စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နာဂဒေသမှ သဘာဝလူသားများ

ချောင်းရေပြင်တွင် မူးဝေလာသော ငါးကို ပါးစပ်ဖြင့်ကိုက်ကာ ဖမ်းဆီးနေသော နာဂတိုင်းရင်းသားတစ်ဦး/ဓာတ်ပုံ - စိုးဇေယျထွန်း/ရိုက်တာ
 
ကြည်လင်စိမ်းလဲ့နေသော ချောင်းရေပြင်ထဲမှ ဘွားခနဲပေါ်ထွက်လာသည့် အမျိုးသားကြီး၏ ပါးစပ်ထဲတွင် ငါးတစ်ကောင်၏ခေါင်းကို ကိုက်လျက်သား။ ညီညာသွယ်တန်းနေသည့် သူ့သွားတန်းကလေးနှစ်ခုကြားတွင် ငါးကိုပြုတ်တူညှပ်သလို ခိုင်ခိုင်မြဲမြဲကိုင်ညှပ်ထားသည်။ တစ်ချိန်တည်းမှာပင် လေထဲမြောက်သွားသည့် အခြားငါးတစ်ကောင်ကိုဖမ်းရန် သူ့ယာလက်ကို အပေါ်ဆန့်တန်း၊ ဘယ်လက်နှင့် ခြေထောက်အစုံတို့က ရေကူးခပ်ကာ ငါးနောက်လိုက်၏။

သူတို့သတ်နိုင်ခဲ့သော ရန်သူ၏ ဦးခေါင်းကို ဖြတ်ယူသိမ်းဆည်းတတ်သည့် စစ်သည်တော်များအဖြစ် ရှေးယခင်ဒဏ္ဍာရီလာသမိုင်းကြောင်းများအရ သိမှတ်ထားကြသည့် နာဂတိုင်းရင်းသားမျိုးနွယ် အမျိုးသားတစ်ဦး ငါးဖမ်းနေခြင်းဖြစ်ပါသည်။ နာဂတို့ရှိရာသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သွားရောက်ခဲ့သော မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုးဇေယျထွန်း မှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံများထဲတွင် ငါးဖမ်းနေသော နာဂအမျိုးသားကြီး၏သဏ္ဌာန်က သက်ဝင်ကြွရွလျက်။

‘‘သူတို့ဆီမှာ ငါးဖမ်းတာက မိုင်းခွဲပြီးဖမ်းကြတာများတယ်။ တချို့ကလည်း ပိုက်ထောင်ဖမ်းကြတယ်။ တချို့ကတော့ ဗုပ်စပ်ရွက်လို အရွက်မျိုးတွေကို ထောင်းခြေပြီး ငါးဆေးခတ်တဲ့ပုံစံနဲ့ ဖမ်းကြတယ်။ ဘက်ထရီရှော့ခ်တိုက် ဖမ်းတာတော့မတွေ့မိဘူး။ ပါးစပ်နဲ့ကိုက်လာတာတွေက မိုင်းခွဲပြီးတဲ့အချိန်မှာ အောက်မှာမူးပြီး ကောင်းကောင်းရေမကူးနိုင်တော့တဲ့ ငါးတွေကို ဖမ်းလာတာပါ’’ဟု ကမ္ဘာကျော်ရိုက်တာသတင်းဌာန၏ မြန်မာအခြေစိုက် ဓာတ်ပုံသတင်းထောက်လည်းဖြစ်သည့် ကိုစိုးဇေယျထွန်းကပြောပြသည်။

မြန်မာနိုင်ငံအနောက်မြောက်ဘက်ခြမ်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ တောတောင်မြင့်မားထူထပ်ရာတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိနေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်နေသည့် ယင်းနေရာတွင် လူဦးရေ ၁၂၀,၀၀၀ ခန့် နေထိုင်နေကြသည်။ ၁၉၆၀ ပြည့်နှစ်ထုတ် မဂ္ဂဇင်းတစ်ခုတွင်ပါရှိသည့် နာဂအမျိုးသမီးတစ်ဦး၏ အဖြူအမည်းဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရာမှတစ်ဆင့် ယခုအချိန်တွင် နာဂတို့ ယခင်အတိုင်း နေထိုင်ရှင်သန်နေကြဆဲပင်လား၊ သို့တည်းမဟုတ် ပိုခေတ်မီလာကြပြီလားဆိုသည်ကို သိချင်စိတ်ဖြစ်ပေါ်လာစေခဲ့သည်ဟု ဓာတ်ပုံသတင်းထောက်က ဆိုသည်။

ထို့နောက် နာဂအကြောင်း သူဆက်လက်ရှာဖွေလေ့လာသည့်အခါ ကမ္ဘာလှည့်ခရီးသည်အနည်းငယ်တက်ရောက်ခဲ့သည့် နာဂနှစ်သစ်ကူးပွဲတော်မှ ဓာတ်ပုံများကို တွေ့ခဲ့၏။ ယင်းအနက် နာဂတို့၏ နေ့စဉ်ဘဝနေထိုင်မှုများအကြောင်း ထင်ဟပ်သည့် ဓာတ်ပုံတစ်ပုံမျှမရှိသေးကြောင်း သူတွေ့လိုက်ရခြင်းက နာဂဒေသသို့သွားရောက်ရန် သူ့ကို တိုက်တွန်းသကဲ့သို့ ဖြစ်စေခဲ့ပါပြီ။ ယဉ်ကျေးမှုပြောင်းလဲမသွားမီ၊ ရိုးရာဓလေ့များ မပျောက်ဆုံးမီ နာဂတို့၏ဘဝအကြောင်းကို မှတ်တမ်းတင်ချင်ခဲ့သည်ဟု သူကဆိုသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် သူသည် ရန်ကုန်မှ နာဂဒေသသို့ ခရီးစတင်ခဲ့ပါသည်။ သီးခြားဆန်စွာတည်ရှိနေသည့် နာဂတောင်တန်းများပေါ်ရှိ ကျေးရွာများကိုသွားသည့် ခရီးမှာ ထုံးစံအတိုင်းခက်ခဲလှ၏။ ကားဖြင့်တစ်တန်၊ ဆိုင်ကယ်ဖြင့်တစ်ဖုံ သွားရသည့်အပြင် တစ်တောင်တက်တစ်တောင်ဆင်း ကုန်းကြောင်းခရီးလည်းနှင်ရသည်။ နောက်ဆုံး နာဂကျေးရွာလေးတစ်ခုသို့ရောက်ချိန်တွင် နာဂတိုင်းရင်းသားတို့က သူတို့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြခြင်းကို ကြုံလိုက်ရသည်။

‘‘အံ့ဩသွားစေတဲ့အရာတွေကတော့ အများကြီးပဲ။ ဥပမာ မပျက်စီးသေးတဲ့ သဘာဝပတ်ဝန်းကျင်အလှအပတွေ၊ လူနေထိုင်မှုပုံစံတွေ၊ ရိုးရာဓလေ့တွေ၊ အဲဒီအထဲကမှ လုံးဝအံ့ဩမိတာကတော့ ကမ္ဘာမှာလူ့အခွင့်အရေး အနိမ့်ကျဆုံးလို့ သတ်မှတ်ခံထားရတဲ့ မြန်မာပြည်အနောက်ပိုင်းက ဒုက္ခသည်စခန်းတွေထက်တောင် အဝတ်အစား၊ အစားအသောက်နဲ့ ဆေးဝါးရရှိမှုတွေ များစွာနှိမ့်ကျနေပေမယ့် ဘယ်သူ့ဆီက ဘာအကူအညီမှမရဘဲနဲ့ ရှင်သန်နေထိုင်ကြတာ အံ့ဩမိတယ်’’ ဟု နာဂဒေသသို့ရောက်စဉ် ပထမဆုံးခံစားခဲ့ရသည့် အတွေ့အကြုံကို အသက်(၃၀)အရွယ် နာမည်ကျော်ရိုက်တာ၏ မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုးဇေယျထွန်းက ပြန်ပြောပြသည်။


ကိုစိုးဇေယျထွန်း

စင်စစ် နာဂတို့သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနယ်စပ်တွင် နှစ်နိုင်ငံစလုံး၌ နေထိုင်နေကြသည်။ အိန္ဒိယနာဂလက်နက်ကိုင်တို့က အိန္ဒိယအစိုးရကို နှစ်ပေါင်းများစွာ တော်လှန်တိုက်ခိုက်နေသကဲ့သို့ မြန်မာနာဂလက်နက်ကိုင်တို့ကလည်း အစိုးရတပ်မတော်နှင့် တိုက်ပွဲဆင်နွှဲနေခဲ့ကြသည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ကပ်ပလန်) (NSCN-K) ကို ၁၉၈၀ က တည်ထောင်ခဲ့ပြီး အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းရှိ နာဂလူမျိုးများနေထိုင်ရာ ဒေသများကို နာဂပြည်ထောင်စုတည်ဆောက်နိုင်ရေး တိုက်ပွဲဝင်နေခဲ့သည်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာသော Myanmar Peace Monitor ၏ အစီရင်ခံစာအရ ၁၉၈၈ ခုနှစ် တွင် နာဂအဖွဲ့နှစ်ဖွဲ့ ကွဲသွားသည်။ NSCN-K ကို အက်စ်အက်စ်ကပ်ပလန်က ဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းရှိ လဟယ်နှင့် နန်းယွန်းမြို့နယ်များတွင် အခြေစိုက်သည်။ NSCN-IM မှာမူ အိုက်ဆက်ချီဆီဆု (Isak Chisi Swu) နှင့် သူယန်ဂလန်းမွေဗာ (Thuingaleng Muivah)က ဦးဆောင်၍ အိန္ဒိယနိုင်ငံထဲတွင် အခြေစိုက်သည်။

 ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကိုင်းတိုင်းဒေသကြီးရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ မြန်မာအစိုးရတပ်များနှင့် NSCN-K တို့အကြား လက်နက်ကိုင်တိုက်ခိုက်မှုများမရှိခဲ့ပေ။ ၂၀၁၂ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက်ပိုင်း ၎င်းတို့၏ ရဲဘော်အများအပြားက အဖွဲ့ကို စွန့်ခွာသွားကြသည်။

နာဂကျေးရွာများသို့ရောက်စဉ် တွေ့ခဲ့ရသည့် ဒေသခံပြည်သူများ၏ နိုင်ငံရေးအပေါ်အမြင်နှင့်ပတ်သက်၍ ‘‘နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ အဲဒီမှာ NLD ရော၊ ကြံ့ခိုင်ရေး (အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)ရောရှိတယ်။ တော်တော်များများက နိုင်ငံရေးသိပ်စိတ်မဝင်စားကြဘူး။ တောင်ယာလုပ်မယ်။ အမဲပစ်မယ်။ အဲဒီလောက်ပဲ’’ဟု ကိုစိုးဇေယျထွန်းကဆိုသည်။

သူက ဆက်လက်ပြီး ‘‘နည်းနည်းလည်လည်ဝယ်ဝယ်ရှိတဲ့ လူတွေကို မေးကြည့်တာတော့ သူတို့ရွာတွေမှာ တီဗီမရှိဘူး။ ဆန်ကြိတ်စက်မရှိဘူး။ အကုန်လုံးက မောင်းဆုံနဲ့ ပင်ပင်ပန်းပန်းထောင်းစားနေရတယ်။ အဝတ်အစားမလုံလောက်ဘူး။ ကလေးတွေအတွက် လွယ်အိတ်တို့၊ စာရေးကိရိယာတို့ မလုံလောက်ဘူး။ အဲဒါလေးတွေကို လှူမယ့်လူရှိရင် လာလှူပေးဖို့ တောင်းဆိုကြတယ်’’ဟု ပြောပြသည်။
ရွာများမှ အမဲလိုက်သမားမုဆိုးများအနေဖြင့် သူတို့အမဲလိုက်စဉ်က အနိုင်ယူသတ်ကာ ခေါင်းဖြတ်ယူနိုင်ခဲ့သည့် တိရစ္ဆာန်တို့၏ ဦးခေါင်းခွံများကို ချိတ်ဆွဲပြသထားတတ်ကြသည်။

အရှက်လုံရုံသာ ဝတ်ဆင်လေ့ရှိခဲ့သူများဟု ရှေးယခင်က သိမှတ်ခဲ့ကြသည့် နာဂတို့အကြားတွင် ယဉ်ကျေးမှုအပြောင်းအလဲများ စတင်ဖြစ်ပေါ်နေပါပြီ။ ဥပမာအားဖြင့် ယနေ့ခေတ် နာဂလူငယ်များအနေဖြင့် ယခင်ဝတ်ဆင်နေကျဓလေ့ဖြစ်သည့် လန်ကွတ်တီကို မဝတ်ဆင်တော့ဘဲ ဘောင်းဘီရှည်များကို ဝတ်ဆင်နေကြပြီ။

သို့သော် တစ်ဖက်တွင်လည်း ဘိန်းစိုက်ပျိုးခြင်းကဲ့သို့ အလေ့အထအချို့ ကျန်ရှိနေဆဲဖြစ်ပါသည်။ ရွာအနီးနားတစ်ဝိုက်ရှိ ဘိန်းပန်းခင်းများမှနေ၍ ဘိန်းကိုရရှိနေကြပြီး အများစုကို ဒေသခံတို့သုံးစွဲကြသည်။ အချို့ကိုတော့ အဝတ်အစားနှင့် အိမ်သုံးပစ္စည်းများကဲ့သို့ ကုန်စည်များအတွက် ရောင်းဝယ်ဖောက်ကားကြသည်။ နာဂအမျိုးသမီးတို့က ဘိန်းရှူလေ့မရှိကြသော်လည်း ယင်းဒေသရှိ အမျိုးသားအများစုကမူ ဘိန်းရှူကြ၏။

ထုံးစံအားဖြင့် နာဂအမျိုးသားတစ်ဦး လက်ထပ်သည့်အခါ သူတို့ဇနီးမောင်နှံနေထိုင်ရန်အတွက် မိဘအိမ်နှင့်တွဲလျက် အခန်းတစ်ခန်းကို ဆောက်ရသည်။ နာဂရွာတစ်ရွာတွင်မူ ထိုကဲ့သို့တွဲလျက် အခန်းအသီးသီး၌ နေထိုင်နေကြသည့် ဆွေမျိုးမိသားစု ၇၃ စုရှိသည့် အိမ်တစ်အိမ်ရှိနေသည်ဟု ဆိုသည်။ ထို့ကြောင့်ပင် နာဂတို့၏ အိမ်များသည် ရထားတွဲများနှင့်တူသည်ဟု ပြောလေ့ရှိသည်။ လက်ရှိအချိန်တွင်မူ အစိုးရအနေဖြင့် နာဂတို့အတွက် ခေတ်မီပုံစံအိမ်ရာများဆောက်လုပ်ရန် စီစဉ်နေသည်။ ထို့အပြင် နာဂဒေသတွင် နောက်ထပ်လမ်းများဖောက်လုပ်ရန် အစီအစဉ်ရှိနေပြီး ဘတ်စ်ကားပြေးဆွဲခွင့်ပြုရန်လည်း ရှိနေသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် နာဂတို့သည် ဝေးလံခေါင်ဖျားသည့် အဝန်းအဝိုင်းတွင် နေထိုင်နေကြသည်။ သူတို့ဒေသတွင် တယ်လီဖုန်းကွန်ရက်မရှိ။ ဘတ်စ်ကားမရှိ။ ထို့အပြင် ရွာအများစုမှာ လမ်းမပေါက်ပေ။ သို့သော် မြန်မာနိုင်ငံအနေဖြင့် တယ်လီကွန်မြူနီကေးရှင်းကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီနှစ်ခုကို လုပ်ကိုင်ခွင့်ပေးပြီးနောက် ယင်းကုမ္ပဏီများက နိုင်ငံတစ်ဝန်းတွင် ကွန်ရက်များတည်ဆောက်နေသည်ကိုထောက်၍ လာမည့် ၂ နှစ်ခန့်တွင် နာဂအများစု မိုဘိုင်းဖုန်းသုံးစွဲကောင်းသုံးစွဲရတော့မည်ဟု ကိုစိုးဇေယျထွန်းက ခန့်မှန်းသည်။

နာဂတို့အကြောင်း ဓာတ်ပုံဆရာအပါအဝင် အခြားဒေသရှိ လူများက စိတ်ဝင်စားကြသလိုပင် နာဂတို့ကလည်း သူတို့ရွာဆီ ရောက်လာပေါက်လာသူများကို စိတ်ဝင်စားကြသည်ဟု ဆိုသည်။
မြန်မာနိုင်ငံအလယ်ပိုင်းမှ ဧည့်သည်များ ရောက်ရှိနေကြောင်း သတင်းစကားသည် ခဏချင်းပင် ရွာတွင်းပျံ့နှံ့မည်ဖြစ်ပြီး ထို့နောက် ရွာသားများအနေဖြင့် ဧည့်သည်ကို နှုတ်ဆက်ရန် ရောက်လာကြမည်ဖြစ်ကာ ဧည့်သည်အတွက် ဒရယ်သားချက်ပြုတ်ကြလိမ့်မည်ဟု နာဂတို့၏ ဧည့်ဝတ်ကျေပွန်သည့် ဓလေ့အကြောင်း ပြန်ပြောင်းပြောပြသည်။ သူ ရန်ကုန်သို့ပြန်ရတော့မည့်အချိန်တွင် ရွာသားတို့က သူ့ကို ရွာသို့ အလည်ပြန်လာရန်နှင့် ၎င်းတို့ဓာတ်ပုံများကို ယူလာရန် မှာကြားလိုက်ကြပါသည်။
နာဂရွာများတွင် တစ်ရွာဝင်တစ်ရွာထွက်သွားလာ၍ နာဂတောင်တန်းများပေါ်၌ ဆယ်ရက်ခန့်နေထိုင်ကာ စုစုပေါင်း ရက် ၂၀ ခန့် ခရီးထွက်ခဲ့သည့် ဓာတ်ပုံသတင်းထောက် ကိုစိုးဇေယျထွန်းက အခုလိုပြောလာပါသည်။

‘‘နာဂတွေက အင်မတန်ကို လှိုက်လှဲပျူငှာကြပါတယ်။ သူတို့ကလည်း ကျွန်တော်တို့အကြောင်း စူးစမ်းသိချင်ကြတယ်’’

သဘာဝအတိုင်းရှိနေခြင်းနှင့် ဆင်းရဲနွမ်းပါးမှုတို့ ပေါင်းစပ်နေသော နာဂဒေသမှ မြင်ကွင်းအချို့/ဓာတ်ပုံ - စိုးဇေယျထွန်း/ရိုက်တာ





http://7daydaily.com/story/29435#.VLfVdHvdXhA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...