စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တေးသံရှင် ဆုန်သင်းပါရ်နှင့် တွေ့ဆုံခြင်း

                           အမျိုးသမီးများနေ့, ဆုန်သင်းပါရ်, OXFAM, Advancing Opportunities for Women, Women Day,
အဆိုတော် ဆုန်သင်းပါရ် (ဓာတ်ပုံ – အောင်ကျော်မိုး / New Images)


မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည် ဆိုင်ရာ အမျိုးသမီး များနေ့ ဖြစ်ပါတယ်။ အခုအခါ မြန်မာ အမျိုးသမီး အဖွဲ့များ ကွန်ရက်နဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတ ခု ဖြစ်တဲ့ OXFAM က အမျိုးသမီးများ ကြုံတွေ့နေ ရတဲ့ အခက်အခဲ၊ အတား အဆီးတွေ ကင်းဝေးရေး အတွက် အသိပညာပေးဖို့ တေးဂီတ ဖျော်ဖြေပွဲ တခု ကျင်း ပပြုလုပ်မှာ ဖြစ်ပြီး အဆိုပါပွဲမှာ တေးသံရှင် ဆုန်သင်းပါရ်လည်း ပါဝင် သီဆိုဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဆုန်သင်းပါရ်ဟာ အရင်ကလည်း OXFAM နဲ့ အတူ အမျိုးသမီးများ ခွဲခြား ဆက်ဆံမှု တိုက်ဖျက်ရေးမှာ ပါဝင် ဆောင်ရွက် နေတဲ့ သူလည်း ဖြစ်ပါ။

အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အနေနဲ့ ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆုန်သင်းပါရ် ကို တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး။     ။ မဆုန်သင်းပါရ် အနေနဲ့ Advancing Opportunities for Women တေးဂီတ ဖျော်ဖြေပွဲမှာ ပါဝင်ဖြစ်တဲ့ အကြောင်းနဲ့ အဖွဲ့ရဲ့လှုပ်ရှား မှုတွေမှာ ပါဝင်ဆောင်ရွက်ဖြစ်တဲ့အကြောင်း သိချင်ပါတယ်။

ဖြေ။     ။ ပထမဆုံးတော့ OXFAM ကနေ ကမ်းလှမ်းတာပေါ့။ အစကတော့ OXFAM ဆိုတာ ကောင်းကောင်း မသိခဲ့ပါ ဘူး။ နောက်မှ သူတို့ အဖွဲ့အစည်းက အမျိုးသမီးတွေကို အများကြီး အထောက်အကူ ပေးတယ် ဆိုတာ သိလာရတယ်။ ဒါက အမျိုးသမီးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ဖန်တီးပေးနေတဲ့ အဖွဲ့အစည်း ဆိုတော့ ဒါကို ဝမ်းပန်းတသာနဲ့ လက်ခံတယ်။

ပထမဆုံးက တေးရေးပြိုင်ပွဲ ပေါ့။ သီချင်းတွေ အများကြီးထဲကမှ အနှစ်သက်ဆုံး သီချင်းက အနုပညာလည်း မြောက်ရမယ်၊ နောက်ပြီး အတုံးလိုက် အတစ်လိုက်ကြီး ဖန်တီး ထားတာလည်း မဟုတ်ဘဲ၊ ပါးပါးလေးနဲ့ အမျိုးသမီးတွေ အတွက် ဖန်တီးထားတဲ့ သီချင်းမျိုးကို ရွေးရတာ ပါ။ သီချင်းတွေ ကလည်း အများကြီးပဲ။ အဲဒီ အထဲကမှ ဆုန်သင်းတို့ တော်တော်ခက်ခက်ခဲခဲနဲ့ ရွေးထားရတာပါ။
သီချင်းလေးပုဒ်တည်းမှာမှ ဆုန်သင်းဦး ဆောင်ပြီးတော့ ကျန်တဲ့ ညီမအငယ်တွေနဲ့လည်း သီဆိုထားတယ်။ ပြီးတော့ မသျှီလည်း သူဦးဆောင်ပြီး သီချင်းတွေ ဆိုရတယ်။ အဲဒါတွေ လုပ်ပြီးတော့ တော်တော် ကြာကြာ ကြီးကို ဒီအဖွဲ့အတွက် မလုပ် ဖြစ်သေးဘူး။ ပွဲလုပ်မယ် ဆိုတာ ပြောထားတာတော့ ကြာလှပြီ၊ အခုအချိန်ကျမှ ပွဲပြန်လုပ်မယ်၊ နောက်ပြီး Women Day နဲ့လည်း ကိုက်တဲ့ အခါကျတော့ လွန်ခဲ့တဲ့ တပတ်လောက်က လာကမ်းလှမ်းတော့ ကိုယ်လည်း ဝမ်းသာအားရနဲ့ လက်ခံခဲ့တယ်။

ဆုန်သင်း ဒီလိုအဖွဲ့အစည်းမျိုးတွေမှာ မပါဝင်ဖြစ်ဖူးဘူး။ ကိုယ်ကိုယ် တိုင်က အမျိုးသမီးတယောက် ဖြစ်တယ်၊ တိုင်းရင်းသူ တယောက်ဖြစ်တယ်၊ အဓိကကိုယ့် အမျိုးသမီးတွေ အတွက် လုပ်ပေးတဲ့ အဖွဲ့မှာ ပါဝင် ခွင့်ရတဲ့ အတွက် ဂုဏ်ယူတယ်။ ဒီသီချင်းလေးတွေ မဆိုခင်မှာလည်း ဆုန်သင်းတို့ သင်တန်းလေးတွေ တက်ရတယ်။ ပထမ နှစ်ရက်၊ သုံးရက်ပေါ့။ ပရိုဂရမ် တခုအနေနဲ့ သင်တာ ဆိုတော့ ပညာရှင်တွေကလာ သင်ပေးတာ ပေါ့။

ကဏ္ဍအသီးသီး ကနေလာသင်ပေးတဲ့ အတွက် အတွေ့အကြုံတွေလည်း အများကြီး ရတယ်။ ပြီးတော့ မသျှီတို့၊ ညီမငယ်တွေနဲ့လည်း အတူတူ အလုပ်လုပ်ခွင့် ရတယ်။ အခုနောက်ဆုံး ဒီပွဲ လုပ်ပြီးသွားရင်ပြီး သွားမယ် ဆိုရင်တောင် ကိုယ်က စိတ်တောင်မကောင်းဘူး။

ဘာဖြစ်လို့လဲဆိုတော့ ပျော်ပျော်ပါးပါးနဲ့သင်တန်းတွေ တက်ခဲ့ကြတယ်။ အဖြစ်သဘော မဟုတ်ဘဲနဲ့ ကိုယ်တိုင်ကိုက ဒီမှာ ပါဝင်ခွင့်ရ တာကို ဝမ်းသာတယ်။ တယောက်နဲ့ တယောက် ပူးပေါင်းမှုက သိပ်ရတယ်။ အတွေ့အကြုံ ကောင်းတွေ၊ သင်ခန်းစာတွေ အရမ်းရတယ်။ ဒီအဖွဲ့ အစည်းမှာ ကိုယ်က သီချင်းလေးတပုဒ်၊ နှစ်ပုဒ်အနေနဲ့ပဲ ပါဝင်သီဆို နိုင်တယ်။ ဒီသီချင်းလေး နားထောင်တဲ့ မြန်မာအမျိုးသမီးထု ခွန်အားရတယ် ဆိုရင်တော့ ဆုန်သင်းတို့ လုပ်ရကြိုးနပ်တယ်။

အမျိုးသမီးထုတိုး တက်ဖို့ ကိုယ်က အော်နေပေမယ့်လည်း အမျိုးသမီး ထုကလည်း ပါဝင်လာမှရမှာလေ။ အမျိုးသမီး အခွင့်အရေးက အမျိုးသားတွေကလည်း အခွင့်အရေးပေးမှ ရမှာလေ။ မြန်မာပြည်ကြီးမှာ အမျိုးသမီးတွေ ဒီထက်မက ခေါင်းဆောင် နေရာတွေမှာ ရပါစေ၊ ဘယ်ကဏ္ဍမှာ မဆို အရေးကြီးတဲ့နေရာမှာ ရကြပါစေလို့ ဆုတောင်းပါတယ်။

မေး။     ။ အမျိုးသမီးတွေ အနေနဲ့ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးရရှိမှု အနေအထားကို မဆုန်သင်းပါရ် ဘယ်လို မြင်မိလဲ။

ဖြေ။     ။ အရင်က ဆုန်သင်းတို့က အကြားနဲ့ပဲ ကြားရတာ လေ။ ဒီအဖွဲ့မှာ ပါဝင်လာတော့ သူတို့ဆီမှာ စာရင်းနဲ့ သေချာ အတိအကျ ရှိတယ်လေ။ အဲဒီအခါ ကျမှ ငါတို့ အမျိုးသမီးတွေက ပါဝင်ရတဲ့ကဏ္ဍက တော်တော်နည်းပါလား လို့လေ။ ဒါပေမယ့်နည်း ပေမယ့်လည်း ပါဝင်တဲ့ ကဏ္ဍတွေမှာ ပါဝင်တဲ့ အမျိုးသမီးတွေက ပေါက်ပေါက်ရောက်ရောက် ရှိကြတယ် လေ။ အဲဒီ အတွက်တော့ ဂုဏ်ယူတယ်။
ဒါပေမယ့် အရေအတွက် အနေနဲ့တော့ တအားနည်းသေးတယ်။ အဲဒီအတွက်ကြောင့် ကိုယ့်မှာလည်း တာဝန်ရှိတယ် လို့ ခံစားရတယ်။ အဲဒီလိုပြောလို့ ကိုယ်က ဒါကြီးကို ဦးဆောင်မယ်လို့ ပြောချင်တာ မဟုတ်ဘဲနဲ့ ကိုယ်လည်း အမျိုးသမီး တယောက်အနေနဲ့ တာဝန် ရှိတယ်လို့ ထင်တဲ့ အတွက် စိတ်ထဲမှာ ခံစားရတယ်။

မေး။     ။ ကိုယ်က တိုင်းရင်းသားလည်း ဖြစ်သလို၊ အမျိုး သမီးတယောက်လည်း ဖြစ်တယ်။ ဒီအခါမှာ ကိုယ် တိုင်ရော ဖိနှိပ်ချုပ်ချယ်မှုမျိုး၊ နေရာပေး မခံရတာမျိုး ကြုံခဲ့ဖူးတာ ရှိလား။

ဖြေ။     ။ အမျိုးသမီးဖြစ်လို့ အဲဒီလိုမျိုး ပြောရလောက်အောင်တော့ ဆုန်သင်းမှာ မရှိသေးဘူး။ နောက်ပြီး များသောအားဖြင့် ကိုယ့်မိသားစုနဲ့ပဲ ဆိုင်မယ် ထင်ပါတယ်။ ဆုန်သင်းက အားကစားလည်း ဝါသနာပါ တယ်၊ သီချင်းဆိုတာလည်း ဝါသနာပါတယ်။ ဆုန်သင်းအဖေက အမြဲအားပေးတယ်။ ဆုန်သင်းလုပ်နိုင်တာက နည်းနည်းလေးပဲ၊ ဒါပေမယ့် အဖေကအရမ်း အားပေးတယ်။ ဒါကြောင့် သူ့ရဲ့ အားပေးမှုက ကိုယ့်ကို တွန်းအား သိပ်ဖြစ်စေခဲ့တယ်။ ဒါကြောင့် ဆုန်သင်းကလည်း အဖေနဲ့ အမေမှာ ဆိုရင် အဖေကို ပိုခင် တွယ်တယ်။ ကိုယ့်ရဲ့ ဟီးရိုးကလည်း အဖေပဲလေ။ ဒါကြောင့် မိသားစုနဲ့လည်း တော်တော်ဆိုင်မယ်လို့ ထင်ပါတယ်။

ဆုန်သင်းတို့ အသိုင်းအဝိုင်းမှာ ဒီလိုမျိုး ဆက်ဆံတာ မရှိဘူး။  ဆုန်သင်း ဒီလို အားမငယ်ဘူး လို့ ခံစားခဲ့ရတာတွေက အဓိကကတော့ Family က ကိုယ့်ဘက်မှာ ပါခဲ့လို့ပါ။ နောက်ပြီး ဆုန်သင်းက အသက်လေးနှစ်နဲ့ ကျောင်း တက်ခဲ့တယ်။ ဆုန်သင်း အစ်ကိုက ခြောက်နှစ်နဲ့ ကျောင်းတက်တယ်။ ဆုန်သင်း ကျောင်းတက်မှ သူက တက်ရဲတာလေ။ ဒါကြောင့် မို့လို့ ကိုယ်က လေးနှစ်နဲ့ ကျောင်းတက် ခဲ့ရတာလေ။ အစ်ကိုက ကိုယ်နဲ့တွဲပြီး အတူတူ ကြီးလာ တော့လေ။ ကိုယ့်စိတ်ထဲမှာ ငါအမျိုးသမီးတယောက်ဆိုပြီး သိမ် ငယ်တဲ့စိတ် ဘယ်တော့မှ မဖြစ်ခဲ့ဘူး။

မေး။     ။ မဆုန်သင်းပါရ်က အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးကို ငယ်ငယ်ကတည်းက ရခဲ့တယ်လို့ ဆိုလိုတာ လား။

ဖြေ။     ။ ဒါပေါ့။ ဒါကလည်း ကိုယ့်ဘာသာယူ တာလေ။ မရဘူး ဆုန်သင်းက။ ပြောရမယ် ဆိုရင် အမျိုးသမီး တွေ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး ရဖို့ အများကြီးတော့ လိုသေးတာပေါ့ လေ။  ခုနပြောသလို တကယ် အရေးကြီးတဲ့ ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင် လာနိုင်ဖို့ အများကြီးလိုသေးတယ်။ ဘာဖြစ်လို့ အမျိုးသမီးတွေ နည်းပြီး ထင်ရှားလဲ ဆိုရင်အရမ်းနည်း လို့ ထင်ရှားသွားတာပေါ့။ အခါကျတော့ စီးပွားရေး လောကမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်  အရမ်းနည်းတယ်။ ဒါပေမယ့် တကယ် အရည်အချင်း ရှိတဲ့ သူတွေက နေရာရသွားတာ ပေါ့နော်။ ဆိုတော့အမျိုး သမီးတွေ အားလုံးလည်း စိတ်ဓာတ်မကျစေချင်ဘူး။ ကိုယ့်အခွင့် အရေးက ကိုယ့်လက်ထဲမှာ ရှိတယ်လို့ပဲ ပြောချင်ပါတယ်။

မေး။     ။ ဘယ်အလွှာမှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှု ပိုများတယ်လို့ မြင်မိလဲ။ နောက်ပြီး ဖိနှိပ်မှုတွေ လျော့နည်းအောင် ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်တယ် လို့ရော မြင်မိလဲ။

ဖြေ။     ။ ဒါက အလွှာတိုင်းမှာတော့ ရှိမယ်လို့ ထင်တယ်။ အဓိက ကတော့ အိမ်ထောင်ရှင် အမျိုး သမီးတွေ ပေါ့နော်။ သူတို့ ဆိုရင်လည်း တကယ် အရည်အချင်း ရှိကြပြီး အိမ်ထောင်ကျပြီးတော့ ကလေးမွေး၊ ဒါနဲ့ ဒီအထဲမှာပဲ မျောသွား ကြတဲ့ သူတွေ အများကြီး ရှိတယ်။ တချို့ဆို ရင်သူတို့ အရည်အချင်းကို အသုံး မပြုတော့ဘူး။ ကိုယ့် ပတ်ဝန်းကျင်မှာ လည်း ဒါမျိုးလေး၊ ငါးယောက်လောက် တွေ့ဖူးတယ်။ သူတို့ တော်ရဲ့သားနဲ့ သား သမီးတွေက အရေး ကြီးပါတယ်၊ ကိုယ်ကတော့  လုပ်စရာ  မလို တော့ပါဘူး၊ သားသမီးတွေ အတွက်ပဲလေ ဆိုပြီး ရင်းလိုက် တော့။ ဒါကသူတို့ရဲ့ စိတ်မှာခံ ယူချက် မှားနေတာပေါ့နော်။ တကယ်ဆိုသူတို့ တကယ်အရည် အချင်းတွေ ရှိကြတယ်။

နောက်ပြီး သားသမီး မွေးနေရင်းနဲ့လည်း အများကြီး လုပ်လို့ရတာပဲ ပေါ့။ အမျိုးသားနဲ့ သူ့တာဝန်၊  ကိုယ့် တာဝန်  ခွဲထားရင် အများကြီး လုပ်လို့ ရသေးတယ်လေ။ သင်တန်းတက်တုန်းက ဆိုရင် အဲဒီက အစ်မ တယောက်က သင်တန်းလာ ပေးတာလေ။ သူဆိုရင်ပညာ အရမ်းတော်တယ်။ သူ့အမျိုးသားက လည်းတော် တယ်။ ပညာတတ်တွေပဲ။ အဲဒီမှာ သူကသူ့ ယောက်ျားထက် ပိုပြီးမြင့်တဲ့ဘွဲ့ကို ထပ် ယူမယ်ဆိုတော့  သူ့ယောက်ျားက ယောက်ျားထက် မြင့်တဲ့  ဘွဲ့ကို  ထပ်မယူနဲ့တဲ့၊ ယူရင် ကွဲမယ် ဆိုတော့ သူလည်းကွဲ လိုက်တယ်တဲ့ လေ။ သူကလည်း တော်တော့ တဆင့်ပြီး တဆင့်  တက်နေတာလေ။ အရင်တုန်းကသူ့ ယောက်ျားထက် နိမ့်နေတုန်းက အဆင် ပြေတယ် တဲ့။ ဒါပေမယ့် သူ့ထက် မြင့်လာတဲ့ အခါကျတော့ အဆင် မပြေတော့ဘူးလေ။

မေး။     ။ အိမ်ထောင်သည်မှာလည်း ဝင်ငွေ မရှိတဲ့ အမျိုး သမီးတွေ ပိုပြီး အကြမ်းဖက်ခံရတယ် လို့ ပြောကြတယ်။ အဲဒီ အပေါ်ကိုရော ဘယ်လို သုံးသပ်ချင်လဲ။

ဖြေ။     ။ အဲဒါကတော့ ဝင်ငွေရှိတာ၊ မရှိတာထက် ခံယူချက်နဲ့ ပိုပြီးဆိုင်မယ် ထင်ပါတယ်။ တချို့ ယောက်ျားတွေ ကျတော့ လည်း မိန်းကလေးကို ကိုယ်ထိလက်ရောက် မလုပ်ချင်ကြဘူးလေ။ ယောက်ျားဆိုရင် ယောက်ျားစိတ်ဓာတ် အပြည့် ရှိတယ်လေ။ တချို့ကျ တော့လည်း ယောက်ျားစိတ် မရှိဘူးလို့ ပြောရမှာ ပေါ့နော်။ ဒီလို အနိုင်ယူတာ ဆိုရင် လောကမှာ အအောက်ဆုံး လုပ်ရပ်ပဲ ပေါ့။ ယောက်ျားအချင်းချင်း ရန်ဖြစ်တယ် ဆိုတာအကြောင်း မဟုတ်ဘူးလေ။ ယောက်ျားက မိန်းမကို အနိုင်ယူတယ် ဆိုတာက၊ ဒါယောက်ျား သိက္ခာကျတာပဲ။ ဒါက ကိုယ့်ခံ ယူချက်နဲ့ ဆိုင်တယ်။ နောက်ပြီးတော့လည်း ကိုယ့်ရဲ့ ဘာသာရေး၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင် ဒါတွေနဲ့လည်း သက်ဆိုင်တယ်။

မေး။     ။ မဆုန်သင်းရဲ့ အိမ်ထောင်ရေးမှာရော ဘယ်လို ခံယူချက်နဲ့ နှစ်ယောက် လက်တွဲထားလဲ၊ ကိုယ်က အခုဆို မိခင်တယောက်လည်း ဖြစ်တယ်။ အိမ်ထောင်ရှင် တယောက်၊ မိခင်တယောက်ရဲ့ ရှင်သန်မှုက ဘယ်လိုရှိလဲ။

ဖြေ။     ။ ကိုယ်က အစကတည်းက ဒီယောက်ျား ယူကတည်းက သူက ကိုယ့်ရဲ့ သူငယ်ချင်းလိုပဲ လေ။ တခုခု လုပ်မယ် ဆိုရင်သူက အားပေးတယ်။ ကိုယ်ကလည်း သူ့ကို အားပေးစေချင်တယ်။ ကိုယ့်ရဲ့ အောင် မြင်မှုကိုလည်း  ကိုယ့်ယောက်ျားကို ဝေမျှချင်တယ်။ သူ အောင်မြင်ရင်လည်း ကိုယ်က ဘေးကနေပါချင် တယ်။ ဆုန်သင်းတို့ ကျတော့ ဘယ်သူက အကြီး၊ ဘယ်သူက ဦးဆောင်သူဆိုပြီး မဟုတ်ဘဲနဲ့ အလုပ် လုပ်ကြတယ်။ အခုဆိုရင် ကလေးရှိလာတော့ ကိုယ့်အိမ်မှာ ရှိတဲ့ တောက်လျှောက်ကတော့ ကလေးနဲ့အတူ တချိန်လုံး ရှိနေတယ်။ ဒါပေမယ့် အလုပ်လုပ်တဲ့ အချိန် ကျရင် အလုပ်လုပ်တယ်။ ကိုယ်ခရီးသွားနေရင် သူ့အဖေလည်း ကလေးထိန်းရ တာပဲလေ။

တခါတလေ ကိုယ်က အိမ်မှာ ပင်ပန်းပြီး အိပ်ချင်လို့ အိပ်နေရင်သူက၊ မင်းကနော် အိမ်မှာရှိပြီး ကိုယ့်ကလေး တောင် ကိုယ် ဂရုမစိုက်ဘူး ဆိုပြီးသူက ဒါလေးတောင်မှ ပြောချင်သေးတာ။ အဲဒီအခါ ကိုယ်ကလည်း၊ ဟာ …ဒါ ကိုယ်က ခရီးသွားနေတာ အလုပ် လုပ်နေတာပေါ့။ တခါတလေကျရင် ကိုယ်က အလုပ်လုပ်တဲ့ မိန်းမ ဆိုတော့ စကားအဖြစ်ပဲ ဖြစ်ဖြစ် နိုင်ချင်တယ် လေ။ အလုပ်လုပ်တဲ့ မိန်းမတွေကျတော့ နည်းနည်း ဏမသကိ ဖြစ်တာပေါ့နော်။ အဲဒီလိုမျိုး ဖြစ်ရင် ယောက်ျားက တအားနားလည် ပေးတယ်။ အဲဒီအတွက် ယောက်ျား ကိုလည်း အရမ်းကျေးဇူးတင်တယ် လို့၊ ကြော်ငြာတာတော့ မဟုတ်ပေမယ့် ယောက်ျားကောင်းကို ပေးတဲ့ ဘုရားကို အရမ်းကျေးဇူးတင်တယ်။

မေး။     ။ အလုပ်လုပ်နေတဲ့ အမျိုးသမီး အတွက်လည်း ကိုယ့်ယောက်ျားရဲ့ အားပေးမှု၊ နားလည်ပေးမှုက အဲဒီအမျိုး သမီး အတွက် ဘယ်လောက် အထောက် အကူ ဖြစ်တယ်လို့ ပြောပြချင်ပါသလဲ။

ဖြေ။     ။ ဆုန်သင်းတို့ ကျတော့ အဆိုတော်ဖြစ်ပြီးမှ အိမ်ထောင်ကျတာ ဆိုတော့ ဆုန်သင်းအလုပ်ကို သူနားလည် ပေးတယ်။ ဒါပေမယ့် သူက ကိုယ့်အသံကို ကြိုက်လားဆိုတော့၊ အသံကို ကြိုက်တာတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ အလုပ်ကို သူလေးစားပေးတယ်။ သူ့ရဲ့အလုပ်ကိုလည်း ကိုယ်လေးစားတယ်။ စစချင်းတုန်းက အိမ်က လူတွေက ပြောတယ်၊ နင့်ထက်လည်းငယ်တယ်၊ အဆင်ပြေမှာ မဟုတ်ဘူး ပေါ့။ စပြီး ရည်းစားဖြစ်တဲ့ အချိန်တုန်းကလေ။

ဒါကအသက် ငယ်တာ၊ ကြီးတာနဲ့ မဆိုင်ဘူးလေ။ နားလည်တဲ့ သူကတော့ နားလည် တာပဲ။ အဲဒီလို ပြောလိုက်လို့ ဒီအိမ်ထောင်ရေးကြီးက ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူး။ ချစ်တယ် ဆိုတာ ခြောက်လလောက်နဲ့ ကုန်သွားတယ်။ သမီးရည်းစား ချစ်တာက ယူလည်းယူပြီးရော ဘာမှမရှိတော့ဘူး လေ။ ဒါပေမယ့် နောက်ပိုင်း တယောက်နဲ့ တယောက်လေးစားရမယ်။ သူ့ကိုလည်း ကိုယ်က လေးစားသလို၊ ကိုယ်ပြောတာ ကိုလည်း သူက လေးစားတယ်။ ကိုယ်က ကိုယ့် အလုပ်အပေါ်ကို လေးစားပြတော့ သူကလည်း ငါ့ မိန်းမက သူ့အလုပ်အပေါ်ကို လေးစားတယ်၊ ငါလည်း လေးစားရမယ် ဆိုတဲ့ စိတ်လည်း သူ့မှာ ရှိတယ်လေ။ တဖြည်းဖြည်းချင်းကျင့်ယူ ရတာပေါ့နော်။ သားသမီး ရှိလာတော့ ပိုဆိုးတယ်။

စစချင်း တုန်းက ကလေး ရှိလာတော့ ငါသီချင်းဆိုလို့ တောင်ဖြစ်မှာ မဟုတ်တော့ဘူးလို့လေ။
အိမ်ထောင်ရေး ကိစ္စနဲ့၊ သားသမီး ကိစ္စနဲ့ ဘာလုပ်ရမယ် မှန်းမသိဘူး၊ ရူးချင်တာလေ။ တလလောက်ကတော့ ငါသီချင်း မဆိုတော့ ဘူးလို့၊ ငါဆိုလို့ ဖြစ်မှာ မဟုတ် တော့ဘူးလို့၊ မှန်ထဲမှာ ကြည့်တော့လည်း ကိုယ်က အကြီးကြီး ဖြစ်နေတာလေ။ ငါဘယ်လိုမှ သီချင်းဆိုစားလို့ ဖြစ်မှာမဟုတ်တော့ဘူးလို့၊ အဲဒီလောက်ထိကို စိတ်ဓာတ်ကျသွားတာ။

ဒါပေမယ့် ကိုယ့်ယောက်ျားက ဘေးကနေ အမြဲအားပေးတယ်၊ အမေကလည်း အားပေးတယ်။ လုပ်ပါ၊ နင်က ရုပ်လှလို့မှ မဟုတ်တာ၊ အသံလေးက မဆိုးဘူးလေ၊ ဒါကြောင့် ဆိုပါ။ ဒါမျိုးနဲ့ အားပေးတာပေါ့။ အစားလည်း လျှော့မယ်၊ တလမှာ နှစ်ပေါင်လောက် ကျသွားတယ် ဆိုရင်လည်း တအိမ်လုံးကဝိုင်းပြီး ဝမ်းသာပေးတယ် လေ။ ဆက်လုပ်၊ ဒါမှလှမှာ ဆိုပြီး ယောက်ျားက အမြဲတမ်းပြောတယ်။
မိန်းကလေး တယောက် ပြင်ပြင်ဆင်ဆင်နဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး လှနေတာကလည်း ဒါစည်းကမ်းရှိ တယ် ဆိုတာ သက်သေပြတာတဲ့ လေ။ သူ့ရဲ့အဲဒီစကားလေး တခွန်းနဲ့ ကိုယ်ကလည်း အရမ်းလှချင်လာတာ။ ဆိုတော့၊ သူ့ရဲ့ တွန်းအားကလည်း အများကြီးအရေးကြီးတယ်။

မေး။     ။ မဆုန်သင်းရဲ့ သားလေးက အသက်ဘယ်လောက် ရှိပြီလဲ။

ဖြေ။     ။ သားလေးက အခုဆိုရင် တနှစ်နဲ့ ကိုးလ ရှိပါပြီ။ နာမည်က Lian Tin Sang လို့ ပေးထားပါတယ်။ အိမ်နာမည် ကိုတော့ လုံးလုံးလို့ ပေးထားတယ်။ သားဦး ဆိုတော့လည်း တချိန်လုံး သူ့အကြောင်းကိုပဲ ပြောချင် နေတာပဲ လေ။ တနေ့တနေ့ သူတတ်တာ လေးတွေကလည်း မတူဘူးလေ။ နူးနူး၊ ပါးပါးလို့ ခေါ်လိုက်ရင် ကိုယ့် စိတ်ထဲမှာ ကျေနပ်တယ်။ သူက ဖုန်းတွေကြည့်ပြီး ဘာအရောင်၊ ဘာအရောင်ဆိုတာ ပြောတတ်တယ်။ Touch တွေကို ရွှေ့တတ်တယ်။ တခါလည်း TV ကို ကြည့်ပြီး  Touch ထင်ပြီးသွား ရွှေ့တယ်လေ။ သူ့အဖေ ကွန်ပျူတာ ကိုင်ရင်လည်း မောက်စ်ကို ကိုင်ရမယ် ဆိုတာ သိနေတယ်။

မေး။     ။ မဆုန်သင်းတို့ ကျင်းပမယ့် Women Day မှာ အမျိုးသမီးတွေသာမက၊ အမျိုးသားတွေပါ ပါဝင်လာဖို့ မဆုန်သင်း တခုခု ပြောပြပေးပါဦး။

ဖြေ။     ။ အမျိုးသမီး ကိစ္စ ဆိုပေမယ့် ဒါက အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူးလေ။ ကမ္ဘာမှာ အမျိုးသား တွေက လည်း အမျိုးသမီး မရှိရင် ဘယ်ရမလဲ။ အထီးကျန်သွားမှာ ပေါ့။ အမျိုးသမီးများနေ့မှာ အမျိုးသား အားလုံးက လည်း ပံ့ပိုးပေးကြပါလို့၊ အခွင့်အရေးလည်း ဖန်တီးပေးကြပါလို့။ အမျိုးသားတွေ အတွက် အမျိုးသမီးတွေက အရမ်းချစ်ဖို့ ကောင်းပါတယ်လို့။     ။

http://burma.irrawaddy.org/interview/2015/03/12/72469.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...