စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“နှစ်ဟောင်းကို နှုတ်ဆက်ရင်း ပါရမီဖြည့်မယ်”

 
တိမ်တိုက်ပမာ၊သံသရာ၊တွေ့လာခဏ။လေကြောင့်ကွဲကာ၊ပျက်ရရှာ၊လျင်စွာပျောက်သွားကြ။
-【တိပိဋကဓရ ယောဆရာတော်】ဘဝဆိုတာ ကောင်းကင်က တိမ်တိုက်ကလေးတွေလိုပါပဲ။
ခဏတွေ့ပြီး၊ခဏအကြာမှာပဲ ပျောက်ကွယ်သွားကြတာပါ။

လူ့ဘဝသက်တမ်းကို ယေဘုယျပြောရရင် (၇၅)နှစ်ပါပဲ။(၇၅)နှစ်အတွင်းမှာပဲ
ပျောက်ကွယ်သွားကြရတာပါ။ကံကောင်းလည်း နှစ်ကာလတစ်ခုအလွန်ပါပဲ။

●ပျောက်ကွယ်သွားတဲ့သူတွေက ပျောက်ကွယ်ကုန်ပါပြီ။
●မပျောက်ကွယ်သေးတဲ့သူတွေကိုလည်းပျောက်ကွယ်ဖို့ အချိန်တစ်ခုက ကြိုနေပါပြီ။

ဟော…ခု မကြာခင်မှာ နှစ်ဟောင်းကိုနှုတ်ဆက်ပြီး၊နှစ်သစ်ကို ကြိုဆိုရတော့မှာပါ။
ဘယ်လိုပုံစံနဲ့ နှစ်ဟောင်းကို နှုတ်ဆက်မလဲ။ ။

❦အကုသိုလ်တွေကို နုတ်ပြီး ကုသိုလ်တွေနဲ့ ဆက်ရမှာပါ။
❦အမုန်းတွေကို နုတ်ပြီးမေတ္တာတွေနဲ့ ဆက်ရမှာပါ။
❦မရိုးသားမှုတွေကို နုတ်ပြီး ရိုးသားမှုတွေနဲ့ဆက်ရမှာပါ။
❦မမှန်တရားတွေကို နုတ်ပြီး အမှန်တရားတွေနဲ့ဆက်ရမှာပါ။

ဆိုင်ရာ မဂ်တစ်ခုခု မရသေးသရွေ့တော့အကုသိုလ်တွေက မနှစ်သက်တဲ့ အာရုံတွေ ကြုံတိုင်း
ဖြစ်ဖြစ်နေရဦးမှာပါ။

ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကို ဖြစ်ပေါ်လာတဲ့အတိုင်း “သတိကပ်သိ”လိုက်ရင်ပဲ
သတိပဋ္ဌာန်ကုသိုလ်တွေ ပြန်ဖြစ်သွားတာပါ။ “အကုသိုလ်” ကနေ “ကုသိုလ်” ဖြစ်သွားတဲ့သဘောပါ။

■စိတ်ခံစားမှုတစ်ခုကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ စကားတစ်ခွန်းကြောင့်တော့ ပါရမီဖြည့်ဖက်
ဓမ္မမိတ်ဆွေတွေဟာ ကွာဝေးသွားတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။
ပုထုဇဉ်စိတ်ရဲ့ အခိုက်အတန့်တစ်ခုပါပဲ။ဆိုလိုတာကတော့ အတိတ်ပါရမီဆုတောင်း
အဆက်ဆက် ရှိခဲ့တဲ့သူတွေဟာ စကားတစ်ခွန်းကြောင့်တော့ ကွာဝေး၊ကွာဝေး မသွားသင့်ပါဘူး။
ပါရမီဖြည့်စရာတွေ ကျန်နေသေးသလို၊နိဗ္ဗာန်ရောက်မှပဲ အပြတ်ထာဝရ ကွာဝေးသွားတာပဲ ကောင်းပါတယ်။

■ပါရမီဖြည့်ဖက်မဟုတ်သူတွေကတော့ စကားတစ်ခွန်းကြောင့်ပဲ ယုံကြည်မှုတွေ
ကွာဝေးကွာဝေး သွားနိုင်ပါတယ်။သတိထားစရာတွေပါပဲ။

တွေးတဲ့အခါ တစ်ယောက်တည်း တွေးရတာဖြစ်ရတဲ့အတွက် သိပ်ပြဿနာမရှိလှပေမယ့်၊
စကားပြောတဲ့အခါမှာတော့ အများနဲ့ဆက်ဆံရတာ ဖြစ်တဲ့အတွက် အတော်သတိထားနိုင်မှ တော်ကာ
ကျတော့မှာပါ။

တိမ်တိုက်ကလေးတွေဟာ လေကြောင့်ပဲ ပေါင်းမိပြီး၊လေကြောင့်ပဲ ကွာဝေးသွားကြသလို၊
ဘဝဆိုတာကလည်း တိမ်တိုက်ကလေးတွေလိုပါပဲ။ကံကြောင့်ပဲတွေ့ပြီး၊ ကံကြောင့်ပဲ
ကွာဝေးသွားကြရတာပါ။အထူးသဖြင့် ယုံကြည်မှုတွေ ကွာဝေး၊ကွာဝေး မသွားဖို့ပါပဲ။
ကာလတိုလေးတစ်ခုမှာ ပါရမီကောင်းတော့အတူတကွ ဖြည့်နိုင်ဖို့ပါပဲ။

နိုင်ငံခေါင်းဆောင်တွေ၊နိုင်ငံရေးခေါင်းဆောင်တွေ နှစ်ဟောင်းကို ဘယ်လို နှုတ်ဆက်မလဲ။
စိတ်ဝင်စားစရာပါပဲ။ အကောင်းဆုံးနှုတ်ဆက်ခြင်းတွေနဲ့ နှုတ်ဆက်နိုင်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။

ဘာပဲပြောပြော နှစ်ဟောင်းကို နှုတ်ဆက်တဲ့နေရာမှာ အကုသိုလ်တွေကို နုတ်ပြီး ကုသိုလ်တွေနဲ့
ဆက်လိုက်ဖို့ပါပဲလေ။
 
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist's Association】
-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)】[ကျမ်းကိုး-တိပိဋကဓရ ယောဆရာတော်၏
ဓမ္မလက်ဆောင်(၃၅)]
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...