စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နိဗ္ဗာန်အကြောင်းကို ဖြေရှင်းပြခြင်း


အစ္စလာမ်ဘာသာဝင်များ မေးထားသော မေးခွန်းဖြစ်တဲ့ နိဗ္ဗာန်အကြောင်းကို ဖြေရှင်းပြခြင်း။
                            
မေးခွန်း ။ ။
ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ ပြပါ ? ဘာကို နိဗ္ဗာန်လို့ ခေါ်တာလဲ ?
ဘာမှမရှိတာကို နိဗ္ဗာန်လို့ ခေါ်တာလား ? နိဗ္ဗာန်ဆိုတာ စိတ်ကူးယာဉ်မှု တစ်ခုပါ ?

ဖြေဆိုချက် ။ ။
ကျွန်တော့်အနေနဲ့  ဘာသာခြားအစ္စလာမ်ဘာသာဝင် မွတ်စလင်သူငယ်ချင်းများ
မေးသော နိဗ္ဗာန်နှင့်ပတ်သက်တဲ့ ဖြေရှင်းမှုကို ဘာသာခြားများပါ နားလည်လွယ်အောင် ၊
ဖြေရှင်းချက် ပုံစံ ၃မျိုး နဲ့  ဥပမာများဖြင့် ဖြေရှင်းပြပေးလိုက်ပါတယ်။

ဆက်လက်၍ မရှင်းတာ နားမလည်တာများကို ထပ်မံမေးမြန်းနိုင်ပါတယ်။
ယခု ဖြေရှင်းထားသော နိဗ္ဗာန်သဘောတရားသည် ဗုဒ္ဓဘာသာဝင်အချင်းချင်း
အပြန်အလှန်နှီးနှောသော အဘိဓမ္မာအရ မဟုတ်ပါ။ အဘိဓမ္မာသဘော၊ ဘာသာရေးကို
မလေ့လာဖူးသေးသော ၊ ဘာသာခြားများအတွက်သာ နားလည်လွယ်ကူအောင် ပုံဆောင်ပြခြင်း၊
လက်တွေ့ များနှင့် ချိန်ညှိပြီး ဥပမာများဖြင့် တင်ပြထားခြင်း ဖြစ်ပါတယ်။

ပထမဆုံး အချက်တစ်ခုအနေဖြင့် နိဗ္ဗာန်ဆိုတာ တကယ်ရှိကြောင်းကို ဖော်ပြပေးလိုပါတယ်။

(က) လူ၊ နတ်၊ ဗြဟ္မာများနေထိုင်သော ၃၁ဘုံလောကကြီးအတွင်း (အနန္တစကြာဝဠာ) မှာ
(ခ) လောကမှ လွန်မြောက်မှု ဆန့်ကျင်ဘက်ဖြစ်သော လောကုတ္တရာနိဗ္ဗာန်မှာ
=================================================

(က - ၁) အိုခြင်း၊ နာခြင်း၊ သေခြင်းတရား ရှိတယ်။
(ခ - ၁) အိုခြင်း၊ နာခြင်း၊ သေခြင်းတရား လုံးဝ မရှိဘူး။

(က - ၂) ဒုက္ခနှင့် ဆင်းရဲခြင်း မျိုးစုံ ရှိတယ်။
(ခ - ၂) ဒုက္ခနှင့် ဆင်းရဲခြင်း တို့မှ ကင်းငြိမ်းသည့် တကယ့်ချမ်းသာသုခ ရှိတယ်။

(က - ၃) မည်သည့် အရာမျှ တည်မြဲခြင်း မရှိဘူး ၊ အမြဲပျက်ဆီးခြင်း ရှိတယ်။ ( အနိစ္စ )
(ခ - ၃) အမြဲတမ်းတည်မြဲသော ချမ်းသာသုခ ရှိတယ်။ ပျက်ဆီးခြင်း အလျင်းမရှိ ( နိစ္စ )

(က - ၄) မွေးဖွားခြင်း (ပဋိသန္ဓေ) နဲ့  သေဆုံးခြင်း (စုတိ) ရှိတယ်။
(ခ - ၄) မွေးဖွားခြင်း (ပဋိသန္ဓေ) နဲ့  သေဆုံးခြင်း (စုတိ) လုံးဝ မရှိတော့ဘူး။

(က - ၅) လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေနဲ့  ပူလောင်နေတယ်။
(ခ - ၅) ပူလောင်နေတဲ့ ကိလေသာအားလုံးမှ ကင်းစင်နေတယ်။

(က - ၆) ခံစားခြင်း (ဝေဒနာ) နှင့် တပ်မက်ခြင်း (တဏှာ) တရားတို့ဖြင့် အီနေတယ်။
(က - ၆) ခံစားခြင်း (ဝေဒနာ) နှင့် တပ်မက်ခြင်း (တဏှာ) တရားတို့မှ လွတ်မြောက်နေတယ်။

(က - ၇) အနှောင်အဖွဲ့တွေ ရှိတယ် ။ လွတ်လပ်မှု လုံးဝမရှိဘူး။
(ခ - ၇) အနှောင်အဖွဲ့ အားလုံး ဘာမှမရှိ၊ အမြဲလွတ်လပ်နေတယ်။

(က - ၈) စကြာဝဠာသည် တကယ်မရှိ။ (ပညတ်သာဖြစ်) ( ပရမတ် မဟုတ်)၊ မမြဲပါ ။
(ခ - ၈) နိဗ္ဗာန်သည် တကယ်၏ ၊ (ပရမတ်) မြဲ၏ ။

(က - ၉) မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ခန္ဓာကိုယ် ရှိ၏ ( အမြဲဖောက်ပြန်ပျက်ဆီးနေ၏ )
(ခ - ၉) မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ခန္ဓာကိုယ် လုံးဝမရှိ ( အမြဲတည်မြဲနေ၏ )

(က - ၁၀) ဓာတ်ကြီး ၄ပါးနှင့်တကွ ( ရုပ်၊ စိတ်၊ စေတသိက် ) တို့ ရှိ၏ (အမြဲဖောက်ပြန်နေ၏)
(ခ - ၁၀) ရုပ်၊ စိတ်၊ စေတသိက် တို့ မရှိ၊ ငြိမ်းအေးမှုသန္တိသုခသာရှိ ( အမြဲတည်မြဲ၏ )

အခုလို ကျွန်တော့်ဘက်က လောကစကြာဝဠာအတွင်းမှာ ရှိတဲ့အရာနဲ့  လောကအပြင်ဘက်
လောကုတ္တရာ နိဗ္ဗာန်မှာ ရှိတဲ့အရာတွေကို ယှဉ်ပြီးချပြခြင်းအားဖြင့် နိဗ္ဗာန်ဆိုတာ
အမှန်တကယ် ရှိကြောင်းကို ထင်ရှားပေါ်လွင်စေပါတယ်။

.

ဒုတိယအချက်အနေဖြင့် နိဗ္ဗာန်ဟာ ဘယ်မှာတည်ရှိပါသလဲ ဆိုတာကို ရှင်းပြပေးမှာဖြစ်ပါတယ်။ နိဗ္ဗာန် ဆိုတာ တည်ရာအရပ် မရှိပါဘူး ။ တည်ရာအရပ်၊
ဌာန မရှိဘူးဆိုတာကို ဆက်လက်ပြီး ဥပမာပုံဆောင်ပြပြီး ဖြေရှင်းပြပေးပါ့မယ်။

.

► ဥပမာ ၁) (လေဖြင့် ဥပမာ ပေးခြင်း)

လေ ဆိုတာ မမြင်နိုင်ပါဘူး။ ရှိမှန်းတော့ သိနိုင်ပါတယ်။ ဘာနဲ့ သိနိုင်သလဲဆိုရင်
နှာခေါင်းဖြင့်သိနိုင်ခြင်း ၊ ခန္ဓာကိုယ်ကို တိုးထိခြင်းဖြင့်သိနိုင်ခြင်း ၊ လေတိုက်ခတ်သံကို နားဖြင့် သိခြင်း၊ စတဲ့ ဆိုင်ရာ ဆိုင်ရာ ရုပ်ဝတ္ထု ဒွါရတို့ ဖြင့် သိနိုင်ပါတယ်။ သို့ သော် မျက်လုံး ဒွါရဖြင့် တော့ မမြင်ရပါ ။ ဒါကြောင့် လောကအတွင်းမှာရှိသော လေတောင်တည်ရာ အရပ်ဌာန မရှိပါလျှင် ၊ လောကမှလွတ်ရာ လောကုတ္တရာ နိဗ္ဗာန်သည် တည်ရာအရပ်ဌာန
ရှိနိုင်ပါ့မလား ။

.

►ဥပမာ ၂) (မီး ဥပမာ ပေးခြင်း)

(မီးဖြစ်လာဖို့ ) မီးတောက်တစ်ခု ဖြစ်တည်လာဖို့ အတွက် ၊ ထိုမီးသည် မီးတောက်မဖြစ်လာမီ
ဘယ်အရပ်ဌာနေမှာ တည်နေသလဲဆိုတာ ဘယ်လိုမှ ပြောလို့ လုံးဝ မရနိုင်ပါဘူး။
မီးတောက်တစ်ခု (မီးဖြစ်လာဖို့ ) ဆိုတာ ကျောက်ခဲနှစ်ခု ထိခတ်ခြင်းဖြင့်သော်လည်းကောင်း၊
သစ်ရွက်များ ပွတ်တိုက်ခြင်းဖြင့်သော်လည်းကောင်း ၊ မီးခြစ်ဆံနဲ့ မီးခြစ်ကျောက် ဖိခြစ်၍သော်
လည်ကောင်း ဖြစ်တည်လာခြင်းပဲ ဖြစ်ပါတယ် ။ တည်ရာအရပ် မရှိနိုင်ပါဘူး။
► ဥပမာ ၃) (ညာဏ်ပညာ ဥပမာ ပေးခြင်း)

လူတစ်ယောက် ငယ်စဉ်ကတည်းက ပညာသင်ကြားလာခဲ့ရာ၊ ၁၀အောင်ပြီး ၊ ဘွဲ့ ပညာတွေကို လည်း ရထားပါတယ်။ ဘွဲ့ လွန် Diploma တွေလည်း ရထားပါတယ်။ Master တန်းလည်းအောင် မြင်ထားပါတယ်၊ Ph.D တန်းတွေလည်း ပြီးထားပါတယ်
ဆိုပါတော့။ ဒီလူတစ်ယောက်ရဲ့  သင်ကြားလာသော ပညာရပ်များဟာ ထိုလူရဲ့ 
ဦးနှောက်ထဲမှာရှိတာလား၊ ဦးခေါင်းထဲမှာ ရှိတာလား၊ နှလုံးထဲမှာရှိတာလား၊
အသွေးအသားထဲမှာ ရှိတာလား၊ ခန္ဓာကိုယ်မှာရှိတာလား ဆိုတာ ဘယ်လိုမှ
ထုတ်မပြနိုင်ပါဘူး၊ တည်ရာအရပ် မရှိပါဘူး။

.

တတိယအချက်အနေဖြင့် နိဗ္ဗာန်ကို (ကိလေသာရှိသော သာမာန်လူသားများ၊ ဘာသာခြားများ) အနေဖြင့် မဖြစ်မနေမြင်ရမှ ကျေနပ်မယ်ဆိုပြီး ပြောဆိုသူများအတွက် ဥပမာပုံဆောင်ပြီး ဖြေရှင်းပြပေးထားပါတယ်။

.

► ဥပမာ ၁) (၀မ်းတွင်ကန်း) မွေးကတည်းမှ မျက်စိနှစ်ကွင်း အလင်းလုံးဝ မရရှိသူဖြင့်
ဥပမာပေးခြင်း။

မွေးကတည်းက မျက်စိမမြင်သူတွေကို ကမ္ဘာကြီးမှာ ပန်းပေါင်းစုံဝေဆာပုံ၊ နေမင်းကြီးက
တောက်ပပုံ၊ လမင်းက ညအခါမှာ သာယာပုံ၊ စသည်တို့ ကို နည်းမျိုးစုံ ပုံစံမျိုးစုံသုံးပြီး
ဘယ်လောက်ပဲ ဖြေရှင်းပြနေပါစေ ထိုဝမ်းတွင်းကန်းပုဂ္ဂိုလ်သည် ပန်းတွေလှပပုံ၊ နေမင်းကြီး
တောက်ပပုံ၊ လမင်းကြီးသာယာပုံ နဲ့ ပတ်သက်ပြီး အစ အန တောင် လုံးဝ သိမြင်နိုင်မှာ
မဟုတ်ပါဘူး ။ သို့ ပေမယ့်လည်း နေမင်းတောက်ပတာ၊ လမင်းကြီး သာယာခြင်းကတော့
အမှန်တကယ် ရှိနေခြင်းသာ ဖြစ်ပါတယ်။ ထိုဝမ်းတွင်းကန်းပုဂ္ဂိုလ်ကို ကျွမ်းကျင်တတ်မြောက်
သော ခွဲစိတ်ပါရဂူများ၊ ခောတ်အမှီဆုံးဆေးဝါးများဖြင့် ကုသပေးပြီး ကံကောင်းထောက်မစွာ
မျက်စိပြန်မြင်ရတဲ့အခါမှာသာ အပြင်လောကဓာတ်ကို သူကိုယ်တိုင်သိမြင်နိုင်မယ့်အရာသာလျှင်
ဖြစ်ပါတယ်။

.

ထို့ အတူပါပဲ ကျွန်တော်တို့ လူသားတွေဟာ မွေးကတည်းက (လောဘ၊ ဒေါသ ၊ မောဟ)
ကိလေသာများနှင့် တိုးတတ်ကြီးပြင်းလာနေကြတဲ့အတွက် ကိလေသာများချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဘယ်လောက်ပဲပြောပြနေပါစေ ဘယ်လိုမှ အစ အန တောင် သိမြင်နိုင်မှာ
မဟုတ်ပါဘူး။ မိမိသဏ္ဍန်မှာရှိနေသော ကိလေသာတရားဆိုးများကို ဖယ်ရှားရှင်းလင်း
ပါယ်သတ်ပြီးတဲ့အခါမှာ သာလျှင် ကိလေသာကင်းငြိမ်းရာ မြတ်နိဗ္ဗာန်ကို
ကိုယ်တိုင်သိမြင်ခံစား နိုင်မှာပဲ ဖြစ်ပါတယ်။

.

►ဥပမာ ၂) ( ငါး နဲ့  လိပ် ) ( ငါး နဲ့ ဖား ) ဥပမာ ပေးခြင်း

ငါး ဆိုတာ မွေးဖွားလာကတည်းက ရေထဲတွင်သာ နေထိုင်သော သတ္တ၀ါဖြစ်ပါတယ်။
ဖားကတော့ ရေနဲ့ ကုန်း ၂မျိုးလုံးမှာ နေထိုင်သော သတ္တ၀ါဖြစ်ပါတယ်။ ဒီအခါမှာ ဖားသည်
ငါးကို ကုန်းပေါ်တွင် ဘယ်လိုမျိုးအရာတွေတည်ရှိကြောင်း၊ ကုန်းမြေဆိုတာ ဘယ်လိုပုံသဏ္ဍန်
ရှိကြောင်း ဘယ်လောက်ပဲ ပုံဖော်ပြီး ငါးကို ပြောပြနေစေကာမူ ငါးသတ္တ၀ါသည် ဖားပြောပြတဲ့ အစ အန ကိုတောင် သူ စဉ်းစားလို့ ရနိုင်မည် မဟုတ်ပါ ။
ဖား ကဲ့သို့ ကုန်းပေါ်ကို မတတ်နိုင်သ၍ ကုန်းပေါ်မှာ လှုပ်ရှားမသွားလာနိုင်သ၍
ကုန်းမြေအကြောင်းကို လုံးဝ သိနားလည်နိုင်မည် မဟုတ်ပါလို့  ပြောလိုပါတယ်။
သို့ သော် ကုန်းမြေဆိုတာ ဖား ပြောပြသလိုတော့ အမှန်တကယ် တည်ရှိနေခြင်းသာ
ဖြစ်ပါတယ်။

.

ထို့ အတူပါပဲ ကျွန်တော်တို့ လူသားတွေဟာ မွေးကတည်းက (လောဘ၊ ဒေါသ ၊ မောဟ)
ကိလေသာများနှင့် တိုးတတ်ကြီးပြင်းလာနေကြတဲ့အတွက် ကိလေသာများချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဘယ်လောက်ပဲပြောပြနေပါစေ ဘယ်လိုမှ အစ အန တောင် သိမြင်နိုင်မှာ မဟုတ်ပါဘူး။ မိမိသဏ္ဍန်မှာရှိနေသော ကိလေသာတရားဆိုးများကို ဖယ်ရှားရှင်းလင်း ပါယ်သတ်ပြီးတဲ့အခါမှာ သာလျှင် ကိလေသာကင်းငြိမ်းရာ မြတ်နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်
ခံစား နိုင်မှာပဲ ဖြစ်ပါတယ်။

နောက်ဆုံး အချက်အနေဖြင့် နိဗ္ဗာန်ရဲ့  ငြိမ်းအေးမှု (အကျိုးရလဒ်) ကို ဘယ်လိုသိနိုင်မလဲ
ဆိုတာကို ဆက်လက်ပြီး ဥပမာပုံဆောင်ပြပြီး ဖြေရှင်းပြပေးပါ့မယ်။
►ဥပမာ ၁) (အိပ်စက်ခြင်း) ဥပမာ ပေးခြင်း
===========================
လောက ကမ္ဘာတွင် လူတွေ နေ့ စဉ် အိပ်စက်အနားယူကြပါတယ်။ ဆေးပညာရှု့ ထောင့်အရ
ဆိုပါလျှင် တစ်နေ့ ကို ၆နာရီ (သို့ ) ၈နာရီ အိပ်စက်ပေးဖို့ လိုအပ်တာကို ညွန်းဆိုကြပါတယ်။
ထိုသို့ အိပ်စက်ခြင်းဖြင့် တနေ့ တာပင်ပန်းနွယ်နယ်မှုများ၊ စိတ်ဖိစီးမှုများ၊ အညောင်းအညာ
အကိုက်အခဲများ၊ စတည်တို့ သည် အတော်အတန် ပျောက်ကင်းသက်သာပြီး နောက်တစ်နေ့ 
အတွက် ဆက်လက်ပြီး ဘ၀မှာ ရုန်းကန်အသက်ရှင်လှုပ်ရှားပြီး လုပ်ကိုင်ရှာဖွေနိုင်ကြမည်
ဖြစ်ပါတယ်။ ဒီလို လောကီရေးရာ အိပ်စက်အနားယူခြင်းရဲ့ ခံစားမှုကို တခြားလူတစ်ယောက်က မိမိအား မေးမြန်းလာမည် ဆိုပါတော့ ။ အိပ်စက်တာဟာ ဘယ်လိုခံစားမှုရှိလဲ ၊ ဘယ်လိုမျိုး ခံစားမှုပုံစံလဲ ဆိုတာမေးလာခဲ့မယ်ဆိုရင်
ဘယ်လိုမှ ပြောပြနိုင်စွမ်း မရှိပါဘူး။

.

►ဥပမာ ၂) (အာရောဂျ) ကျန်းမာခြင်းရဲ့ ခံစားမှု အကျိုးရလဒ် ဥပမာ ပေးခြင်း
=================================================
လူ ၂ ယောက် ရှိကြတယ် ဆိုပါစို့ ။ ထိုလူ ၂ ယောက်လုံးသည် တစ်ယောက်က ချမ်းသာပြီး ၊
တစ်ယောက်က ဆင်းရဲမွဲတေနေကြပါတယ်။ သို့ သော် ထိုလူ၂ယောက်လုံးမှာ အနာကြီးရောဂါ များ၊ နူနာရောဂါ၊ နာတာရှည်ရောဂါများ စွဲကပ်နေကြရတယ်ဆိုပါလျှင် ချမ်းသာသော လူက ငွေကြေးပြည့်စုံတဲ့အတွက် ရှိသမျှစည်းစိမ်တွေကို ပုံအောပြီး မိမိမှာခံစားနေရတဲ့ အနာကြီးရောဂါ၊ နူနာရောဂါ စတဲ့ နာတာရှည်ရောဂါတွေကို
ပျာက်ကင်းအောင် ကုသလိုက်တဲ့အခါမှာ နာတာရှည် စတဲ့ ရောဂါဝေဒနာဆိုးများအားလုံး
ပျာက်ကင်းချမ်းသာသွားပြီး ပျော်ရွှင်ကျန်းမာ လာပါတယ်။ ဒီအခါမှာ တခြား ငွေကြေးမပြည့်စုံတဲ့ နာတာရှည်ရောဂါစွဲကပ်နေတဲ့ လူက ၊
ရောဂါပျောက်ကင်းသက်သာ သွားသော သူကို ကျန်းမာခြင်းက ဘယ်လိုခံစားမှုမျိုးလဲ၊
ဘယ်လိုပုံစံလဲ ဆိုပြီး မေးရင် ဘယ်လိုမှ ပြောပြလို့ မရနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ တကယ်တော့ အနာေ၇ာဂါရှိခြင်းသည် ဆင်းရဲရပြီး ၊ အနာရောဂါမရှိခြင်း၊ ချုပ်ငြိမ်းပျောက်ကွယ်ခြင်းသည် ချမ်းသာခြင်းသာ ဖြစ်ပါတယ်ဆိုတာကို ပြောပြလိုပါတယ်။

.

နောက်ဆုံး အကျဉ်းချုပ်အားဖြင့်
နိဗ္ဗာန် ဆိုတာ အမှန်တကယ်ရှိကြောင်း၊ နိဗ္ဗာန်ရဲ့  လွတ်မြောက်ခြင်း (၀ိမုတ္တိရသ) ၊
အေးငြိမ်းခြင်း (သန္တိသုခ) ကို
- သမ္မာသဗုဒ္ဓ ဘုရားရှင်များ
- ပစ္စေကဗုဒ္ဓ ဘုရားရှင်များ
- အဂ္ဂသာဝက ရဟန္တာများ
- မဟာသာဝက ရဟန္တာများ
- ပဋိသမ္ဘိ ရဟန္တာများ
- ပကတိ သာဝက ရဟန္တာများ
- အနာဂါမ် လူ ၊ နတ်၊ ဗြဟ္မာ ၊ ရဟန်း များ
- သကဒါဂါမ် လူ ၊ နတ်၊ ဗြဟ္မာ ၊ ရဟန်း များ
- သောတာပန် လူ ၊ နတ်၊ ဗြဟ္မာ ၊ ရဟန်း များ
အားလုံး ကိုယ်တိုင် ကိုယ်ကျ မြင်နိုင် သိနိုင် ၊ မျက်မှောက်ပြုနိုင်ကြတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

.

( ထို့ အတူပါပဲ နိဗ္ဗာန်၏တစ်ခုတည်းသော ၀ိမုတ္တိရသဖြစ်သော ငြိမ်းအေးခြင်း (သန္တိသုခ) ကို
(မဂ္ဂင် ၈ပါး ၊ သတိပဌာန်၎ပါး) စတဲ့ လမ်းစဉ်ဖြင့်ကျင့်ကြံပြီး ၊ ကိလေသာအားလုံးကို
မဂ် ၄ပါး ၊ ဖိုဂ် ၄ပါး ဖြင့် အပြီးတိုင်ပါယ်သတ်ပြီးတဲ့အခါမှသာ မဂ်ညာဏ်ဖိုဂ်ညာဏ် ဖြင့်သာ
သိမြင်နိုင်တဲ့ အချမ်းသာဆုံး၊ အသန့် ရှင်းဆုံးသော နိဗ္ဗာန်ကို သိမြင်နိုင်တာဖြစ်ပါတယ်။ )

နိဗ္ဗာန် ( Nirvana ) http://en.wikipedia.org/wiki/Nirvana

နိဗ္ဗာန် ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည် ။ ငြိမ်းသတ်သည် ဟု ဆိုလိုသည် ။
ထို့ကြောင့် လောဘ၊ဒေါသ၊မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည် ။
(ရတနသုတ်တွင် တွေ့နိုင်သည်။) တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ နှင့် ၀ါန ကို
ပေါင်းထားခြင်းဖြစ်သည် ။ နိ - မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။ ၀ါန - တဏှာ ။
နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။
ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁-ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင်
၃၁-ဘုံမှ စိတ်၏ လုံးဝချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု
ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက်
သံသရာ အသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပေ။ နိဗ္ဗာန်သည် ကောင်းကင်ဘုံကဲ့သို့ နေရာ
အဖြစ်မရှိပေ။ နိဗ္ဗာန်သည် သံသရာနှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တပ်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပါယ်ရသည်။ ဘ၀တစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တက်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ၊ လွတ်မြောက်ကြောင်းပင် ဖြစ်ပါတယ်။
မှတ်ချက် ။ ။ ဗုဒ္ဓဘာသာအရ နိဗ္ဗာန် နှစ်မျိုးရှိပါတယ်။
၁) သဥပါဒသေသ နိဗ္ဗာန်
၂) အနုပါဒသေသ နိဗ္ဗာန် တို့ဖြစ်သည်။

.

၁) သဥပါဒသေသ နိဗ္ဗာန် ဆိုတာ
(၁) မသေမှီ လက်ရှိတည်ရှိနေသော ခန္ဓာ၅ပါး မပျက်ဆီးသေးဘဲ ၊ မိမိ သန္တာန်၌ ပရိနိဗ္ဗာန်မပြုမီ အတွင်း ကိလေသာတို့၏ လုံးဝမဖြစ်ပေါ်နိုင်သောအားဖြင့် ကုန်ဆုံးချုပ်ငြိမ်းခြင်းသည် သဥပါဒိသေသနိဗ္ဗာန် ဖြစ်ပါတယ်။

.

* ပထမမဂ်ဉာဏ်ရသော သောတာပန်သည် သောတာပန်ကို မြင်အပ်၊
ရအပ်သော သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။

* ဒုတိယမဂ်ဉာဏ်ရသော သကဒါဂါမ်သည် သကဒါဂါမ်ကို မြင်အပ်၊
ရအပ်သော သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။

* တတိယမဂ်ဉာဏ်ရသော အနာဂါမ်သည် အနာဂါမ်ကို မြင်အပ်၊
ရအပ်သော သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။

.

၂) အနုပါဒသေသ နိဗ္ဗာန် ဆိုတာ
သေပြီးနောက် ဘ၀မကူးတော့ပဲ ရအပ်သော နိဗ္ဗာန်ကို အနုပါဒသေသ နိဗ္ဗာန်ဟု ခေါ်သည်။
ထိုအနုပါဒိသေသနိဗ္ဗာန်ကို ခန္ဓာတို့၏ အပြီးသတ်ချုပ်ငြိမ်းမူ ဖြစ်သောကြောင့် ခန္ဓနိဗ္ဗာန်ဟု
ဗုဒ္ဓဘုရားရှင်က ဟောကြားတော်မူခဲ့ပါတယ်။
* စတုတ္ထမဂ်ဉာဏ်ရသော ရဟန္တာသည် သဥပါဒသေသ နိဗ္ဗာန်ကိုရ၍ မသေမှီ ခန္ဓာရှိစဉ်
အတောအတွင်း နိဗ္ဗာန်သန္တိသုခ ချမ်းသာကြီးကို (၇)ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ ၀င်စား၍
နေနိုင်၏။ သေသောအခါ ခန္ဓာပြန်မရတော့ပဲ ဘ၀တစ်ဖန် ပြန်မဖြစ်တော့သည့် အနုပါဒသေသ
နိဗ္ဗာန်ကို စံဝင်နိုင်ကြရပါသည်။
ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် သစ္စာ၎ပါးကိုသိမြင်ပြီး ဘုရားဖြစ်ပြီးတာနဲ့  သတ္တ သတ္တာယ (၇) ဌာနမှာ
၄၉ ရက်တိတိကို မစားဘဲ ၊ မသောက်ဘဲ၊ မအိပ်ဘဲ၊ အသက်မရှုဘဲ၊ မယိုမပေါက်ဘဲ
နိဗ္ဗာန်ချမ်းသာကို ခံစားခဲ့ပါတယ်။

.

► နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ

1. မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
2. တဏှာမွတ်သိပ်ခြင်းကို ပယ်ဖြောက်ရာ နိဗ္ဗာန်။ (ပိပါသ၀ိနယော)
3. ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
4. ၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒေါ)
5. တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
6. ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (၀ိရာဂေါ)
7. တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိယောဓော)
8. အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
9. အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
10. သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
11. မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
12. သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
13. ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
14. ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
15. သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
16. ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
17. သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
18. ဘေးမရှိသော နှောက်ယှက်ပုပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
19. ၀ဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
20. ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
21. သြဂမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
22. ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (၀ိသုဒ္ဓိ)
23. သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (၀ရံ)
24. သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
25. အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
26. ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
27. အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
28. အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
29. လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)

by - Kaung Myat Min Soe
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...