စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျာက်ကပ်ရောဂါ သတိပြုစရာ



မြို့တစ်မြို့၏ သန့်ရှင်းရေး ကောင်းမွန်သော အင်္ဂါရပ်မှာ ရေစီးရေ လာကောင်း မွန်သော ရေမြောင်းများ နှင့် ရေဆိုး ထွက်ပေါက် များဖြစ်သည်။ အညစ်အကြေး မှန်သမျှ ကင်းစင်အောင် ပြင်ပသို့ထု တ်ပေးနိုင်မှ သာ သန့်ရှင်း၍ ကျန်းမာရေး ကောင်းမွန်သော မြို့တော် ဖြစ်ပေမည်။ မြို့တွင်းမှ အညစ် အကြေးများ၊ ရေဆိုးများ ကုန်စင်အောင် အပြင်သို့ ထွက်မသွားလျှင် အနံ့အသက်ဆိုးသော အညစ် အကြေးများ ကြောင့် မြို့သူမြို့သား အပေါင်း ဒုက္ခရောက် ကြမည်ဖြစ်သည်။

လူ့ခန္ဓာကိုယ်အတွင်းမှ ကျောက်ကပ်သည် မြို့အင်္ဂါဖြစ်သော ရေဆိုး ထုတ်သည့် မြောင်းများနှင့် အလား သဏ္ဌာန်တူသည်။ ခန္ဓာကိုယ် အတွင်းမှ အညစ်အကြေး ရေဆိုးများကို သန့်စင် ထုတ်ရန်အတွက် တာဝန် ယူဆောင်ရွက်သော အင်္ဂါ အစိတ်အပိုင်းဖြစ်သည်။ အလွန်အရေးကြီးသော တာဝန်ဖြစ်သဖြင့် ကျောက် ကပ်သည် အခြားအင်္ဂါရပ် များကဲ့သို့ တစ်ခုတည်းမဟုတ်ဘဲ နှစ်ခုပါလာသည်။ အသုံးများသော ပစ္စည်း များဖြစ်သဖြင့် သဘာဝ တရားကြီးက တစ်ခုအပိုထည့်ပေး လိုက်သည်ဟု ဆိုကြသည်။

မိုးရွာပြီးရေများများ စီးဆင်းလျှင် ရေမြောင်းများမှ အမှိုက်သရိုက် အညစ် အကြေးများ မျောပါသွားနိုင်သည်။ ရေသည် သန့်ရှင်းမှုအတွက် စီးဆင်းစေသော တွန်းအားဖြစ်သည်။ ထို့အတူကျောက်ကပ်များ သည်လည်း ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို ဆီးအဖြစ် စွန့်ထုတ်ရန် ရေများများလိုအပ် သည်။ ရေသောက်နည်း သော သူတို့၏ကျောက်ကပ်သည် အညစ်အကြေးများ ခိုအောင်းပြီး ရောဂါ ရစေ နိုင်သည်။ ကျောက်ကပ်တွင် စစ်ထုတ်နိုင်သော ဆန်ခါများရှိသည်။ ရေသောက်နည်းလျှင် ထိုဆန်ခါများ တွင် အညစ်အကြေးများ တင်ကျန်ပိတ်ဆို့ကာ ကျောက်ကပ်ပိတ်ပြီး ပျက်စီးနိုင်သည်။

  ကျောက်တည်ရောဂါသည်လည်း ကျောက်ကပ်ပျက်စီးစေနိုင်သော အကြောင်းတစ်မျိုးဖြစ်သည်။ ကွမ်း စားသောဓလေ့သည်လည်း ကျောက်ကပ်တွင်ကျောက်တည်ရောဂါဖြစ်စေနိုင်သောအကြောင်း ဖြစ် သည်။ တွင်းရေ၊ ကန်ရေများ သောက်သုံး၍လည်း တစ်ခါတစ်ရံမြောင်းရေများ ပါလာပြီးမသန့်မရှင်းဖြစ် တတ်သည်။ ရေသန့်ဘူးအချို့တွင်ပင် အနည်များပါဝင်သည်ကို တွေ့ရဖူးသည်။ ထုံးဓာတ်ပါသည်ဟု မသင်္ကာသော ရေများကို ကျိုချက်ပါကအိုးများတွင် ရေချိုးများကပ်လာလျှင် မသောက် သုံးသင့်သော ရေဖြစ် သည်။ ဓာတုဗေဒအရောင်ဆိုးဆေးများ သုံးစွဲထားသည့်စားစရာများနှင့် မုန့်မျိုးစုံတို့ကြောင့် ကလေးများတွင် ပင် ကျောက်ကပ်ရောဂါဖြစ်ပွားနေသည်ကို တွေ့ရသည်။

ငါးတန်းကျောင်းသားအရွယ် ကလေးငယ်တစ်ဦး ခါးနာရောဂါ ဖြစ်နေသည်ဟု လာပြ၍ စစ်ဆေးကြည့်သောအခါ ကျောက်ကပ်ရောဂါ ကြောင့် ခါးနာရောဂါ ဖြစ်နေသည်ကို တွေ့ရသည်။ ကလေးများသည် အရောင်စုံသော စားစရာမုန့်များကို နှစ်သက် ကြသဖြင့် အစားအသောက် ဆိုးဆေး မဟုတ်သော ပိုးဆိုးဆေး၊ ချည်ဆိုးဆေးများကို ဆိုးထား သော အပေါစားမုန့်များ ကို ဝယ်စားတတ်ကြသည်။ ထိုဓာတုဗေဒ ဆိုးဆေးများသည် ကျောက်ကပ်ကို ပျက်စီးစေနိုင် သည်။

  ကျောက်ကပ်တွင် ကျောက်တည်သူများ မကြာခဏ ခါးနာတတ်သည်။ ထိုခါးနာကိုသေချာစွာ မစစ် ဆေးဘဲ အကိုက်အခဲ ပျောက်ဆေးများ သောက်လျှင် ကြာသောအခါ ကျောက်ကပ်အတွက် ပို၍ပင်ဆိုးစေ သည်။ ကျောက်ကပ်တွင် ကျောက်တည်၍ဖြစ်သည့် ခါးနာနှင့် ရိုးရိုးခါးနာကို ခွဲခြား၍ သိနိုင်သောနည်းမှာ အထိုင်များ သူများတွင်ဖြစ်သော ရိုးရိုးခါးနာမှာ ခါးအလယ် တည့်တည့်မှနာပြီး နံဘေးနှစ်ဖက်သို့ ပျံ့နှံ့ သွားသည်။ ညောင်းပြီးနာသည်။ အထိုင်အထလေးသည်။

  ကျောက်တည်ခြင်းကြောင့် ဖြစ်သောခါးနာမှာ ခါးတစ်ခြမ်းစောင်းနာသည်။ ကျောက်တည်သည့် ကျောက် ကပ်ဘက် အပြင်ခါးတွင် ပို၍နာသည်။ စူးပြီးနာသည်။ တစ်ခါတစ်ရံ အတွင်းမှ စူးပြီးထိုးနေသကဲ့ သို့ ပြည်တည်နေသကဲ့သို့ကိုက်သည်။ ဆီးသွားလျှင်သေချာစွာ စောင့်ကြည့်လျှင် တစ်ခါတစ်ရံကျောက် မှုန် အစအနကလေးများ၊ အနည်းများ ပါလာတတ်သည်ကို တွေ့ရသည်။

အနောက်တိုင်းဆေးပညာ မထွန်းကားမီရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က အာယုဗေဒဆေးကျမ်းတို့၏ အဆီအနှစ် အမြိတ္တသာဂရဆေးကျမ်းတွင်ပင် (အသ္မရီ) ကျောက်တည်ရောဂါလေးမျိုး ကုထုံးနှင့် ဆီးအ ရောင်အဆင်း၊ အနံ့ကိုကြည့်၍ကုသော ဒူလာသရောနာမျိုး ၂၀ တို့ကို အသေးစိတ်ဖော်ပြ ထားသည်ကို တွေ့ရသည်။ အနောက်တိုင်းဆေးပညာထက် ပို၍စောသော ကျောက်ကပ် ကုထုံးများဖြစ်သ ည်။ ထို့ ကြောင့်ရှေးတိုင်းရင်းဆေး ပညာသည် ကျောက်ကပ်ရောဂါ အကြောင်းကို ကောင်းစွာသိသည်ဟု မှတ် ယူနိုင်သည်။

  ကျောက်ကပ်တွင် ကျောက်တည်ခြင်းကို စောစီးစွာသိလျှင် ကျောက်ကြေဆေးများ စားပြီး ကုသနိုင်သည်။ လူသိများသော ဆေးပင်မှာ ကျောက်ကွဲပင်ဖြစ်သည်။ မြေတွင် ကပ်ပေါက်သောနွယ်ပင်မျိုးဖြစ် သည်။ ကျောက်ကွဲပင် ပဉ္စငါးပါးကို သုံးခွက်တစ်ခွက် တင်ပြုတ်ပြီးသောက်လျှင် တစ်ပတ်ခန့် အကြာ တွင် ကျောက်များ ကျလာတတ်သည်။ သံမနိုင်၊ ကျောက်မနိုင်ပင်ကို ပြုတ်ပြီး သောက်လျှင်လည်း ကျောက် ကပ်မှ ကျောက်များ ကျလာနိုင်သည်။ ကျောက်ကျပြီးနောက် ကျောက်ပြန် မတည်စေရန် ဆေးမြင်းခွာပင် သို့မဟုတ် ရိုးရိုးမြင်းခွာရွက်ကို နေလှန်းပြီး လက်ဖက်ခြောက် လုပ်သောက်လျှင်လည်း ကျောက်ကပ် အတွက် ရေရှည်ကောင်းသည်ဟု ဆိုသည်။

လူသိများသော တောဆီးဖြူပင်၊ သံမနိုင်ကျောက်မနိုင်ပင်၊ ကျောက်ကွဲရွက်ပင်၊ ဆေးမြင်းခွာပင်၊ ထိက ရုံးဆူးပေါက်ပင် စသည်များကို ဆေးဖက်ဝင်သည်၊ ကျောက်ကပ် အတွက်ကောင်းသည်၊ ကျောက်ကျ သည် ဟုဆိုကာ အချို့ဟင်းရွက်ဈေးတန်းများတွင် လမ်းဘေးဈေးသည်လေးများက ပုံ၍ရောင်းချနေ သည်ကိုတွေ့ ရသည်။ ကျောက်ကပ်တွင် ကျောက်ရှိသည် မရှိသည်ကို မသေချာဘဲ အဆိုပါဆေးရွက် များကိုပြုတ်သောက် ခြင်းသည် မကောင်းပေ။ မလိုအပ်ဘဲသောက်လျှင် ကျောက်ကပ်အတွက် ပင်ပန်း စေနိုင်သည်။ အမှန်တကယ် ကျောက်ရှိသည်ဟု သေချာလျှင်လည်း ရက်သတ္တနှစ်ပတ်မှ တစ်လ အထိ သောက်ပြီးကျောက်ကျ သွားပြီးသောအခါ နောက်ပိုင်းတွင် မလိုအပ်ဘဲ ဆက်မသောက် သင့်ပေ။

  မြန်မာ ဆေးပင်များကို ဘေးထွက်ဆိုးကျိုး မရှိဟု ထင်မှတ်ပြီး ယခင်တစ်ချိန်ကလည်း ပိစပ်ရွက်၊ စူလာနဖာ စသည့်အရွက်များကို ရက်ရှည်လများပြုတ်သောက်၊ အရည်ညှစ်သောက်ပြီးနောက် ပိုင်း သွေးပေါင် အလွန်ကျကာ ဆေးရုံ ရောက်ရသူများ ရှိခဲ့ဖူးသည်။ သဘာဝဆေး၊ ဆေးပင်ဟူ၍ဘေးထွက် ဆိုးကျိုးမရှိဟု မမှတ်ယူသင့်ပေ။

အထူးသဖြင့်အသည်းနှင့် ကျောက်ကပ်တို့သည် အဆိပ်အတောက်တို့ကို ဖယ်ရှား စွန့်ထုတ်ပေးရသူများဖြစ်သည်။ တစ်ခါတစ်ရံ အဆိပ်အတောက် များလွန်း၍ သူတို့ကိုယ်တိုင် ပျက်စီး သွားရသည်များ ရှိသည်။ ကျောက်ကပ်၊ အသည်းတို့သည် အရေးကြီးသော ကိုယ်တွင်းအင်္ဂါရပ်များဖြစ် သဖြင့် မပျက်စီးအောင် အထူးဂရုပြုသင့်သည်။

  ကျောက်ကပ် မပျက်စီးစေရန်

(၁) ဆေးများကို မလိုအပ်ဘဲ မသောက်ပါနှင့်။

(၂) ဆေးသောက်ရလျှင်လည်း လိုအပ်သော ရက်ရှည် အတိုင်းအတာအထိသာ သောက် ပါ။ ရောဂါ ပျောက်ကင်းပြီးသွားလျှင် ဆက်မသောက်ပါနှင့်။

(၃) ဆေးမြီးတိုများကို အရမ်းမဲ့ယုံကြည်ပြီး မသုံးစွဲပါနှင့်။

(၄) ဆေးဖက်ဝင်အပင်များကို တတ်ကျွမ်းနားလည်သော သမားတော်နှင့်မတိုင်ပင်ဘဲ ရောဂါတစ်ခုခု အတွက် အတိုင်းအဆမဲ့ မသောက်သုံးသင့်ပါ။

(၅) ဆေးဖက်ဝင်သည့် အပင်တိုင်းတွင် အတိုင်းအဆလွန်လျှင် ဘေးထွက်ဆိုးကျိုးရှိသည်ကို သတိပြု ပါ။

ဆရာဝန်ကြီးများပြောသော တိုင်းရင်းဆေးမှန်လျှင် အငန်ချည်းပဲ ကျောက်ကပ် ပျက်စီးမည်ဟု ဆို၏။ အငန်တိုင်း မဟုတ်ပါ။ အမြိတ္တသာဂရကျမ်းတွင် ကျောက်တည် ရောဂါ ရှိသူသည် ပဲနောက်၊ မုယော၊ နှပ် ကောက်၊ ဆန်၊ နို့၊ ထောပတ်၊ သိန္ဓောဆားတို့ စားရန်သင့်၏ဟု တွေ့ရပေသည်။ တိုင်း ရင်းဆေး၊ မြန်မာ ဆေးမှန်သမျှ အငန်ပါသည် မဟုတ်ပါ။ အငန်ပါသော ဆေးတိုင်းသည် လည်း ဈေးပေါပေါ ဆားများ ထောင်းထည့်ပြီး ဖော်ထားခြင်း မဟုတ်ပါ။ သိန္ဓော၊ ဇဝက်သာဆားများသည် အင်္ဂလန်နှင့် အိန္ဒိယမှ CCI, ICI ကုမ္ပဏီကြီးများမှ လာသဖြင့် အလွန်ဈေးကြီးပါသည်။

အချို့ရောင်းတန်းဆေးများတွင် ဆား လှော် များ ပါဝင် နိုင်ပါသည်။ တိုင်းရင်း ဆေးပညာရှင် သမားတော်နှင့် မတိုင်ပင်ဘဲ မိမိသဘောနှင့် ဝယ်ယူ သောက် သုံးခြင်း အမှားသည် အင်္ဂလိပ်ဆေးကိုဆရာဝန်မပြဘဲ ဆေးဆိုင်မှ စပ်ဆေးများ ဝယ်ယူသောက် သုံးခြင်းနှင့် အလားတူပါသည်။ မြန်မာဆေးဖြစ်စေ၊ အင်္ဂလိပ် ဆေး ဖြစ်စေ ဆေးမှားလျှင် ကျောက်ကပ် ကိုပျက်စီးစေနိုင် ပါသည်။

ရေများများ သောက်ခြင်းသည် ကျောက်ကပ်အတွက် ကောင်းစေသော်လည်း အချိုရည်(အထူးသဖြင့်) သံဘူး အချိုရည် သောက်သူများ ကျောက်ကပ် ရောဂါဖြစ်စေနိုင်သည်။ ဆီးချိုရောဂါကြောင့် သွေးတွင်း သကြား ဓာတ်များခြင်း သည် ကျောက်ကပ်များကို ပျက်စီးစေနိုင်သည်။ အရက်သောက်ခြင်း၊ အပူအစပ် အစားများခြင်း၊ တညင်းသီးအစားများခြင်း အငန်နှင့်ဟင်းချိုမှုန့် အစားများခြင်း တို့ကြောင့်လည်း ကျောက် ကပ်များ ပျက်စီးစေနိုင်သည်ကို သတိပြုကြစေလိုသည်။

ဆေးပညာ တိုးတက်မှုမြင့်မားလာပြီး ခေတ်မီဆန်းသစ်သော ခွဲစိတ်ကုသမှု များကြောင့် လေဆာရောင် ခြည်ဖြင့် ကျောက်ခြေခြင်း၊ ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ်အစားထိုးကုသခြင်းများ ပေါ်ပေါက် လာသော်လည်း အလွန်စရိတ်စကကြီးမားသည်။ ကုသပြီးနောက်ပိုင်း ဆက်၍စားရမည့် ဆေးဖိုးစရိတ် မှာလည်း အလွန်ပင်များသည်။

  ကျောက်ကပ်အစားထိုးပြီးသည့်တိုင် အစားအသောက်အနေအထိုင် မဆင်ခြင်လျှင် နှစ်အနည်းငယ်သာ အသက်ရှည်နိုင်သည်။ ကျောက်ကပ် နှစ်ခုရှိရာ တစ်ခုပျက်စီးလျှင် ကျန်တစ်ခုကလည်း မကောင်းသည်ကများသည်။ ထို့ကြောင့် ကျောက်ကပ်မပျက်စီးမီကပင် အနေအ ထိုင်အစားအသောက် ဆင်ခြင်၍ကျောက်ကပ်မပျက်စီးရအောင် စောင့်ရှောက်ခြင်းကသာ အကောင်း ဆုံးနည်းလမ်းဖြစ်သည်။

  ကျောက်ကပ်ကောင်းစေရန် အိပ်ရာဝင်နှင့် အိပ်ရာထချိန်တွင် ရေများများ သောက်ပေးပါ။ အချို့စာအုပ်၊ စာစောင်များတွင် ရေကို ဘယ်နှပုလင်း သောက်ရမည်။ ဘယ်ဂါလန်သောက်ရမည် စသည်ဖြင့်ပါသည်။ မလိုအပ်ပါ။ လူတစ်ဦးနှင့်တစ်ဦး ခန္ဓာကိုယ်အချိုးအစား၊ အပိန်အဝမတူကြပါ။ မိမိသောက်နိုင် သမျှသာ သောက်ဖို့ လိုသည်။

သဘာဝအသီးအနှံ မြင်းခွာရွက်၊ ကန်စွန်းရွက်၊ ဆူးပန်းရွက်၊ နံနံပင်၊ ပြည်ပန်းညို ရွက်၊ ပုစွန်စာရွက်၊ ငါးရံ့ပလူရွက်၊ ထိကရုံးရွက်၊ တော်ဆီးဖြူရွက်၊ ရှောက်ရွက်၊ ဒန့်သလွန်ရွက်၊ အဝေ ရာရွက်များ နေ့စဉ်စားသုံးပေးသင့်ကြောင်း တင်ပြလိုက်ရပေသည်။ ။


Credit to : ကြည့်လွင်မြင့်(မုဒြာ)

  ကြေးမုံသတင်းစာ, အောက်တိုဘာ (၁၆) ရက်၊ ၂၀၁၄ ခုနှစ် မှ ပြန်လည်ကူးယူ တင်ပြထားပါသည်။

MOMO Pharmacy Myanmar,
အာရောဂျံ ဆေးခန်း၊
အမှတ် (၁၆) ဗဟိုလမ်း၊
(၁၃) ရပ်ကွက်၊ သီရိမြိုင် ဘူတာရှေ့၊
ရန်ကုန်။
Mobile : 09-4310-4163 & 09-3023-7389

https://www.facebook.com/momopmm/photos/a.1491075344484926.1073741828.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...