စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗီယက်နမ်တွင် ကလေးငယ်တစ်ဦး စွန်နှင့် ငြိပါပြီး အမြင့်မှ ပြုတ်ကျသေဆုံး


ဗီယက်နမ် နိုင်ငံတွင် ကျင်းပသည့် လေတံခွန်(စွန်)လွှတ်ပွဲတော်တစ်ခုတွင် ကလေးငယ်တစ်ဦး စွန်ကြိုးနှင့် ငြိပါပြီး အမြင့်မှ ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အသက်(၅)နှစ်သာ ရှိသေးသည့် ဗန်မင်ဒတ်သည် ခြေထောက်တွင် စွန်ကြိုးနှင့် ငြိပါကာ (၆၅)ပေမျှ အမြင့်ထိ တရွတ်တိုက် ပါသွားခဲ့သည်။ အလွန်ကြီးမားသည့် စွန်ကြီးတွင် တွဲချည်ထားသော ကြိုးသည် အမြင့်ရောက်ချိန်တွင် ပြတ်ထွက်သွားပြီး ဒတ်မှာလည်း ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

တုန်လှုပ်ချောက်ချားနေသည့် လူအုပ်ထဲမှ တစ်ဦးက အဆိုပါ ဖြစ်ရပ်ကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားခဲ့သည်။ ဒတ်သည် မြေပေါ် ပြန့်ကျဲနေသည့် အအေးဘူးများကို လိုက်သိမ်းနေသည့် မိခင်ဖြစ်သူအား ကူညီရာမှ ယခုလို အဖြစ်ဆိုး ကြုံသွားခြင်း ဖြစ်သည်။

ဟိုချီမင်းစီးတီး မြို့တော်ရှိ ဒွန်ဒီယူ စွန်လွှတ်ကွင်းတွင် မတ် ၁၅ ရက်က ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်အတွင်း ဒတ်သည် မြေကြီးပေါ် အရှိန်နှင့် ပြုတ်ကျပြီး ဆိုးဆိုးရွားရွား ဒဏ်ရာ ရသွားခဲ့သည်။ ၎င်းသည် ပြုတ်ကျလာပြီးနောက် အသက်ရှင်နေသေးသော်လည်း ဆေးရုံသို့ သယ်ဆောင်သွားစဉ် လူနာတင်ယာဉ်ပေါ်၌ သေဆုံးသွားရှာသည်။

ဖြစ်ရပ်ကို ကိုယ်တွေ့ ကြုံခဲ့သည့် ဒတ်၏ အဒေါ်က ဗန်နှင့်ငြိပြီး ပါသွားသည့် စွန်ကြီးသည် အကျယ်(၄၉)ပေမျှရှိပြီး ဆိုင်ဂုံစွန်လွှတ်ကလပ် အဖွဲ့သားများက လွှတ်တင်ထားခြင်းဟု ပြောကြားခဲ့သည်။
“အဲဒီအချိန်မှာ လေက သိပ်မငြိမ်ဘူး။ စွန်ကြီးကို လွှတ်လိုက်၊ မြေပေါ် ပြန်ကျလိုက် ဖြစ်နေတော့ လူတိုင်းကလည်း သတိထားမိတယ်။ စွန်ကြိုးတစ်ခုက အအေးဘူးတွေထားတဲ့ စင်နားမှာလည်း လာကျနေတယ်။ ဒတ်က အအေးဘူးတွေ ပြုတ်ကျနေတာကို လိုက်ကောက်ရင်း စွန်ကြိုးက သူ့ခြေထောက်မှာ လာပတ်တယ်။ ရုတ်တရက် လေပြင်းတိုက်လာပြီး စွန်က မိုးပေါ်တက်သွားတော့ သူလည်း ပါသွားတော့တာပဲ”ဟု သူမက ရှင်းပြခဲ့သည်။

စွန်လွှတ်ကလပ်မှ အဖွဲ့သားများသည် စွန်ကို ပြန်ဆွဲချရန် ကြိုးစားခဲ့ကြသော်လည်း လေကောင်းကောင်း မိသွားသည့်အတွက် မအောင်မြင်ခဲ့ကြောင်း သိရသည်။ ဒတ်သည် လေပေါ်မှ ပြုတ်ကျချိန်တွင် အခြားစွန်ကြိုး တစ်ချောင်းကို လှမ်းဆွဲရန် အားထုတ်ခဲ့ဟန်ရှိသော်လည်း နောက်ကျသွားခဲ့ကြောင်းလည်း သိရသည်။

ဒွန်ဒီယူ စွန်လွှတ်ကွင်းသည် လာမည့်စွန်လွှတ်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သူများ လက်တွေ့ လေ့ကျင့်သည့် နေရာလည်း ဖြစ်သည်။ ဟိုချီမင်းစီးတီး မြို့တော်ကောင်စီ တာဝန်ရှိသူ တစ်ဦးက ယင်းကဲ့သို့ အဖြစ်ဆိုးမျိုး မကြုံစေလိုသဖြင့် စွန်လွှတ်ကွင်းသို့ ကလေးငယ်များ ခေါ်ဆောင်လာခြင်းကို တားမြစ်ထားသော်လည်း ဒတ်၏ မိခင်မှာ ထိုနေရာတွင် အလုပ်လုပ်နေသဖြင့် ကလေးငယ်ပါ လိုက်ပါလာခြင်းဟု ဖြေရှင်းခဲ့သည်။

လုံခြုံရေးများ အနေဖြင့်လည်း စွန်လွှတ်ကွင်းအတွင်း အာရုံစိုက်နေသဖြင့် ဈေးဆိုင်တန်းဘက်ကို သတိမမူမိခဲ့ဟု ဆိုသည်။ ဟိုချီမင်းစီးတီး ရဲတပ်ဖွဲ့သည် ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆက်လက် စုံစမ်းနေဆဲဟု သိရှိရသည်။
_Ref: Dailymail
http://7daydaily.com/story/33933#.VQrefy7dXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...