။ ငုံးကလေးက ဝဝတစ်တစ် ချစ်စရာလေးပါ။ ကျီးကန်းကတော့ ပိန်ပိန်ခြောက်ခြောက် မွဲမွဲကပ်ကပ်လေးပါ။ ငုံးကလေးက ကျီးကန်းကို...

“အဆွေကျီး၊ အသင်ဟာ မြို့မှာ အင်မတန် မွန်မြတ်တဲ့ စားကောင်းသောက်ဖွယ်တွေ စားနေရပါရက်နဲ့
ဘာဖြစ်လို့ ပိန်နေရတာလဲ” လို့မေးပါတယ်။

“အဆွေငုံး၊ အကျွန်ုပ်ဟာ မြို့မှာ အင်မတန် မွန်မြတ်တဲ့ စားကောင်းသောက်ဖွယ်တွေ
စားနေရပေမယ့် ကိုယ့်ရှိတဲ့ အစားအစာနဲ့ ကျေနပ်နှစ်သက်မှု၊ တင်းတိမ်ရောင့်ရဲမှု
မရှိတဲ့အတွက်ကြောင့် အကျွန်ုပ်ရဲ့ စိတ်ဟာ အမြဲတမ်းပူလောင်ပြီး၊အခုလို ပိန်နေရခြင်းဖြစ်ပါတယ်” လို့
ကျီးကန်းက ပြန်ဖြေပါတယ်။

ပြီးတော့ ငုံးကလေးကို...“အဆွေငုံး၊ အသင်ဟာ တောထဲမှာ အဆီအနှစ်မရှိတဲ့
မြက်သီးခြောက်ကလေးတွေသာ စားနေရပါရက်နဲ့ ဘာဖြစ်လို့ ဝဝဖြိုးဖြိုး ဖြစ်နေရတာလဲ” လို့
ပြန်မေးလိုက်ပါတယ်။

ငုံးကလေးက...“အဆွေကျီး၊ အကျွန်ုပ်ဟာ တောထဲမှာ အဆီအနှစ်မရှိတဲ့
မြက်သီးခြောက်ကလေးတွေကိုသာ စားနေရပေမယ့် ကိုယ့်ရှိတဲ့ အစားအစာ၊ ကိုယ်ရတဲ့အစားအစာနဲ့
ကျေနပ်နှစ်သက်မှု၊ တင်းတိမ်ရောင့်ရဲမှု ရှိတဲ့အတွက်ကြောင့် အကျွန်ုပ်ရဲ့စိတ်ဟာ အမြဲတမ်း အေးချမ်းပြီး၊အခုလို ဝဝဖြိုးဖြိုး၊ စိုစိုပြည်ပြည် ဖြစ်နေရခြင်း ဖြစ်ပါတယ်” လို့
ကျီးကန်းကို ပြန်ဖြေလိုက်ပါတယ်။

တင်းတိမ်ရောင့်ရဲခြင်းမရှိသူရဲ့ စိတ်ဟာ အမြဲတမ်း ပူလောင်နေပါတယ်။ စိတ်ပူလောင်တော့ ကိုယ်လည်း
ပူလောင်ပါတယ်။ စိတ်ပူ ကိုယ်ပူ အမြဲပူနေလို့ စိတ်လည်း မချမ်းသာပါဘူး၊ကိုယ်လည်း မကျန်းမာပါဘူး။

တင်းတိမ်ရောင့်ရဲခြင်းရှိသူရဲ့ စိတ်ဟာ အမြဲတမ်း အေးချမ်းနေပါတယ်။ စိတ်အေးချမ်းတော့ ကိုယ်လည်း
အေးချမ်းပါတယ်။ စိတ်အေး၊ကိုယ်အေး အမြဲအေးနေလို့ စိတ်လည်း ချမ်းသာပါတယ်၊ ကိုယ်လည်း ကျန်းမာပါတယ်။

တင်းတိမ်ရောင့်ရဲခြင်းဟာ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းရဲ့ အကြောင်းဖြစ်ပါတယ်။
တင်းတိမ်ရောင့်ရဲနိုင်တဲ့ ပုဂ္ဂိုလ်အတွက် မပြည့်စုံဘူးဆိုတာ ဘယ်တော့မှ မရှိပါဘူး။
အမြဲတမ်း ပြည့်စုံနေပါတယ်။အမြဲတမ်း ချမ်းသာကြွယ်ဝနေပါတယ်။

သားရေဖိနပ်စီးထားတဲ့ လူတစ်ယောက်ရဲ့ ခြေထောက်အစုံဟာ ကမ္ဘာမြေပြင်ကြီးတစ်ခုလုံးကိ
သားရေနဲ့ ဖုံးလွှမ်းထားရာရောက်သလို တင်းတိမ်ရောင့်ရဲခြင်းဖိနပ်စီးထားတဲ့ လူတစ်ယောက်ရဲ့
စိတ်ဓာတ်နဲ့ ဘဝ ခြေထောက်အစုံဟာလည်း တစ်လောကလုံးက ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်ရာ
ရောက်သွားတဲ့အတွက် အစစအရာရာ ပြီးပြည့်စုံနေပါတော့တယ်။

■တင်းတိမ်ရောင့်ရဲနိုင်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေလည်း
  ဖြစ်ပွားလာနိုင်ပါတယ်။ ဖြစ်ပြီးသား ကုသိုလ်တရားတွေလည်းဆတက်ထမ်းပိုး တိုးပွားလာနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ တင်းတိမ်ရောင့်ရဲခြင်းဟာ “ကုသိုလ်ဖြစ်ခြင်း၊ ကုသိုလ်တိုးခြင်းရဲ့ အကြောင်းရင်း”
  ဖြစ်လို့ပါပဲ။

■မတင်းတိမ် မရောင့်ရဲနိုင်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေလည်း
  ဖြစ်ပွားလာနိုင်ပါတယ်။ ဖြစ်ပြီးသား အကုသိုလ်တရားတွေလည်းတိုးပွားလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ “မတင်းတိမ်မရောင့်ရဲခြင်း” ဟာ အကုသိုလ်ဖြစ်ခြင်း၊ အကုသိုလ်တိုးခြင်းရဲ့ အကြောင်းရင်းဖြစ်လို့ပါပဲ။

မတင်းတိမ် မရောင့်ရဲနိုင်ဘူးဆိုတာ လောဘကို ကန့်သတ်ချက်မထားနိုင်လို့ပါ။ လောဘကို
  နှုတ်ခမ်းမသတ်နိုင်လို့ပါ။ လောဘရဲ့ အလိုကို လိုက်နေသမျှတော့ တင်းတိမ်ရောင့်ရဲတဲ့သူတစ်ယောက်
  ဖြစ်လာဖို့ မျှော်လင့်ချက်မရှိတော့ပါဘူး။

ေ လာဘရဲ့သဘောက သူ့အလိုကို ဘယ်လောက်ပဲ ဖြည့်ပေးဖြည့်ပေး၊ အလိုပြည့်သွားတယ်ရယ်လို့ မရှိပါဘူး။ ရပြီးရင်း လိုချင်ရင်း၊ ရပြီးရင်း လိုချင်ရင်းပါပဲ။ ပင်လယ်ကြီးဟာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေကစီးဆင်းဝင်ရောက်လာသမျှ ရေတွေအပေါ် အလိုမပြည့်သလို၊ မီးပုံကြီးဟာ ထည့်လိုက်သမျှ
လောင်စာတွေအပေါ် အလိုမပြည့်သလို ၊လောဘဟာလည်း ရစရာအာရုံတွေ၊
ရစရာပစ္စည်းဝတ္ထုတွေအပေါ် ဘယ်တော့မှ အလိုမပြည့်ပါဘူး။

အလိုမပြည့်တဲ့ လောဘကို အလိုပြည့်အောင် စွမ်းဆောင်နိုင်တာက တင်းတိမ်ရောင့်ရဲခြင်းပါပဲ။
ကိုယ်ရသင့်တာထက် ပိုလိုချင်စိတ်မရှိဘဲ၊ကိုယ်ရသင့်သလောက်ရတာနဲ့ပဲ ကျေနပ်ရင်
  လောဘဟာ အလိုပြည့်သွားပါတယ်။

■တစ်ခါတုန်းက “ဘုရားလောင်း ရွှေဟင်္သာ” ဟာ ဘဝဟောင်းက “ဇနီးနဲ့ သမီးသုံးယောက်”
ဆင်းရဲပင်ပန်းနေတာကို မကြည့်ရက်လို့ မကြာမကြာ လာပြီး ရွှေသားအတိပြီးတဲ့ အတောင်တစ်တောင်စီ
  ပေးပါတယ်။

  ရွှေဟင်္သာအတောင်တွေ ရောင်းချပြီး ချမ်းသာကြွယ်ဝလာတဲ့ ဇနီးနဲ့ သမီးသုံးယောက်ဟာ လောဘရဲ့ အလိုကို နှုတ်ခမ်းမသတ်နိုင်တဲ့အတွက်ကြောင့်၊ တစ်ခါလာပေးရင် အတောင်တစ်ခုစီပဲ ရတာကို
မကျေနပ် မတင်းတိမ်နိုင်တဲ့အတွက်ကြောင့်၊ တစ်နေ့ ရွှေဟင်္သာလာတဲ့အခါ ဝိုင်းဖမ်းချုပ်ပြီး
အတောင်တွေ အကုန်နုတ်ယူပစ်ကြပါတယ်။ နုတ်သမျှ အတောင်တွေဟာ ရွှေမဖြစ်တော့ဘဲ
ဗျိုင်းတောင်လို အဖြူရောင်တွေချည်းပဲ ဖြစ်ကုန်ကြပါတယ်။

  ရွှေအတောင်တွေများ ထပ်ပေါက်လာလေမလားလို့ အိုးထဲထည့်မွေးပေမယ့် အဖြူရောင်အတောင်တွေသာ
ပြန်ပေါက်လာတာမို့ ခါတိုင်း ပုံမှန်ရနေကျ ရွှေအတောင်တွေ လုံးဝ ဆုံးရှုံးရပါတော့တယ်။ ရွှေဟင်္သာလည်း
အလိုကြီးတဲ့ မိသားစုဆီကို ဘယ်တော့မှ ပြန်မလာတော့ပါဘူး။

ရသင့်တာထက် ပိုလိုချင်ရင် ရသင့်တာပါ ဆုံးရှုံးတတ်ပါတယ်။ ရသမျှနဲ့ ကျေနပ်တတ်တဲ့ တင်းတိမ်ရောင့်ရဲခြင်းတရားကို နှလုံးသားမှာ မွေးမြူမထားနိုင်သမျှတော့ ရသင့်တာထက်
ပိုလိုနေချင်ဦးမှာပါပဲ။

တင်းတိမ်ရောင့်ရဲတယ်ဆိုတာ ရှိသမျှ၊ ရသမျှနဲ့ ကျေနပ်တာကိုခေါ်တယ်ဆိုလို့ ပိုရှိအောင်၊
ပိုရအောင် ကြိုးစားဖို့ မလိုဘူးလို့ လွဲမှားတဲ့အဓိပ္ပာယ်ကို မကောက်ယူလိုက်ပါနဲ့ဦး။

ရှိသမျှ၊ ရသမျှနဲ့ ကျေနပ်ရမယ် ဆိုတာ“ပိုရှိအောင်၊ပိုရအောင် မကြိုးစားနဲ့” လို့
ပြောတာမဟုတ်ပါဘူး။တစ်ဖက်က ပိုရှိအောင်၊ ပိုရအောင် ကြိုးစားရင်း နဲ့ တစ်ဖက်ကလည်း
ရှိသမျှ၊ ရသမျှအပေါ် ကျေနပ်ရမယ်လို့ ဆိုလိုတာပါ။ လက်ရှိ အခြေအနေအပေါ် မကျေနပ်တဲ့စိတ်နဲ့
တိုးတက်အောင် ကြိုးစားနေတာမျိုးမဟုတ်ဘဲ၊လက်ရှိအခြေအနေကို ကျေကျေနပ်နပ်ကြီး လက်ခံရင်းနဲ့ပဲ
ရှေ့ဆက်တိုးတက်အောင် ကြိုးစားနေတာမျိုး ဖြစ်ရမယ်လို့ ဆိုလိုပါတယ်။

စိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့လူ၊ လူပီသတဲ့လူဆိုတာ လက်ရှိအခြေအနေ၊ လက်ရှိအဆင့်အတန်းထက်
ပိုပိုပြီး တိုးတက်အောင် အမြဲတမ်း ကြိုးစားအားထုတ်နေရပါတယ်။ လက်ရှိအခြေအနေ၊
လက်ရှိအဆင့်အတန်းမှာပဲ ရပ်တန့်ပြီးဆုံးနေရင် စိတ်ဓာတ်အဆင့်အတန်းနိမ့်တဲ့လူ၊ လူမပီသတဲ့လူ
  ဖြစ်သွားပါလိမ့်မယ်။ အညွှန့်တလူလူတိုးတက်နေမှ “လူ” လို့ ခေါ်တာမဟုတ်လား။

တချို့က ရှေ့ဆက်တိုးတက်အောင် မကြိုးစားဘဲ၊လက်ရှိအခြေအနေ၊ လက်ရှိအဆင့်အတန်းမှာ
ရပ်တန့်ကျေနပ်နေတာကိုပဲ တင်းတိမ်ရောင့်ရဲတယ်လို့ လွဲမှားစွာ ယူဆနေကြပါတယ်။ တကယ်တော့ ဒါဟာ
တင်းတိမ်ရောင့်ရဲခြင်း မဟုတ်ပါဘူး။ “ပျင်းရိခြင်း၊ စိတ်ဓာတ် ဆုတ်နစ်ခြင်း” သာ ဖြစ်ပါတယ်။
အလုပ်လုပ်ဖို့ ပျင်းရိတွန့်ဆုတ်တာကို ဆင်ခြေပေးတဲ့အနေနဲ့ “တင်းတိမ်ရောင့်ရဲခြင်း” ဆိုတဲ့
စကားလုံးကို အကာအကွယ်ယူလိုက်တာပါ။ ကိုယ့်ရဲ့ အသုံးမကျမှုကို သူတော်ကောင်းဂုဏ်နဲ့
လှည့်စားလိုက်တာပါ။

●“လောကရေး”မှာလည်း ကိုယ့်အကျိုး၊ သူ့အကျိုး၊ လူမှုအကျိုး၊ သာသနာ့အကျိုးတွေကို ကျေပွန်စွာ
သယ်ပိုးထမ်းဆောင်နိုင်ဖို့အတွက် ပစ္စည်းဥစ္စာ ရှိသည်ထက်ရှိ၊ ရသည်ထက်ရအောင်
ကြိုးစားအားထုတ်ရပါမယ်။
●“ဓမ္မရေး” မှာလည်း ဒါန၊ သီလပြည့်စုံရုံ၊ စာပေဗဟုသုတနှံ့စပ်ရုံနဲ့ ကျေနပ်မနေဘဲ၊
မဂ်ဖိုလ်နိဗ္ဗာန် တရားထူးတရားမြတ်တွေ ရတဲ့အထိ ဘာဝနာ အလုပ်တွေကို ကြိုးစားအားထုတ်ရပါမယ်။
ဒါမှ လူပီသတဲ့လူ၊ မြင့်မြတ်တဲ့လူ ဖြစ်မှာပါ။

“ကျေနပ်” ဆိုတဲ့ စကားလုံးရဲ့ သူ့အဓိပ္ပာယ်နဲ့သူ ရပ်တည်နေပုံကို သဘောပေါက်မယ်ဆိုရင်
တင်းတိမ်ရောင့်ရဲခြင်းနဲ့ ပျင်းရိတွန့်ဆုတ်ခြင်းကို ရောထွေးပစ်မှာ မဟုတ်တော့ပါဘူး။
တင်းတိမ်ခြင်း နဲ့ ပျင်းရိခြင်း၊ ရောင့်ရဲခြင်း နဲ့ တွန့်ဆုတ်ခြင်း၊ အဓိပ္ပာယ်တခြားစီပါ။

“ယောက်ျားမှန်ငြား ကြိုးစားသင့်စွာ၊ ပညာရှိ မပျင်းမရိရာ” ဆိုတဲ့ ဘုရားစကားတော်နဲ့အညီ တစ်ဖက်က ကိုယ့်ဘဝ၊ ကိုယ့်အဆင့်အတန်းကို တိုးတက်သည်ထက် တိုးတက်အောင်
ကြိုးစားအားထုတ်ရင်း တစ်ဖက်ကလည်း လက်ရှိဘဝ၊ လက်ရှိအဆင့်အတန်းအပေါ် ကျေနပ်နှစ်သက်စွာ
လက်ခံမယ်ဆိုရင် “တင်းတိမ်ရောင့်ရဲသူအစစ်” ဖြစ်ပါပြီ။

တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က တင်းတိမ်ရောင့်ရဲခြင်းဥစ္စာဟ
အနှိုင်းမဲ့ဥစ္စာဖြစ်တယ်လို့ “သန္တုဋ္ဌိပရမံ ဓနံ” ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း ၊လူသားတိုင်း တင်းတိမ်ရောင့်ရဲခြင်းဆိုတဲ့ အနှိုင်းမဲ့ဥစ္စာကို အပြည့်အဝ ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ။
 
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist's Association】
အပ္ပာမာဒေန သမ္ပာဒေထ။ ။
Posted by
www.facebook.com/youngbuddhistassociation.mm
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ “အနှိုင်းမဲ့ ချမ်းသာ”စာအုပ်
နှာ ၄၀ - နှာ ၅၅မှ- ကောက်နှုတ်ကူးယူ ပူဇော်မျှဝေပါသည်။】
(အပ္ပာမာဒ မဂ္ဂဇင်း၊ဖေဖော်ဝါရီလ၊၂၀၀၀)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...