စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရန်ကုန်မှာ ဘတ်စ်ကားပဲစီးသည့် ကနေဒါ သံအမတ်ကြီး ကတော်




နာမည်ဆိုးနှင့် ကျော်ကြားသော ရန်ကုန်ဘတ်စ်ကား များကို စီးရဲသည့် နိုင်ငံခြားသားများအနည်းစုတွင် သူလည်း တဦးအပါအဝင် ဖြစ်သည်။ ခရီးသည်များဖြင့် ပြည့်ကျပ်နေပြီး ထိန်းသိမ်းစောင့်ရှောက်မှုလည်း နည်းပါးသော၊ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်ပါက ခရီးစဉ်ကို သိနိုင်ရန်ခက်ခဲသော ရန်ကုန်မြို့မှ ဘတ်စ်ကားများသည် သတ္တိအရှိဆုံးသော နိုင်ငံခြားသား များကိုသာ ဆွဲဆောင်နိုင်ပါသည်။

မြန်မာနိုင်ငံအတွက် ပထမဆုံးသော ကနေဒါ သံအမတ်ကြီး၏ ဇနီးဖြစ်သူ Linda McDowell ကတော့ ခင်ပွန်းသည် Mark McDowell နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး တနှစ်ခွဲခန့်အကြာ မှာပင် လမ်းကြောင်းများကို အတော်လေး ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်သည်။ လှုပ်ရှား ရှုပ်ထွေးနေသည့် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းတွင် ဘတ်စ်ကား စီးရ ခြင်းသည် တခါတရံ စိန်ခေါ်မှုဖြစ်သည်ဟု သူကပြောသည်။ ဘတ်စ်ကားစီးခြင်းက သူ၏ ဘာသာစကား စွမ်းရည်ကို အရောင် တင်နိုင်ရန် နည်းလမ်းကောင်းတခု ဖြစ်သလို အလျင်အမြန် ပြောင်းလဲလာနေသည့် မြို့ပြအတွက် အများပြည်သူ ပို့ဆောင်ရေး ကဏ္ဍ ကိုလည်း မြှင့်တင်ပေးရာ ရောက်ပါသည်။

“ဒါက စွမ်းအင်သက်သာတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်တယ်။ မြို့တော်အတွက် ကောင်းပါ တယ်” ဟု Linda McDowell က ဧရာဝတီကို ပြောသည်။

ရန်ကုန်တွင် လမ်းများ အဆင့်မြှင့်တင် ပြင်ဆင်ရန်နှင့် ဘတ်စ်ကား လိုင်းများ တိုးချဲ့ရန် အားထုတ်နေမှုကို သူက ချီးမွမ်းခဲ့ သော်လည်း ရန်ကုန်မြို့၏ ပို့ဆောင်ရေး စနစ်ကတော့ ပြည့်စုံမှု မရှိသေးကြောင်း မှတ်ချက်ပြုသည်။ ထိုင်ဝမ်တွင် မွေးဖွားခဲ့သော Linda McDowell သည် အထက်တန်းကျောင်းသူ အရွယ်တွင် ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး လူဦးရေ ထူထပ်သည့် မြို့ကြီး အမြောက်အများတွင် နေထိုင်ခဲ့သူဖြစ်သည်။ သူ အမြဲတမ်းနေထိုင်သည့် တိုရန်တိုမြို့အပြင် နယူးယောက်၊ တိုင်ပေ၊ ဘန်ကောက်နှင့် ဘေဂျင်းမြို့များလည်း Linda McDowell နေထိုင်ဖူးသည့် စာရင်းတွင် ပါဝင်သည်။ ရန်ကုန်မြို့ကို ခေတ်မီသည့် မြို့တမြို့ ဖြစ်လာစေရန် အတွက် စည်ပင်သာယာမှ တာဝန်ရှိသူများ အနေဖြင့် ကိုယ်ပိုင်ယာဉ်များထက် အများပြည်သူပို့ဆောင်ရေး စနစ်ကို ပို၍ဦးစားပေး လုပ်ဆောင်နေသည့် မြို့ကြီးများထံမှ လေ့လာ သင်ယူနိုင်သည်ဟု သူကဆိုသည်။

“လွယ်တာလေး တချို့ကနေ စလုပ်လို့ရပါတယ်။ ပို့ဆောင်ရေးမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်လို့ တချို့က ပြောကြတယ်။ ဒါပေမယ့် ကျမ ကိုယ်ပိုင်အမြင်ကတော့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စောင့်နေစရာ မလိုပါဘူး” ဟု သူက ပြောသည်။

နေ့စဉ် ခရီးသွားသူ ၂. ၂ သန်း ခန့်ကို ပို့ဆောင်ပေးရန် လိုအပ်သော အရာများ ရန်ကုန်မြို့တွင် ရှိနှင့်ပြီး ဖြစ်သည်ဟု Linda McDowell က ပြောပြသည်။ သူနှင့် ခင်ပွန်းသည် တို့က ရန်ကုန်မြို့တော်နေ ပြည်သူများအတွက် လုံခြုံပြီး သက်တောင့် သက်သာ ရှိသည့် မြို့ပြတခု ဖြစ်လာ ရေးအတွက် အနာဂတ် အစီအစဉ်များ အကြောင်းကို မြို့တော် တာဝန်ရှိသူများနှင့် ပုံမှန်ပြောဆို ဆွေးနွေးလေ့ရှိသည် ဟုလည်း သိရသည်။

ရှုပ်ထွေးနေသည့် ရန်ကုန်မြို့တွင်း လမ်းများတလျှောက်တွင် ယခုအခါ အဝါရောင် ကွန်ကရစ်တုံးများ စီတန်း ချထားသည်ကို သတိပြုမိသူ အများအပြား ရှိပါလိမ့်မည်။ ဘတ်စ်ကားများကို ညာဘက်ရှိ လမ်းကြောင်းတခုထဲမှ မောင်းနှင်စေသည်။ အငှား ယာဉ်များက ယာဉ်ကျောများအတွင်း အကန့်အသတ်မရှိ ဟိုဝင်ဒီထွက် သွားလာနေကြသည့် အချိန်တွင် ပုဂ္ဂလိက ကုမ္ပဏီများ ပိုင်ဆိုင်သည့် ဘတ်စ်ကားများက ရှေ့ကိုတိုးဖို့နှင့် ခရီးသည်များများ ရနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြရဆဲ ဖြစ်သည်။ များသောအားဖြင့် ဘတ်စ်ကား ကုမ္ပဏီများက ခရီးသည် အရေအတွက်များများ ရနိုင်ရန် တွန်းအားပေးသည့် အနေဖြင့် ယာဉ်မောင်းများ၏ လစာကို ကောက်ခံရရှိငွေ အလိုက်ခံစားခွင့် ပေးထားသည်။

သို့သော်လည်း မြို့တော်၏ စီမံခန့်ခွဲရေးပိုင်းက လူများစု အသုံးပြုနိုင်သည့် ပို့ဆောင်ရေးအတွက် မက်လုံးများ ဖန်တီး ပေးခြင်းနှင့် ယာဉ်စည်းကမ်းဥပဒေများ ချမှတ်ကျင့်သုံးခြင်း စသည့် အားထုတ်မှုများ အချိန်မီ ပြုလုပ်ပါက ယာဉ်မောင်း များနှင့် ခရီးသည်များ စနစ်တကျ ဖြစ်လာလိမ့်မည်ဟု Linda McDowell က ခန့်မှန်းလိုက်သည်။ ယခုအချိန်အထိ တာဝန် ရှိသူများ၊ ယာဉ်မောင်းများနှင့် ခရီးသည်များအကြားတွင် အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်သည်။ လူများစု အသုံးပြုနိုင်သည့် ပို့ဆောင်ရေးစနစ်နှင့် ယာဉ်ဥပဒေများ၏ အရေးကြီးမှုကို ပြည်သူများနှင့်အတူ ဆွေးနွေးခြင်း၊ ပညာပေးခြင်းများ ပြုလုပ်ခြင်းဖြင့် ထိုကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်သည် ဟုလည်း သူက ဆိုသည်။

ကုန်ကျစရိတ်လည်း သက်သာ၊ ပိုမိုကောင်းမွန်ခြင်းလည်း ရှိလာအောင် နောက်ထပ် ပြုလုပ်နိုင်သည့် နည်းလမ်းများမှာ ဘတ်စ်ကားမှတ်တိုင် နေရာများကို စနစ်တကျ သတ်မှတ်ခြင်း၊ ခြေလျင် သွားလာသူများအတွက် လမ်းကြောင်း သတ်မှတ်ပေးခြင်း၊ ယာဉ်မောင်းများ၏ လစာကို ပုံသေထားရှိခြင်း၊ အများဆုံး တင်ဆောင်နိုင်သည့် ခရီးသည် အရေအတွက်ကို ကန့်သတ်ခြင်းတို့ ဖြစ်သည်ဟု Linda McDowell က ဆက်ပြောသည်။ ထို့အပြင် ခရီးသည် များများ ရရှိနိုင်ရန်အတွက် ယာဉ်မောင်းအချင်းချင်း အပြိုင်အဆိုင် မောင်းနှင်နေကြသည့် အချိန်တွင် ခရီးသည် အရေအတွက်ကို သတ်မှတ် လိုက်ခြင်းက အားလုံးအတွက် အဆင်ပြေစေနိုင်ပြီး အန္တရာယ်ဖြစ်လောက်အောင် ခရီးသည် အမြောက်အများ တင်ခြင်း၊ စည်းကမ်းမဲ့စွာ မောင်းနှင်ခြင်းများကို ရှောင်ရှားနိုင်လိမ့်မည်ဟု သူက အကြံပြုသည်။

မြန်မာနိုင်ငံမှ တခြားသော သံတမန်များကဲ့သို့ မဟုတ်ဘဲ Linda နှင့် Mark McDowell တို့တွင် ကိုယ်ပိုင်မော်တော်ယာဉ် မရှိပါ။

“လမ်းပေါ်မှာ ကားတွေ အရမ်းကို များပြားနေပြီဖြစ်တဲ့ အတွက် ရန်ကုန်မြို့က ယာဉ်ကျောတွေထဲမှာ ကျမတို့ကားတစင်း ထပ်ပြီးမပါဝင်တော့ဖို့ ကျမတို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု Linda McDowell က ပြောသည်။

မြန်မာနိုင်ငံမှ မော်တော်ယာဉ်များ၏ ၇၀ ရာခိုင်နှုန်းက ရန်ကုန်တွင် မှတ်ပုံတင်ထားကြသည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ အဆိုအရသိရသည်။ မြန်မာ အစိုးရက မော်တော်ကား တင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်များကို လျှော့ချပေးခဲ့သည့် ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှ စ၍ ယာဉ်ကျောပိတ်ဆို့မှု ပြဿနာက သိသိသာသာ များပြားလာခဲ့သည်။ နိုင်ငံခြားမှ ဝင်ရောက်လာသည့် ကားအရေအတွက် မြင့်တက်လာသည့် အတွက် ရန်ကုန်မြို့တွင်း လမ်းများသည် တခါတရံ တွင် လုံးဝ ပိတ်ဆို့ ရပ်တန့်နေပြီး လိုရာခရီးသို့ရောက်ရှိရေး အတွက်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ကနှင့် နှိုင်းယှဉ် လျှင် အချိန် ၂ ဆခန့် ပိုယူနေရသည်။

ထို့ကြောင့် ပိုပြီး ဆိုးရွားမသွားအောင် လုပ်ရမည်ဟု Linda McDowell က ပြောသည်။ အကယ်၍ ရန်ကုန်မြို့တော်နေ ပြည်သူများနှင့် တာဝန်ရှိသူများက အင်အားကောင်းသည့် အများပြည်သူ ပို့ဆောင်ရေးစနစ် ရှိပြီး ကားအရေအတွက် နည်းနည်းနှင့် အလုပ်ဖြစ်သော မြို့တော်တခုကို ဖန်တီးနိုင်မည်ဆိုလျှင် အေးချမ်းသာယာမှုနှင့် လေထုညစ်ညမ်းမှု နည်းပါး ခြင်း ကိုလည်း ရရှိနိုင်ပါသည်။ လက်ရှိအချိန်တွင် ရန်ကုန်၌ ယာဉ်လိုင်းပေါင်း ရာနှင့် ချီ၍ရှိနေပြီး ခရီးသည်တင် ဘတ်စ်ကား ၄၀၀၀ ခန့် ရှိနေသည်။ အများစုမှာ ဟောင်းနွမ်းအိုမင်းနေပြီး အဆင့်မြှင့် ပြင်ဆင်ရန် အရေးတကြီး လိုအပ်နေသည်။ သို့သော်လည်း ၎င်းတို့သည် အသုံးဝင်နေဆဲဖြစ်ပြီး ရန်ကုန်မြို့မှ သန်းပေါင်းများစွာသော ပြည်သူများ အလုပ်သွား၊ ကျောင်းသွားရန်အတွက် အဆင်အပြေဆုံးသော နည်းလမ်းလည်းဖြစ်နေသည်။

ရန်ကုန်မြို့ထဲသို့ သွားရန်၊ ဈေးသွားရန်နှင့် မိတ်ဆွေများထံ သွားရောက်လည်ပတ်ရန် အတွက် ဘတ်စ်ကား စီးခြင်းက သူ့အတွက် အရေးပါသည်ဟု Linda McDowell ကပြောသည်။

“ကျမ ဘတ်စ်ကားစီးတဲ့ အကြောင်း လူတွေကို အမြဲပြောပြပါတယ်။ သူတို့တွေ ဒါကိုလက်ခံလာဖို့လဲ ကျမ ကြိုးစားတယ်” ဟု သူကပြောသည်။ သူ၏ ကနေဒါနိုင်ငံသား မိတ်ဆွေတချို့လည်း ထိုအကျင့်ရနေကြပြီ ဖြစ်သည်ဟု လည်း ဆက်ပြော သည်။ သို့သော်လည်း ခရီးလမ်းကြောင်းများ ပိုမိုဘေးကင်းလုံခြုံရေးနှင့် ထိရောက်မှုရှိရေး အတွက် မြို့တော်တွင် ထင်ရှား သော အားထုတ်လုပ်ကိုင်မှုများ မရှိသေးသရွေ့ အဆင်ပြေလာဖွယ်မရှိဟုလည်း ဆိုသည်။ Linda McDowell ကဲ့သို့သော ရန်ကုန်မှ ဘတ်စ်ကား ပုံမှန်စီးသည့် ခရီးသည် တဦးအတွက်ပင်လျှင် နားလည်ရန် ကြိုးစားရသည်များရှိသည်။

“ကျမရဲ့ စိတ်စွမ်းအင်အတွက် စမ်းသပ်ချက်တခုပါပဲ” ဟု Linda McDowell က ရန်ကုန်မှာ ဘတ်စ်ကား စစီးစဉ်က အကြောင်းများကို ပြန်ပြောပြသည်။ ထိုစဉ်က သူမကြာခဏ လမ်းကြောင်းမှားပြီး စီးမိသည်။ မြို့ထဲက လမ်းတွေမှာ လမ်းပျောက်ခဲ့သည်။ သို့သော်လည်း မကြာမီမှာပင် မြန်မာစကားလုံးတချို့ကို မှတ်မိလာပြီး ဘတ်စ်ကားတွင် မြန်မာဘာသာနှင့်ရေးသား ထားသည့် ယာဉ်လိုင်းနံပါတ်များကို သတိပြုမိလာသည်။ သူ့အတွက် အားအင် အဖြစ်ရဆုံးမှာ သူ့ကို ဖော်ရွေစွာဖြင့် လမ်းပြ ပေးမည့် ခရီးသည်တဦး အမြဲတမ်းရှိနေလိမ့်မည် ဆိုသည့်အချက် ဖြစ်ပါသည်။

“သူတို့ ကျမကို ကူညီချင်ကြပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက မြန်မာစကား အကျိုးအပဲ့တွေနဲ့ ခက်ခက်ခဲခဲ ကြိုးစားပြီး ပြောနေတာကို သူတို့တွေ့တယ်လေ။ အဆင်ပြေသွားလိမ့်မယ်။ ကျမ ပတ်ဝန်းကျင်မှာ ကြင်နာပြီးတော့ ကူညီ တတ်တဲ့ သူတွေရှိနေတယ်လို့ ကျမခံစားရပါတယ်” ဟု Linda McDowell က ရယ်မောရင်းပြောသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်တွင် စန်းယမင်းအောင်နှင့် ဖီးလဇ်ဆော်လမွန်တို့ ရေးသားထားသော On the Bus with Linda McDowell ကို နိုင်မင်းသွင် ဆီလျော်အောင်ပြန်ဆိုသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဘတ်စ်ကားတစီးပေါ်တွင် တွေ့ရသော ကနေဒါ သံအမတ်ကြီး ကတော် (ဓာတ်ပုံ – စတိဗ် တက္ကနာ / ဧရာဝတီ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...