စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လေယာဉ် ပျက်ကျရင် အန္တရာယ် ကင်းအောင် လေယာဉ်ကို ချီမနိုင်မည့် လေထီးမျိုး တပ်သင့် မသင့်


လေယာဉ် ပျက်ကျသည့် အခါ လေယာဉ် တစ်စင်းလုံးကို ချီမပြီး ခပ်ညင်ညင် သာသာ မြေကြီးပေါ် ချပေးမည့် လေထီးကြီးမျိုး ခရီးသည်တင် လေယာဉ်တွေမှာ တပ်ဆင်လိုက်ရင် မကောင်းဘူးလား။

အသက် (၄၂) နှစ် အရွယ် အမေရိကန် နိုင်ငံသား ရှေ့နေ ဂျွန်ဖရေဆီသည် ၁၉၇၈ ခုနှစ်ထုတ် Cessna 182 တစ်ယောက်စီး လေယာဉ်လေးနဲ့ ပျံသန်းနေတုန်း ချိုးကွေ့လိုက်စဉ် ချိန်သားမကျသဖြင့် လေယာဉ်သည် လိမ့်ထွက်သွားသည်။ မြေပြင် အထက် ပေ (၄၀၀) အကွာတွင် ဖြစ်ရာ မြေပေါ် အကျကလည်း မြန်သည်။

ကံကောင်းသည့် တစ်ချက်မှာ Cessna လေယာဉ်တွင် အသက်ကယ် နည်းပညာကောင်း တစ်ခုပါသည်။ မြေကြီးဆီ ထိုးဆင်းနေချိန်တွင် ဖရေဆီသည် ခေါင်းပေါ်က လက်ကိုင်ကွင်းကို ဆောင့်ဆွဲလိုက်သည်။ လေယာဉ်သည် ၀ုန်းဆို အပြင်းအထန် ဆောင့်တက်သွားသည်။

““သေပြီထင်တာ။ နောက် တစ်စက္က့န် လောက် နေတော့ ပိုပြင်းတဲ့ ဆောင့်ချက်လာတယ်။ လေယာဉ်က သစ်ပင်တွေ ပေါ်တင်ပြီး အောက်ကို ပြုတ်ကျတယ်””ဟု ဖရေစီက ပြောပြသည်။ ကျောအောင့်တာလောက်သာ ဖြစ်ပြီး၊ ဖရေစီ အသက်ရှင်ခဲ့သည်။

ဖရေစီကို ကယ်လိုက်သည့် နည်းပညာ ကားလေယာဉ် တစ်စီးလုံးကို ဆွဲချီနိုင်သော လေထီးဖြစ်၏။ ထိုလေထီးကြောင့် လေယာဉ်မြေပေါ်သို့ အပြင်းအထန် စိုက်ဆင်းနေသည့် အရှိန် လျော့သွားကာ ဖရေစီလည်း အသက်ဘေးမှ လွတ်သွားခဲ့သည်။

ထိုလေထီးမျိုးကို ဖရေစီတို့လို အပေါ့စား တစ်ယောက်စီး၊ နှစ်ယောက်စီး လေယာဉ်လေးများတွင် တပ်ဆင် အသုံးပြုနိုင်နေပြီ။ လေထီး ထုတ်လုပ်သူများကတော့ ထိုလေထီးမျိုးကို ခရီးသည်တင် လေယာဉ်ကြီးတွေမှာလည်း ထည့်သုံးလို့ ရနိုင်သည်။ ထိုအခါ လေယာဉ် ပျက်ကျလို့ သေရတယ် ဆိုတာ တော်တော်ရှား သွားလိမ့်မည်ဟု ဆိုနေကြပြီ။ ဒါဆို ဘာကြောင့် လေယာဉ် ကုမ္ပဏီကြီးတွေ လေထီးတပ်ဖို့ မစဉ်းစား ကြသေးတာလဲ တွေးစရာ ရှိလာသည်။

Cessna ၊ Cirrus တို့က ထုတ်လုပ်သော လေယာဉ်ငယ်လေးများတွင် လေထီးကို လေယာဉ် ကိုယ်ထည် အပေါ်ပိုင်းတွင် တပ်ဆင်ထားသည်။ လေထီး ဖွင့်လိုက်သည့်အခါ လေယာဉ်သည် တစ်မိနစ်ကို ပေ (၁၇၀၀) နှုန်းဖြင့် ခပ်ညင်ညင် ကျဆင်းသည်။ လေထီးဖြင့် ကျလာသော လေယာဉ်က မြေပြင်ကို ရိုက်အားသည် (၁၂) ပေ အမြင့်ကနေ လေယာဉ်ကို ပစ်ချလိုက်သည့် ရိုက်အား လောက်သာ ရှိတော့သဖြင့် အသက်အန္တရာယ် မရှိသလောက် ဖြစ်ကြောင်း Cessna လေယာဉ် ထုတ်လုပ်ရေးမှ အမှုဆောင် အရာရှိချုပ် ထရာဗစ်ကလမ်က ပြောသည်။

လေယာဉ်များ အတွက် လေထီးများ ထုတ်လုပ် တပ်ဆင်ပေးနေသည့် လုပ်ငန်းတစ်ခုမှာ အမေရိကန် ဖလော်ရီဒါ ပြည်နယ် မီယာမီမြို့ရှိ Ballistic Recovery Systems (BRS) ဖြစ်သည်။ ကုမ္ပဏီ ထူထောင်သူ ဘောရစ် ပိုပေါ့ဗ်သည် လူငယ်ဘ၀က လေယာဉ်ငယ်ဖြင့် ပျံသန်းနေစဉ် မြေပြင် အထက် ပေ(၅၀၀) ခန့်တွင် ထိန်းမရဖြစ်ကာ လေယာဉ်ကို ရေကန်ထဲသို့ ထိုးဆင်း လိုက်ရသည်။ ထိုအဖြစ် ကြုံရပြီး ကတည်းက လေယာဉ် တစ်ခုခုဖြစ်ရင် လေယာဉ်ကို ချီသယ်နိုင်မည့် လေထီးမျိုး တပ်ဆင်ထားဖို့ သူအား ထုတ်ခဲ့သည်။

BRS က ထုတ်လုပ်နေသော လေယာဉ် လေထီးသည် လက်ရှိတွင် ငါးယောက်စီး လေယာဉ်ထိကို သယ်နိုင်သည်။ လာမည့် ငါးနှစ် အတွင်း လူ(၂၀) စီး လေယာဉ်ထိကို သယ်ဆင်းနိုင်သော လေထီးမျိုး ထုတ်လုပ်မည်ဟု ပိုပေါ့ဗ်က ပြောသည်။ လေယာဉ် အရွယ်အစား ကြီးပါကလည်း လေထီးကြီးကြီး ဖန်တီးပြီး တပ်ဆင်လိုက်မည် ဆိုပါက ဖြစ်နိုင်သည်ဟု ပိုပေါ့ဗ်က ပြောသည်။

ဗြိတိန် အရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့ သတင်း ထုတ်ပြန်ခွင့် ရှိသူကလည်း ခရီးသည်တင် လေယာဉ်များမှာ လေထီး တပ်ဆင်ခြင်းသည် ထင်ထားသလောက် လူ့အသက် ကယ်နိုင်စရာ မရှိကြောင်း သုံးသပ် ပြောကြားသည်။

““လေယာဉ် အင်ဂျင် အကုန်လုံး ရပ်သွားတယ် ဆိုတာမျိုးက တော်တော် ဖြစ်ခဲ့တယ်။ တစ်လုံးလောက် လည်လို့ရတယ် ဆိုရင်ပဲ လေယာဉ်မှူးဟာ လေယာဉ်ကို ထိန်းချုပ်ပြီး ဆင်းသက်လို့ ရနိုင်ပါသေးတယ်။ အကယ်၍ အင်ဂျင် အားလုံး ရပ်သွားပြီ ဆိုပြန်တော့လည်း လေထီး ဖွင့်ဖို့က အချိန်မ လုံလောက်နိုင်တော့ဘူး”” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ခရီးသည်တင် လေယာဉ်ကြီးများ အတွက် လေထီး ဒီဇိုင်း ထုတ်ဖို့ကလည်း အခက်အခဲ ရှိသည်။ Airbus A380 လေယာဉ်ကြီး မျိုးသည် ခရီးသည် (၈၅၃) ဦးထိ တင်ဆောင်နိုင်သည်။ အလေးချိန်က ပုံမှန် နှစ်ယောက်စီး အပေါ့စား လေယာဉ်ငယ်မျိုး ထက် အဆလေးရာလောက် ပိုပေးသည်။ ဒါတောင် ခရီးသည်များနှင့် ခရီးဆောင် အိတ်များ၏ အလေးချိန်များ ထည့်မတွက်ရသေး။

လူ (၅၀၀) တင်နိုင်သည့် ဘိုးရင်း (၇၄၇) လေယာဉ်ကြီးမျိုးကို ခပ်ညင်ညင် သယ်ဆင်းနိုင်အောင် လေထီးသည် မည်မျှကြီးရမည် နည်းတွက်ကြည့် သည့်အခါ လေထီး ပွင့်တစ်ခုလျှင် ဘောလုံး တစ်ကွင်းစာ လောက်ရှိရမည်။ ထိုသို့သော လေထီးပွင့် (၂၁) ပွင့်ကို ပေါင်းစုပြီး ဖွင့်ပါမှ ဘိုးရင်း (၇၄၇) လေယာဉ်ကို ခပ်ညင်ညင် သယ်ဆင်း နိုင်မည်ဟု အဖြေ ထွက်လာသည်။

““လေယာဉ် အလေးချိန် တစ်ပေါင်ကို ခပ်ညင်ညင် သယ်ဆင်းဖို့ လေထီး ပိတ်သား တစ်စတုရန်းပေ လိုအပ်တယ်”” ဟု ပိုပေါ့ဗ်က တွက်ချက်ပြသည်။

ထိုမျှကြီးကြီး လိုမည်ဆိုပါက မဖြစ်နိုင်။ အခြားသောနည်းဖြင့် ဖောက်ထွက် စဉ်းစားကြသူများက လေထီး ပမာဏ လျှော့ချနိုင်အောင် အရေးပေါ် အခြေအနေ ကြုံသည်နှင့် လေယာဉ် တောင်ပံ၊ အင်ဂျင်စသည့် မလိုတာများကို အရင် ဖြုတ်ချလိုက်မည်၊ ခရီးသည်တွေ ပါသော လေယာဉ် ကိုယ်ထည်ပိုင်း ကြီးသာကျန်မှ လေထီးဖွင့်မည်။ ထိုအခါ လေထီး ပမာဏ လျှော့သုံးနိုင်မည်ဟု တင်ပြကြသည်။

ကရာတန် ကလည်း ထိုအိုင်ဒီယာ ကို ထောက်ခံသည်။

““အဲဒီလိုဆို ၀ိတ်လျော့ သွားတော့ လေထီး ခပ်နည်းနည်းနဲ့ သယ်ဆင်းနိုင်မယ်။ တောင်ပံတွေ အင်ဂျင်တွေကို မြို့ပေါ်တော့ ဖြုတ်မချ မိစေနဲ့ပေါ့ဗျာ”” ဟု အရွှန်းဖောက်သည်။

နောက်အိုင်ဒီယာ တစ်ခုကား ထို့ထက်ပင် ရှေ့ရောက်သေးသည်။ မလိုတာများ ဖြုတ်ချပြီးလျှင် လေယာဉ် ကိုယ်ထည်ကြီးကိုပါ အစိတ်စိတ်ခွဲကာ တစ်ခုချင်းစီ အတွက် သပ်သပ်လေထီးများဖြင့် ချိတ်ဆွဲပြီး ခပ်ညင် ညင်ဆင်းစေမည် ဖြစ်သည်။

ထိုအိုင်ဒီယာသည် ကောင်းမွန်သော်လည်း ထိုသို့ လုပ်မည်ဆိုပါက လက်ရှိ သုံးနေသော လေကြောင်း စနစ် တစ်ခုလုံးကို အစအဆုံး ပြင်ပစ်ကာ လေယာဉ် ဒီဇိုင်းများကိုပါ အသစ်ကစ ပြင်ဆွဲကြရမည် ဖြစ်သည်။ စနစ်က ကောင်းသော်လည်း ယခုထိ အကောင်အထည် ပေါ်သည့်ဆီ မရောက်သေး။

““နည်းပညာအရ ဆိုရင် အထက်က ပြောတာမျိုးတွေ လုပ်လို့ရနေပြီ။ အစိုးရတွေ၊ လုပ်ငန်းကြီးတွေက စီးပွားရေး တွက်ခြေကိုက်မှု ဆိုတာနဲ့ ချိန်ထိုးနေကြတာကြောင့် လက်ရှိ အဆင်ပြေနေတဲ့ ပုံစံကနေ ခွဲမထွက် နိုင်ဖြစ်နေကြတာ။ ပြည်သူတွေကသာ အင်အား ကောင်းကောင်း တောင်းဆိုကြမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး”” ဟု ပိုပေါ့ဗ်က ဆော်သြလိုက်သည်။

Messenger

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...