စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမြင်. . .

                    



တစ်ခုသော တနင်္ဂနွေနေက ဖြစ်သည် ကျွန်ုပ်တို့လည်း လူစုံသည်နှင့် စကားဝိုင်းကလေး ဖြစ်လာလေတော့၏။ မိတ်ဆွေများ လာရောက်တတ်သည့်နေ့ ဖြစ်သဖြင့် ဝေါးမြို့မှလာသော ငါးရံခြောက်ကို မီးအေးအေးတွင် ဖုတ်၍ ဆုံဆီ စစ်စစ်နှင့် ပေါင်းစပ်လိုက်ရာ မွေးနေလေတော့သည်။ ရွှေဖီမိုးလွတ် လက္ဘက်ခြောက်အား ရေနွေးကြမ်း ခပ်လိုက်ရာ မိတ်ဆွေများလည်း များစွာကြိုက်နှစ်သက်လေ၏။ မိတ်ဆွေ တစ်ဦးမှ လောကတွင် အရာတခုအတွက် သာမန်အမြင် တူသော်လည်း အတွင်းအမြင် မတူသည့်အကြောင်း စကား စလေ၏။

သူက. . . ."တစ်ခါက ဗရာဏသီရှိ တက္ကသိုလ်ပြည်တွင် ပညာသင်ကြား နေသော တပည့်တို့သည် တောအုပ် တစ်ခု အတွင်းသို့ ရောက်ရှိကြ လေသည်။ ထို တောအုပ် အတွင်း၌ သစ်ပင်ကြီး တစ်ပင်အား တွေ့ရသဖြင့် လက်သမား ပညာရှင်မှ အိမ်ဆောက်ရလျင် မည်သို့ ဆောက်ရမည် ဟုသော အတွေးဖြင့် သစ်ပင်အား ကြည့်လေ၏။ ဆေး ပညာရှင်ကလည်း ထိုအပင်၏ အသီး အရွက်တို့သည် မည်သည့် ရောဂါကို ပျောက်ကင်းပြီး အခေါက် အသား အမြစ် တို့သည် မည်သည့် ဝေဒနာကို ပျောက်ကင်းစေမည် ဟု၍ တွေးနေ ပြန်လေ၏။ ပန်းပု ပညာရှင်ကလည်း အလွန်လှပသော ပန်းပုများအား မည်သို ထွင်းထုရမည်ကို စိတ်မှန်းဖြင့် ပုံဖော် နေပြန်၏။ ရုက္ခဗေဒ ပညာရှင်မှာ ထိုအပင်၏ မျိုးရင်း မျိုးစိတ် ပေါက်ရောက်ရာ ဒေသ စသည့် သူနှင့်ဆိုင်ရာကို ပြုစုနေပြန်၏။ ဒသန ပညာရှင်ကလည်း ထိုအပင်နှင့် လောကကြီး ဆက်စပ်ပုံကို တွေးတောနေပြီဖြစ်၏။ တစ်ယောက်နှင့် တစ်ယောက် အတွေး မတူသော်လည်း အပင်မှာ ထို အပင်တစ်ပင်တည်းပင် ဖြစ်လေ၏။"

ယခုခေတ်တွင် အသိပညာ အတတ်ပညာတို့သည် ပို၍ ထွန်းကားလာပြီ ဖြစ်သည် ။ ထိုအခါ လောကတွင် တွေ့ရသော မြင်ရသော အရာတိုင်းသည်လည်း တွေ့ရမြင်ရသော သူအပေါ် မူတည်၍ ထိုသူတို့၏ အတွေးအမြင်တို့ တူညီကြမည် မဟုတ်ပေ အရပ်ထဲပြောကြသည့် စကားများတွင် "ကိုယ့်ဘက်က ကြည့်တော့ 'က' သူဘက်ကကြည့်တော့ 'ယ' " ဟုသော စာကားများလည်း ရှိသည်ဖြစ်၏။ ထိုသို့ အမြင်မတူရခြင်းမှာ ထိုသူ ဖြတ်သန်းလာသော ပတ်ဝန်းကျင် ထိုသူ လေ့လာခဲ့သော ဘာသာရပ် ပညာ စသည်တို့နှင့် တိုက်ရိုက် သက်ဆိုင်နေတတ် လေသည်။ ထို မတူသော အမြင်များသည် ထိုသူ၏ စိတ်ပိုင်ဆိုင်ရာများ အထိ ဆက်စပ်လာပေသည်။ ဥပမာ- မိန်းမပျိုလေး တစ်ဦး လမ်းမှား၍ တောလမ်းတွင် တွေ့ရာ နှမငယ်ကဲ့သို့ စိတ်ထားပြီး ကူညီရမည် ဟူသော အသိစိတ်နှင့် နှောက်ယှက် ဖျက်ဆီးလိုက်မည် ဟူသော စိတ်ထားသည် များစွာ ကွာခြားလျက် ရှိကြောင်း ရှင်ပြလေ၏။

လောကတွင် အမြင် မတူခြင်း၊ သဘောထား မတူခြင်း၊ အယူအဆ မတူခြင်း စသည့် အရာများကြောင့် စစ်ပွဲများဖြစ်လေ၏။ လူ့အသက်ပေါင်းများစွာ ပျက်စီးခဲ့ရ၏။ ငြိမ်းချမ်းရေး အမြင်ရှိသူများ နှင့် စစ်ကို လိုလား သွေးဆာနေသူများ အမြင် မတူကြတော့ပေ။ ထို အမြင် မတူခြင်းကြောင့်ပင် လောကတွင် ကိစ္စများစွာ ဖြစ်တည် နေသည်ဟု ဆိုရမည်ဖြစ်ကြောင်း ပြောပြနေပြန်လေသည်။

ရေနွေးကြမ်းလည်း အေးပြီဖြစ်၏ ငါးခြောက်လည်း ကုန်လေပြီ မိတ်ဆွေ တစ်ဦးမှ လောကတွင် လူအားလုံး ကောင်းသည့်ဘက် တွင် အမြင်တွေ တူနေပါက လွန်စွာကောင်းမည်ဟု ပြောလေရာ၊ ကျန်မိတ်ဆွေမှာ မဖြစ်ကောင်းပေဘူး။ ကျွန်ုပ်ချစ်သော ချစ်သူအား တစ်ယောက်တည်းကသာ ချစ်တာဖြစ်တယ် အမြင်တွေတူပြီး အားလုံးက ချစ်နေရင်တော့ဖြင့် မလွယ်ပေဘူး ဟုပြောရာ အားလုံးလည်း ရီမောကြလေ၏။ အမြင် မတူသည့် လောကကြီး တွင် အတွေးလည်း မတူသလို အလုပ်လည်း မတူသည်ဖြစ်ရာ မိတ်ဆွေတို့လည်း တစ်ဦးနှင့် တစ်ဦး မတူသည့် ကိစ္စများ ရှိသဖြင့် နုတ်ဆက် ထပြန်ကြလေတော့သည်။

Lazy Cat (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...