စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“သစ်ပင်စိုက်ရင်း ပါရမီဖြည့်မယ်”




 
တခါတုန်းက သာဝတိ္ထပြည်မှာ မထင်ရှားတဲ့အမျိုးသမီးလေးတယောက် ရှိပါတယ်။
ပါဠိလိုဆိုရင်တော့ “အညတရာ” ပါ။ တနေ့တော့ အဲဒီ အမျိုးသမီးလေးက ကျောင်းအလှူ
အကျိုးကြီးမားပုံတရားကိုနာရလို့ ကျောင်းလှူချင်စိတ်ဖြစ်လာပါတယ်။

ဒါကြောင့် မြတ်စွာဘုရားရှင်ကို ခွင့်တောင်းပြီး၊ကျောင်းဆောင်တဆောင် ဆောက်လှူပါတယ်။
အညတရာအမျိုးသမီးလေးရဲ့ နောက်ဆက်တွဲထူးခြားချက်ကတော့ ကျောင်းဝန်းကျင်ပတ်ပတ်လည်မှ
သရက်ပင်တွေ စီတန်းပြီးစိုက်တော့တာပါပဲ။ စိုက်ထားတဲ့ သရက်ပင်အားလုံးကို အ၀တ်သစ်တွေပါ
ပတ်ထားလိုက်ပါတယ်။

အောက်ခြေတွေမှာ သဲဖြူတွေခင်း၊ အ၀တ်အရောင်မျိုးစုံ၊ ပန်းဆိုင်း၊ နံ့သာဆိုင်းတွေနဲ့
အလှဆင်ပြီးမှ ကျောင်းကိုရေစက်ချလှူဒါန်းပါတယ်။

  ကျောင်းအလှူနဲ့အတူ သရက်ပင်တွေပါ တွဲလှူခဲ့တဲ့အမျိုးသမီးလေးဟာ သက်တမ်းစေ့နေပြီး၊
ကွယ်လွန်တော့ တာဝတိံသာနတ် ပြည်မှာဖြစ်ရပါတယ်။ နတ်ပြည်မှာ ဘုံဗိမာန် နဲ့အတူတွဲပေါ်လာတာက
ဗိမာန်ပတ်ပတ်လည်မှာ သရက်ပင်တွေခြံရံပြီးပေါက်နေတော့တာပါပဲ။
-【၀ိမာန၀တ္ထု အဋ္ဌကထာ၊စာမျက်နှာ-၁၈၂】

မထင်ရှားတဲ့အမျိုးသမီးလေးရဲ့ ကျောင်းလှူပုံလေးက တမျိုးဆန်းနေပါတယ်။ ကျောင်းနဲ့အတူ သရက်ပင်တွေပါတန်းစီစိုက်လှူတာပါ။ ကုသိုလ်ပြုပုံအကျိုးဆက်ကြောင့်ပဲ
  နောက်ဘ၀နတ်ပြည်မှာ ဖြစ်ရတော့လည်း ဗိမာန်ပတ်ပတ်လည်မှာ သရက်ပင်တွေပါ ပူးတွဲပေါက်နေပါတယ်။သစ်ပင်မျိုးစုံရှိတဲ့အထဲက သရက်ပင်တွေကို ရွေးလှူတာဆိုတော့ အညတရအမျိုး သမီးလေးက သရက်ပင်ကိုပိုကြိုက်လို့ ထင်ပါတယ်။ သရက်သီးပဲ ကြိုက်လို့လားမသိပါဘူး။
မဟာသုဒဿနမင်းကြီးကျတော့ “ကဿပ ဘုရားရှင်” လက်ထက်မှာ မထေရ်တပါးရဲ့
ကျောင်းကိုထန်းပင်တွေ စီတန်းစိုက်လှူခဲ့ပါတယ်။ တယောက်နဲ့တယောက် အကြိုက်ခြင်းတော့ တူချင်မှတူမှာပါ။ ကိုယ်ကြိုက်တာ လှူရတာက ပိုစိတ်ချမ်းသာပါတယ်။
ဒီနေ့ခေတ် အင်ဂျင်နီယာသဘောအမြင်အရလည်းခြံစည်းရိုး(၁၅)ပေ ပတ်လည်လောက်စီမှာ
သစ်ပင်တွေစိုက်ထားရင် ပတ်ဝန်းကျင်အသံလည်း သက်သာသလို လေဒဏ်၊ ရာသီဥတုဒဏ်ကိုလည်း
ကာကွယ်ပေးပါတယ်။

ရှေးဆရာတော်ဘုရားကြီးတွေက သြ၀ါဒပေးလေ့ရှိပါတယ်။ “သစ်ပင်တပင်စိုက်ရင် ကျောင်းဆောင်တဆောင်
ဆောက်လှူတာနဲ့ အတူတူပါပဲ” တဲ့။ ဒီတော့ဘာမှ အားငယ်စရာမလိုပါဘူး။
ကိုယ်က ကိုယ့်အခြေအနေအရ ကျောင်းဆောက်မလှူနိုင်ပေမယ့် သစ်ပင်တော့ စိုက်လှူလို့ ရပါတယ်။
သစ်ပင်ကတော့ လူတိုင်းစိုက်နိုင်ကြတာပါပဲ။ စိုက်မယ်ဆို အပင်တရာမကတောင် စိုက်လှူလို့ရပါတယ်။
စိုက်စရာနေရာတွေက နိုင်ငံလိုအပ်ချက်အရ အများကြီးပါ။ အဝေးပြေးလမ်းမကြီးတလျှောက်၊ကိုယ့်ရပ်ကွက်လမ်းတလျှောက်၊
စာသင်ကျောင်း ဘုန်းကြီးကျောင်း စသည်ဖြင့် အများကြီးပါ။

အထူးသဖြင့် လွယ်လွယ်နဲ့ အဖြစ်မြန်တဲ့ ကုက်္ကိုပင်လိုသစ်ပင်မျိုး စိုက်လည်း ရပါတယ်။ မိုးဦးကျစိုက်ထားလိုက်ရင် သိပ်လည်းဂရုစိုက်စရာ မလိုပါဘူး။ စိုက်တုန်းက
တထွာတတောင်လောက်ပါပဲ။ ၄-၅ နှစ်ကြာတဲ့ အခါ ပေ ၂၀ လောက် ဖြစ်ပြီး မြင်ကွင်းက တကယ့်အားရ
ကျေနပ်စရာကြီးပါ။ တနှစ်ကို အပင်နှစ်ဆယ်နှုန်းနဲ့ စိုက်သွားရင် ဆယ်နှစ်ပြည့်ရင် အပင်ပေါင်း နှစ်ရာတောင်
  ဖြစ်သွားမှာပါ။ ဒါဆို ကျောင်းပေါင်းနှစ်ရာ ဆာက်လှူလိုက်တာပါပဲ။ဒီတော့ကိုယ်ကြိုက်တဲ့
သစ်ပင်လေးတွေကို “သစ်တပင် ကျောင်းတဆောင်” လို့နှလုံးသွင်းပြီး စိုက်သွားရုံပါ။
ဒါဆို သစ်ပင်ကို ဘယ်ကစစိုက်မလဲဆိုရင် ကိုယ့်အိမ်ကအရင်စစိုက်သွားရုံပါပဲ။

သစ်ပင်စိုက်တဲ့ကုသိုလ်ဟာ နေ့နေ့ညည ကုသိုလ်ရနေတဲ့ ကုသိုလ် (၆) မျိုးထဲမှာ
တခုအပါအ၀င်ဖြစ်ပါတယ်။

  မြတ်စွာဘုရားက နေ့နေ့ညည ကုသိုလ်ရနေတဲ့ ကုသိုလ် (၆) မျိုး ကို သံယုတ်ပါဠိတော်
ဝနရောပသုတ်မှာ ဟောပြထားပါတယ်။
ကုသိုလ် (၆) မျိုးက -
●(၁) ဥယျာဉ်၊
●(၂) သစ်ပင်၊
●(၃) ရေချမ်းစင်၊
●(၄) တံတား၊
●(၅) ရေကန်၊
●(၆)ကျောင်းဆောင်ပါ။

ဒီကုသိုလ် (၆) မျိုးထဲက တခုခုလှူတဲ့သူပဲဖြစ်ဖြစ် ဒါမှမဟုတ် နှစ်ခု၊ သုံးခုလှူတဲ့သူပဲဖြစ်ဖြစ်
နေ့ကော ညကော ကုသိုလ်တွေ တိုးနေပါတယ်တဲ့။ ဒါတင်မကပါဘူး သေလွန်တဲ့အခါမှာလည်း
နတ်ပြည် သုဂတိကို ရောက်ရပါတယ်တဲ့။ ကုသိုလ်(၆)မျိုးလုံးက အများအတွက်အကျိုးပြုတဲ့
ကုသိုလ်တွေချည်းပါပဲ။

ဥယျာဉ်အရ ပန်းဥယျာဉ်နဲ့ သစ်သီးဥယျာဉ်ကို ယူရပါမယ်၊ သစ်ပင် အရတော့ အများနားခိုဖို့
အရိပ်ရအပင်ကြီးတွေကို ယူရပါမယ်။
ကုသိုလ် (၆)မျိုးကို-

“ဥယျာဉ်သစ်ပင်၊ ရေချမ်းစင်၊ တခွင်တံတားပေ။ရေကန် ကျောင်းဆောင်၊ ဤခြောက်ဆောင်၊
လူ့ဘောင်သုံးဆောင်ရာ။နေ့နေ့ညည၊ ကုသိုလ်ရ၊ ဗုဒ္ဓမိန့်မှာတာ” ဆိုတဲ့
လင်္ကာလေးနဲ့ မှတ်ထားလိုက်လည်းရပါတယ်။

ဒီနေရာမှာ အဋ္ဌကထာအဖွင့်နဲ့ ဋီကာအဖွင့်လေးက သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သစ်ပင်စတဲ့
အလှူတွေ လှူရင်အမြဲကုသိုလ်တွေဖြစ်နေသလားဆိုတော့ အဋ္ဌကထာဆရာက အိပ်ပျော်နေတဲ့အချိန်ရယ်၊
ကာမဂုဏ်စိတ်တွေ ဖြစ်နေတဲ့အချိန်ရယ်မှာတော့ ကုသိုလ်မဖြစ်ပါဘူးတဲ့။

  နောက်တခါ ဋီကာဆရာက အိပ်ပျော်နေတဲ့အချိန်ရယ်၊ ကာမဂုဏ်စိတ်တွေဖြစ်နေတဲ့အချိန်ရယ်ကလွဲရင်
ကျန်တဲ့အချိန်တွေမှာ ကုသိုလ်တွေ ဖြစ်နေသလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူးတဲ့။ ကျေနပ်တဲ့ကုသိုလ် တခုခုကိုပြုပြီး ပြန်ပြန်သတိရနေတိုင်း ကုသိုလ်တွေ
တိုးတိုးနေပါတယ်တဲ့။ ကောက်ချက်ချရရင်တော့ ကိုယ်ပြုတဲ့ကုသိုလ်ကို ပြန်ပြန်သတိရနေ ရမှာဖြစ်သလို
ပြန်ပြန်သတိရနေတိုင်း ကုသိုလ်တွေတိုးတိုးနေတဲ့ သဘောပါ။

သစ်ပင်စိုက်တဲ့ကုသိုလ်ဟာ လောကီသဘောကပဲကြည့်ကြည့်၊လောကုတ္တရာသဘောကပဲကြည့်ကြည့်
ကိုယ့်အတွက်ကော၊ ကိုယ့်ဝန်းကျင်က လူသားတွေအတွက်ကော၊ တိရစ္ဆာန်တွေအတွက်ကော
  ကောင်းကျိုးတွေ ဖြစ်နေတာပါ။ ဒီခေတ်ပြောနေကြတဲ့ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးအတွက်လည်း အများကြီးအထောက်အကူဖြစ်နေတာပါ။
သစ်ပင်သစ်တောတွေ ရှိနေရင် ရေငွေ့ပျံမှုများပြီး၊အအေးဓာတ်တွေ ဖြစ်ပါတယ်။
အဲဒီအအေးဓာတ်တွေကြောင့် မိုးရွာသွန်းမှုကို ဖြစ်စေပါတယ်။ ပြီးတော့ သစ်ပင်တွေက
လေထုညစ်နွမ်းမှုကို စုပ်ယူပြီး လေကိုသန့်စင် ပေးပါတယ်။ ဒါဆို လေသန့်အလှူ လှူရာလည်းရောက်ပါတယ်။
  ရေသန့် လိုအပ်သလို လေသန့်လည်းလိုအပ်တာပါပဲ။ သစ်ပင်တွေရှိနေရင် နွေရာသီ ဆို အပူသက်သာပြီး၊
အအေးဓာတ်ရနေတာကတော့ ထင်ရှားတဲ့ သာဓက တခုပါပဲ။ သစ်ပင်သစ်တောတွေ မရှိတော့ဘူးဆိုရင်
မိုးလည်းခေါင်ပါတယ်။ မိုးခေါင်ရင် တောင်သူလယ်သမားတွေ အတွက်လည်း သိပ်ဒုက္ခ ရောက်ရပါတယ်။
မိုးရွာခြင်း၊ မိုးခေါင်ခြင်း နှစ်ခုနဲ့တင် သစ်ပင်ကစိုက်သင့်နေပါပြီ။

သစ်ပင်စိုက်တာဟာ
●ကိုယ့်နိုင်ငံအတွက်လည်း လိုအပ်သလို၊
●သံသရာခရီးအတွက်လည်း လိုအပ်ပါတယ်။
  လောကီ၊ လောကုတ္တရာ ကောင်းကျိုးနှစ်ခု ဖြစ်နေတာပါ။

“သစ်တပင် ကျောင်းတဆောင်” ကို အာရုံပြုလိုက်ရင် တကယ့်စိုက်ချင်စရာပါပဲ။ သစ်ပင် စိုက်ပြီးတိုင်းလည်း
“ဤသစ်ပင်စိုက်ရသော ကုသိုလ် ကောင်းမှုသည် နိဗ္ဗာန်၏အထောကအပံ့ဖြစ်ပါစေ” လို့ အမြဲဆုတောင်း
ပေးရမှာပါ။ ပြီးတော့ ကိုယ်စိုက်ထားတဲ့သစ်ပင်တွေကိုလည်း ပြန်ပြန်သတိရနေရပါမယ်။ ပြန်ပြန်သတိရနေရင် ကုသိုလ်တွေထပ်ထပ်တိုးနေတာပါ
အထူးသဖြင့် သစ်ပင်စိုက်တာဟာ နိဗ္ဗာန်ရဲ့အထောက်အပံ့ ပါရမီကောင်းတွေပါ။

လောကမှာပြောတတ်ကြပါတယ်။ “တရက်ပျော်ချင် အရက်သောက်၊
တနှစ်ပျော်ချင် မိန်းမယူ၊ တသက်လုံးပျော်ချင် သစ်ပင်စိုက်ပါ” တဲ့။ လောကစကားတွေဟာ
သဘာဝတွေကိုအခြေခံပြီး ပေါ်ပေါက်လာတာဆိုတော့ မှန်တာရှိသလို မှားတာလည်းရှိတတ်ပါတယ်။
ရှေ့နှစ်ခုကိုတော့ မပြောလိုတော့ပါဘူး။ နောက်ဆုံးဖြစ်တဲ့ တသက်လုံးပျော်ချင်ရင် သစ်ပင်စိုက်ကတော့
တကယ့်လက်တွေ့ပါပဲ။ စိုက်တုန်းက ဘာမှမဟုတ်ပေမယ့် အရွယ်ရောက်လာလို့ စိမ်းစိမ်းစိုစို အရွက်အုံ့အုံ့ဆိုင်းဆိုင်း ဖြစ်လာတဲ့အခါ သိပ်စိတ်ချမ်းသာဖို့ကောင်းတာပါ။
ဒီတော့သစ်ပင်စိုက်တာဟာ စိတ်ချမ်းသာဖို့ အတွက်ကော၊ ပါရမီကုသိုလ်ဖြစ်ဖို့ အတွက်ကော၊
နောင်သံသရာအတွက်ကော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ကော
ကောင်းကျိုးတွေချည်းပါပဲ။

တချို့အလှူဒါနတွေကျတော့ အခြေခံ လူတန်းစားတယောက်အနေနဲ့ ပြုဖို့မလွယ်လှပါဘူး။
သစ်ပင်စိုက်ပြီး ကုသိုလ်ယူတာကတော့ လူတိုင်းပြုလို့ရတဲ့ကုသိုလ်ပါ။ ရည်ရွယ်ချက်
တခုထားပြီး သစ်ပင်စိုက်ရင်း ပါရမီဖြည့်သွားရင် နိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ရုံတင်မကပါဘူး။
  နောက်ဘ၀တွေမှာလည်း ကောင်းမြတ်တဲ့ သုဂတိဘုံကို ရောက်ရဦးမှာပါ။

ကိုယ်က ကျောင်းလည်းဆောက်လှူနိုင်တယ်ဆိုရင်တော့ မထင်ရှားတဲ့အမျိုးသမီးလေးလို သစ်ပင်ပါတွဲစိုက်ရင် အတိုင်းထက်အလွန်ပါပဲ။ လက်ရှိမြန်မာနိုင်ငံမှာ
သစ်ပင်တွေတော်တော်ပြုန်းတီးကုန်ပြီဆိုတာ လူတိုင်းသိပါတယ်။ နိုင်ငံလိုအပ်ချက်အရကော၊
ကုသိုလ်ပါရမီအရကော မဖြစ်မနေစိုက်ကြရမှာပါ။

စာရေးသူ မူဆယ်၊ ရွှေလီဘက်ရောက်တော့ မြန်မာပြည်ထဲက လူသုံးလေးယောက်လောက်
ဖက်လို့ရတဲ့ သစ်ပင်ကြီးတွေကိုအကိုင်းအခက်တွေဖြတ်၊မြေအလုံးအလိုက်တူးပြီး တရုတ်ပြည်ထဲကိုကားကြီးတွေနဲ့ သယ်နေတာတွေ့ရတော့ ကားခဏရပ်ပြီး ကြည့်ဖြစ်ပါတယ်။
ပြီးတော့ ဒီအပင်ကြီးတွေကို သူတို့ဘယ်လိုများ ရှင်အောင်စိုက်သလဲဆိုတာ သိချင်လို့ သူတို့စိုက်ထားတဲ့နေရာအထိ သွားကြည့်ခဲ့ပါတယ်။ တောင်ကုန်း ပြေပြေနဲ့လမ်းတလျှောက်မှာ
စိုက်ထားတာတွေ့ခဲ့ရပါတယ်။ ဒီလောက်ကြီး တဲ့သစ်ပင်ကြီးတွေကို ရှင်အောင်စိုက်နိုင်တာ ချီးကျူးမိပေမယ့် စိတ်တော့ မချမ်းသာလှပါဘူး။ ရှေးလူကြီးတွေက ရည်ရွယ်ချက်ရှိရှိနဲ့
စိုက်ခဲ့ကြပေမယ့် နောက်လူတွေက လက်တလော ငွေတခုကိုကြည့်ပြီး ရောင်းထုတ်လိုက်တော့
  နောင်အနာဂတ်သားစဉ်မြေးဆက်တွေအတွက် လွင်တီးခေါင်နဲ့ ရာသီဥတုပူလောင်မှုတွေကို
အမွေအဖြစ်ပေးခဲ့တဲ့ သဘောဖြစ်သွားပါတယ်။ ပြီးတော့ တိုင်းပြည်အတွက်လည်း အများကြီးနစ်နာရပါတယ်။ အပင် လိုက်အမြစ်ကနေ ချွတ်ယူသွားတဲ့
မြင်ကွင်းတွေဟာ တကယ့်စိတ်မချမ်း သာစရာတွေပါပဲ။

စာရေးသူရဲ့ကျောင်းမှာ သစ်ပင်တွေစိုက်လိုက်တာ တောအုပ်နီးနီးတော့ ဖြစ်ပါပြီ။ ဒါပေမဲ့ စိုက်ခဲ့တဲ့သစ်ပင်တွေထဲက သုံးပုံနှစ်ပုံပဲရှင်ပြီး တပုံလောက်က သေဆုံးသွားရတာပါ။
သစ်ပင်တပင်သေသွားရင် သိပ် နှမြောတာပါပဲ။ သစ်ပင်တပင်ရဲ့ တန်ဖိုးကိုသစ်ပင်စိုက်ဖူးတဲ့သူမှပဲ
သိပါ တယ်။ သစ်ပင်တပင်ဖြစ်ဖို့ အဆင့်ဆင့်စောင့်ရှောက်ရတာပါ။ ကိုယ်က မစိုက်နိုင်ရင်တောင်
မခုတ်ဖြစ်အောင်တော့ သတိထားရပါမယ်။ ဒါတွေ ကတော့ အသိတရားနဲ့ပဲ ရှောင်ရမှာပါ။

သစ်ပင်က လူသားတွေအတွက်တင်မဟုတ်ပါဘူး။ သစ်ပင်ကိုအမှီပြု ပြီးနေတဲ့ ငှက်ကလေးတွေ ၊
သဘာဝ တိရစ္ဆာန် တွေအတွက်လည်း နေရာ အလှူဖြစ်တာပါ။ သစ်ပင်တွေခုတ်လိုက်ရင်
ငှက်ကလေးတွေမှာလည်း နေစရာ နားခိုစရာ အခက်အခဲဖြစ်သွားပါလိမ့်မယ်။

ဘာပဲပြောပြော သစ်ပင်တပင် စိုက်လိုက်တာဟာ ကျောင်းတဆောင် ဆောက်လှူလိုက်တာနဲ့
အတူတူပါပဲလေ။ ။

-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)】
ကျမ်းကိုး
၁။ သဗ္ဗမင်္ဂလာဓမ္မဒေသနာ၊အရှင်ဝါသ၀ါဘိဝံသ။
၂။ ရေ မြေ လေ ဇီဝ မပျက်ယွင်းစေဖို့၊ဒေါက်တာဇော်မြင့်နီ။
၃။ အင်တာနက်သတင်းများ။
Posted by►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...