စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သုံးကိုယ်တစ်စိတ်


ပူပြင်းတဲ့ နေရောင်အောက်မှာ နိုင်ငံခြား ဂီတတေးသံနဲ့ အတူ လူသုံးယောက် ကခုန်နေကြတယ်။ သနပ်ခါးကို ထူပိန်းနေအောင် လိမ်းထားကြတဲ့ အဲဒီလူသုံးယောက် စလုံးမှာ နေကာ မျက်မှန် ကိုယ်စီ တပ်ထားကြတယ်။ ဦးထုပ်ကိုယ်စီ ဆောင်းထားကြတယ်။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ကိုယ်စီ ၀တ်ထားကြတယ်။

သူတိုရဲ့ လက်နဲ့ ခြေထောက်တွေမှာ အချင်းချင်း သံချောင်းငယ်တွေနဲ့ ချိတ်ဆက် ထားတယ်။ ဒီတော့ တစ်ယောက်က ကတဲ့အခါ ယိမ်းတိုက်ထားသလို မျိုးကကွက်တွေက ညီနေတယ်။

အဝေးကကြည့်ရင် လူသုံးယောက်လို့ ထင်စရာ ရှိပေမယ့် အနီးကပ် ကြည့်တဲ့အခါ တစ်ယောက်တည်း ဆိုတာတွေ့ရမယ်။ အရှေ့နဲ့ အနောက်က အရုပ်တွေဖြစ်ပြီး အလယ်က တစ်ယောက်ကပဲ သက်ရှိ လူသားပါ။ ဒီလို ထင်ယောင် ထင်မှား ဖြစ်စေတာကြောင့်လည်း ဒီကကွက်ကို လူစိတ်ဝင်စားကြတာ။ သုံးကိုယ်တစ်စိတ်လို့ အမည်ပေးထားတဲ့ ဒီကကွက်လေးရဲ့ ပရိသတ် အများစုကတော့ ကလေးတွေပေါ့။

မန္တလေးတိုင်း ဒေသကြီး၊ အမရ ပူရမြို့နယ်၊ ရွာသစ်ရွာက ရှင်ပြု၊ နားသ အလှူပွဲတစ်ခုမှာ အဲဒီအကအဖွဲ့ကို ပထမဆုံး မြင်ဖူးခဲ့တယ်။ ထော်လာဂျီပေါ် တင်ထားတဲ့ ဆောင်းဘောက်က သီချင်းသံ ထွက်လာပြီး သုံးကိုယ်တစ်စိတ် အကသမား လမ်းပေါ် ထွက်လာတာနဲ့ ကလေး ပရိသတ်တွေက အရင်ဆုံး ၀ိုင်းအုံ လာကြတယ်။

အထက်ပိုင်း ဒေသ အလှူတွေရဲ့ ထုံးစံအတိုင်း နေ့လယ်ခင်းမှာ ရှင်လောင်း လှည့်ထွက်ကြတယ်။ ရွှေရောင် တ၀င်းဝင်းနဲ့ တခမ်းတနား ဆောက်လေ့ရှိတဲ့ အလှူ့ရှင် မဏ္ဍပ်က ထွက်တယ်ဆိုရင်ပဲ ရှေ့တော်ပြေးလို့ခေါ်တဲ့ ၀တ်စုံနီဝတ် မြင်းစီးသမားလေးတွေက ရှေ့ဆုံးက ပြေးတယ်။

နောက်မှာတော့ ဘုရားပင့်ဆောင်တဲ့ ကားပါမယ်၊ အလှူ့ရှင်တွေရဲ့ ကားအချို့ပါမယ်၊ စည်တော်အဖွဲ့နဲ့ မင်းသားတွေပါမယ်၊ သင်္ကန်း ပရိက္ခရာတွေ ရွက်ထားတဲ့ အလှူ့ ဒါယကာ၊ ဒါယိကာမတွေ ပါမယ်။ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေ ပါမယ်။ ဂီတဖျော်ဖြေရေးကားနဲ့ တေးသံရှင်တွေပါမယ်။ မြင်းကိုယ်စီနဲ့ မောင်ရင်လောင်းတွေ၊ အလှဆင်ထားတဲ့ နွားလှည်းယာဉ်တွေပါမယ်။ အားလုံးကို မျက်စိတစ်ဆုံး မြင်ရမယ်။

အဲဒီအထဲမှာမှ သုံးကိုယ်တစ်စိတ် အကအဖွဲ့က နောက်နား ခပ်ကျကျမှာ ပါလာတယ်။ ရွာသစ်ကျေးရွာ ကနေ တဲနန်းသာ၊ မြစ်ငယ်၊ ယဉ်တော်စံ စတဲ့ နေရာတွေကို ဖြတ်သန်းပြီး အလှူ့ရှင်အိမ်ကို ပြန်လာတဲ့ ရှင်လောင်းလှည့် လမ်းကြောင်း တစ်လျှောက် ဒေသခံတွေက သူတို့ကို စိတ်ဝင်တစား ကြည့်ကြတယ်။ သုံးကိုယ်တစ်စိတ်ရယ်လို့ အကအဖွဲ့က နာမည် ပေးထားပေမယ့် ကလေးတွေ အသိအမှတ် ပြုထားတာက အိုပါဂန်းနား စတိုင်တဲ့။

ဖြတ်သန်းခဲ့တဲ့ ရွာတွေတိုင်းမှာ ““အိုပါဂန်းနား စတိုင်လာပြီဟေ့”” ဆိုတဲ့အသံနဲ့ ကလေးတွေ ၀ိုင်းအုံလာကြတယ်။ တချို့ ကလေးတွေက အကသမားရဲ့နောက်လမ်းမပေါ် တစ်ကောက်ကောက် လိုက်ပြီး အားပေးတယ်။ တချို့ကလေးတွေက ခြံဝန်းဝမှာ ပြူတစ်၊ ပြူတစ်လုပ်ပြီး ကြည့်တယ်။ ကြောက်တတ်တဲ့ ကလေးတချို့က မိခင်ကို ဖက်ထား ရင်း မ၀ံ့မရဲကြည့်တယ်။ ရဲတင်းတဲ့ ကလေးတချို့ကတော့ သီချင်းသံနဲ့ အတူ အကသမားကို လိုက်တုပြီး ကတယ်၊ အရုပ်တွေကို ထိတွေ့ ကိုင်တွယ်ဖို့ကြိုးစားတယ်။ “သုံးကိုယ်တစ်စိတ်”လို့ပြောပြော၊ “အိုပါဂန်းနားစတိုင်”ပဲ ဆိုဆို၊ လူအများ စိတ်ဝင်စားမှုကို ရခဲ့တာကတော့ အမှန်ပဲဆိုတာ တွေ့ရတယ်။

““ပထမဆုံး ကခိုင်းတော့ မကချင်ဘူး၊ ဇွတ်ငြင်းတာ။ အရုပ်ကို ထွင်တဲ့သူက ဇွတ်ပြောလို့ ကရတာ။ ပထမတော့ အလွဲလွဲ အချော်တွေပဲ။ ညတောင် မအိပ်နိုင်ဘူး။ လမိုင်း တင်တာပေါ့လေ။ အဲဒီညက လူက အခုလို မများဘူး။ အဲဒါတောင် ကြောက်တာ။ အပြင်မှာက လူပေါင်းစုံ အများကြီး ဆိုတော့ အိပ်လို့တောင် မရဘူး။ ဟေ့ငါ့ကိုတော့ အရက်တိုက်ပြီး ဇွတ်မခိုင်းနဲ့၊ ကဖြစ်အောင် ကမယ်ဆိုပြီး စကဖြစ်သွားတာ””လို့ သုံးကိုယ်တစ်စိတ် ကကွက်ပိုင်ရှင် ကိုကျော်မင်းက ပြောတယ်။

ကိုကျော်မင်းက ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်။ အနေအထိုင် အေးပြီး ရှက်ကြောက်တတ်တဲ့ လူပျိုကြီး အဖြစ် သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေက ပြောကြတယ်။ သူကိုယ်တိုင်လည်း ရှက်ကြောက်တတ်တာကို ၀န်ခံပေမယ့် အခုတော့ အလှူတကာမှာ လှည့်ပြီး ကပြ ဖျော်ဖြေနေတဲ့သူ ဖြစ်လာတယ်။

နေ့လယ် (၁၂) နာရီလောက်က စတင်လှည့်ခဲ့တဲ့ ရှင်လောင်း လှည့်ပွဲက ညနေ (၅) နာရီကျော်မှာ အလှူ့ရှင်အိမ်ကို ပြန်ရောက် ပြီးတဲ့နောက် သူနဲ့ စကားပြောခွင့်ရတာပါ။ အလှူ့ရှင် အိမ်ရောက်ပြီး သီချင်း သုံးပုဒ်လောက် ကပြ ဖျော်ဖြေတော့လည်း အားပေးသူ ပရိသတ်က ရှိနေဆဲ။ အရုပ်တွေကို ပြန်သိမ်း၊ အင်္ကျီအ၀တ်အစားတွေကိုလဲပြီး မျက်နှာသစ်နေတဲ့ အချိန်ထိ ကလေးတချို့က သူ့ နောက်တစ်ကောက် ကောက်လိုက်ပြီး စိတ်ဝင်တစား စပ်စုနေကြဆဲ။

““တံခွန်တိုင် (ရွာနာမည်) ပွဲကို အပြင် လောကမှာ ပထမဆုံးက ဖူးတာ။ အလတ်စား စက်မှုလက်မှု ကထိန်ပေါ့။ အဲဒီမှာစပြီး ကဖြစ်တာ၊ အခကြေးငွေနဲ့ စတာ အဲဒီမှာစတာ”” လို့ ကိုကျော်မင်းက ပြောတယ်။

အခုအခါမှာတော့ သူက မျက်နှာက သနပ်ခါးတွေကို ဖျက်ထားပြီး ရှပ်အင်္ကျီနဲ့ ပုဆိုးကို မြန်မာဆန်ဆန်ပဲ ၀တ်ထားတယ်။ အဖွဲ့သား အချို့ကတော့ သူတို့ရဲ့ပစ္စည်း ကိရိယာတွေကို ထော်လာဂျီပေါ် ပြန်တင်ပြီး သိမ်းဆည်းနေတာ တွေ့ရတယ်။

သူတို့ အကအဖွဲ့ အောင်မြင် လာတာကလည်း မမျှော်လင့်ဘဲ ဖြစ်ခဲ့တာလို့ ဆိုရမယ်။ မြစ်ငယ်မြို့မှာ အစိုးရရဲ့ မီးရထားတွဲပြင် စက်ရုံရှိတယ်။ စက်ရုံ ၀န်ထမ်းတွေကိုချည်း သီးသန့် နေရာချထားတဲ့ ပန်းနာမည်နဲ့ ရပ်ကွက်တွေ ရှိတယ်။ မြစ်ငယ်မြို့ မဟာဘုံကထိန်က မြန်မာနိုင်ငံမှာ အစည်ကားဆုံး၊ အကြီးကျယ်ဆုံး ဘုံကထိန်တွေထဲမှာ တစ်ခုပါဝင်တယ်။

နှစ်စဉ် နှစ်တိုင်း ကထိန်ခင်းတဲ့အခါ အတီးအမှုတ် အကအခုန်တွေနဲ့ သူ့ထက်ငါ အပြိုင်အဆိုင် ဆင်နွဲလေ့ရှိတယ်။ အဲဒီကထိန်ပွဲမှာ အပျော်သဘောနဲ့ အရုပ်တွေကို တီထွင်ပြီး အချင်းချင်း ပြိုင်ဆိုင် ကပြကြရာကနေ အခုတွေ့နေရတဲ့ သုံးကိုယ်တစ်စိတ် အကက တခြား အလှူတွေမှာ အခကြေးငွေနဲ့ လိုက်လံ ဖျော်ဖြေရတဲ့ အထိ အောင်မြင်လာတယ်။

““တကယ်တမ်း ဒီအကကို စထွင်တာက ကျွန်တော်တို့ မဟုတ်ဘူး။ ထိုင်းမှာ အရင်ရှိပြီးသား။ ကျွန်တော် တို့ကတွေ့လို့ ကိုယ်ဘာသာကိုယ် အရုပ် ထွင်လိုက်တာ။ အကုန်လုံးကလည်း စက်ရုံ ၀န်ထမ်းတွေချည်းပဲ။ ကထိန်မှာ တစ်နှစ် တစ်ခါ ထူးထူး ဆန်းဆန်းလေးတွေ ဖြစ်ချင်လို့ လုပ်လိုက်တာ။ လုပ်ခွင့်လည်း ရပါတယ်။ ကထိန် ဆိုတာကတော့ ပြိုင်ကြ၊ ဆိုင်ကြ ဆိုတော့ သူ့ထက်ငါ ထူးထူးဆန်းဆန်းလေးတွေ လုပ်ကြတာပေါ့””လို့ အကအဖွဲ့သား တစ်ဦးဖြစ်တဲ့ ကိုကျော်စိုးလှိုင်က ပြောတယ်။

သူတို့ အကအဖွဲ့လေးမှာ အဖွဲ့ ၀င် (၁၀) ယောက်လောက်ရှိပြီး ၂၀၀၉ ခုနှစ်လောက်ကစပြီး အဖွဲ့လေး ဖြစ်လာခဲ့တာပါ။ လက်ရှိမှာ သုံးကိုယ်တစ်စိတ် အရုပ်၊ ဂေါ်ဇီလာ အရုပ်၊ ကင်းကောင်အရုပ်နဲ့ ခေါင်းလောင်း အရုပ်တွေ ရှိတယ်။ မိန်းကလေးတစ်ဦးကို လှောင်အိမ်ထဲမှာ ထည့်ပြီး ကိုင်ထားတဲ့ ကင်းကောင် အရုပ်နဲ့ သုံးကိုယ်တစ်စိတ် အရုပ်တွေကတော့ လူကြိုက် အများဆုံး ဖြစ်ပြီး ပြင်ပက ငှားရမ်းမှုတွေလည်း အများဆုံး ဖြစ်တယ်။

သုံးကိုယ်တစ်စိတ် အရုပ်ကတော့ နောက်ဆုံးမှာမှ ပြုလုပ်ခဲ့တဲ့ အရုပ်ဖြစ်ပေမယ့် အခုချိန်မှာတော့ အအောင်မြင်ဆုံးနဲ့ ပွဲရေ အများဆုံး ကရတဲ့ အရုပ် ဖြစ်လာခဲ့တယ်။ ၂၀၁၄ ခုနှစ်ကုန်ပိုင်း ကထိန်ရာသီမှာ စတင် ကပြခဲ့တဲ့ အဲဒီအရုပ်က အခု ၂၀၁၅ ခုနှစ် မတ်လကုန် အထိ ပွဲရေ (၂၅) ပွဲ ကခဲ့ရတယ်။

““ဒီအရုပ်တွေ လုပ်ရတာလည်း လွယ်ပါတယ်။ ဌာနမှာက အလေအလွင့် ပစ္စည်းတွေကလည်း ရှိတော့ အရုပ်မှာ သုံးလို့ရတဲ့ ဖော့တွေ၊ ကော်တွေသုံးပြီး လုပ်ရတာပေါ့။ အဓိက က စိတ်ကူးလေးပါပဲ””လို့ အဖွဲ့မှာ အရုပ်တွေ ပင်တိုင် ပြုလုပ်သူ ဖြစ်တဲ့ ကိုယဉ်ကြည်က ပြောတယ်။

အခုတော့ သုံးကိုယ်တစ်စိတ် ကကွက်နဲ့ လူသိများလာတဲ့ သူတို့ အဖွဲ့လေးက မြစ်ငယ်မြို့တစ်ဝိုက် အပြင် ရေနံချောင်း၊ မြင်းခြံ၊ မေမြို့၊ ရေဦး၊ မြင်းမူ စတဲ့ ဒေသတွေ အထိ လိုက်ကခဲ့ရပြီး သုံးကိုယ်တစ်စိတ် ကကွက်ပိုင်ရှင် ကိုကျော်မင်းလည်း ပွင့်လင်းရာသီမှာ ရုံးပိတ်ရက်တိုင်း လက်မလည်အောင်ကို ဖြစ်လာခဲ့တယ်။

““အဓိကကတော့ ပိတ်ရက်တွေပဲ ဦးတည် လုပ်ရတာပေါ့။ ကိုယ်က အစိုးရ ၀န်ထမ်းလည်း ဖြစ်နေတော့။ အဲဒီလိုမှ မရရင်တော့ ခွင့်ယူရတာပေါ့။ အရာရှိတွေကလည်း ခွင့်ပြုကြပါတယ်””လို့ ကိုကျော်မင်းက ဆိုတယ်။

သူရဲ့မိဘတွေကလည်း မီးရထား စက်ရုံမှာပဲ ၀န်ထမ်းတွေ အဖြစ် လုပ်ကိုင်ခဲ့ကြပြီး အငြိမ်းစား ယူခဲ့ကြသလို ကိုကျော်မင်းကလည်း မြစ်ငယ် မီးရထားတွဲ ပြင်စက်ရုံမှာ လက်သမား (ကျွမ်းကျင်၎) အဖြစ် လုပ်ကိုင်နေသူပါ။

ငယ်စဉ်ကတည်းက အတန်းပညာကို ပြီးဆုံးအောင် မသင်ကြား ဖြစ်ခဲ့ဘဲ လက်သမားအဖြစ် လိုက်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေက မီးရထားတွဲပြင် စက်ရုံမှာ ၀င်လုပ်တဲ့အခါ အများကြီး အထောက်အကူ ရခဲ့တယ်လို့ သူကဆိုတယ်။

ကိုကျော်မင်းက ““ငယ်ငယ်တုန်း ကတော့ အင်ဂျင်နီယာလိုမျိုး ဖြစ်ချင်ခဲ့တာ။ ဒါကြောင့်လည်း လက်သမား လိုက်လုပ်တာ။ ပညာကလည်း တစ်ပိုင်း တစ်စ ဆိုတော့လေ”” လို့ ငယ်ဘ၀အကြောင်း ပြန်ပြောပြတယ်။

သူ့ရဲ့ငယ်ဘ၀မှာ အများသူ ငါနည်းတူ ထူးထူးခြားခြား မရှိလှပေမယ့် အခုတော့ မြစ်ငယ်မြို့၊ မဉ္ဇူ ရပ်ကွက်မှာနေတဲ့ ကိုကျော်မင်းကို သုံးကိုယ်တစ်စိတ် အရုပ်နဲ့တွဲပြီး အနီးတစ်ဝိုက်မှာ နေထိုင်ကြသူတွေက ကောင်းကောင်း သတိထားမိလာကြပြီ။ သူကိုယ်တိုင်လည်း ဒီကကွက်မှာ နစ်မျောပြီး သဘောကျ လာတတ်ခဲ့ပြီ။ အသက် (၄၀) ကျော်မှ အကသမား တစ်ယောက်အဖြစ် အနုပညာပိုးက ၀င်ခဲ့ပြီ။

““တဖြည်းဖြည်းနဲ့တော့ ၀ါသနာက ပါလာတယ်။ ပိုပြီး ထူးခြား သွားတာက ဘယ်ဟာလူ၊ ဘယ်ဟာ အရုပ်ဆိုပြီး ရုတ်တရက် ခွဲခြားမရအောင် လှည့်စားနိုင်တယ်ဆိုတဲ့ Mood ကလေးရတော့ ပိုပျော်တယ်”” လို့ သူဆိုတယ်။

လက်ရှိမှာတော့ သုံးကိုယ်တစ်စိတ် ကကွက်နဲ့ လိုက်ဖက်တဲ့ နိုင်ငံခြား သီချင်း ငါးပုဒ်ပဲ လေ့ကျင့် ထားနိုင်ပါသေးတယ်။ အရုပ်ရဲ့ ဒီဇိုင်း အနေအထားအရလည်း ကချင်တဲ့ ကကွက်တိုင်းကို စိတ်လွတ် ကိုယ်လွတ် ကခုန်လို့ရတဲ့ အနေအထားမျိုး မရှိကြောင်း သူက ရှင်းပြတယ်။ ခုန်ပေါက်တာ၊ လက်နဲ့ ခြေထောက်တွေကို အတွင်းဘက်ကို ဆွဲယူဝေ့၀ိုက်တဲ့ အကမျိုးတွေမှာ အရုပ်တွေ အားလုံး ဟန်ချက်ညီအောင် စိတ်ကြိုက် လုပ်လို့ မရနိုင်တာ တွေ့ရတယ်။

အရုပ်ကို အနီးကပ် လေ့လာ ကြည့်တဲ့အခါ လက်ရာက ကြမ်းပါတယ်။ အဝေးကနေ ရုတ်တရက် ကြည့်လိုက်ရင် လူနဲ့အရုပ် ခွဲခြား မသိနိုင်ပေမယ့် အနီးကပ် ကြည့်တဲ့အခါ လက်ရာမှာ အားနည်းချက်တွေ ရှိနေတယ်။ ဒါကလည်း ဘုံကထိန်မှာ အပျော်သဘောသက် သက်နဲ့ ကိုယ့်စက်ရုံတွင်းမှာ ရရာ ပစ္စည်းနဲ့ ကြံဖန် လုပ်ကိုင်ခဲ့ရတာကြောင့် ဖြစ်ပါလိမ့်မယ်။ အရုပ်တွေကို ဒီ့ထက်ပိုကောင်းအောင် လုပ်နိုင်ရင်၊ ကကွက်တွေ ပိုပြီး တီထွင်နိုင်ရင် ပိုပြီးအောင်မြင်လာ လိမ့်မယ်လို့ ကျွန်တော် တွေးမိတယ်။

တဖြည်းဖြည်းနဲ့ အပျော်သဘော ကနေ Professional ဘက်ကို ရောက်လာတဲ့ သူတို့ အဖွဲ့အနေနဲ့လည်း အဲဒီအချက်ကို ကောင်းကောင်း သတိထားမိကြမယ် ထင်ပါတယ်။

““ပထမဆုံးစပြီး ကတော့ အောက်က အ၀တ်တွေ မခံထားတော့ သံချောင်းတွေက လူ့အသားကို ပွန်းတာလေ။ နောက်ပိုင်းတော့ လိုတဲ့ နေရာတွေမှာ အခုအခံတွေ ထားတာ၊ ဘောင်းဘီ တစ်ထည် ထပ်ဝတ်တာမျိုးတွေ လုပ်ရတယ်”” လို့ ညာဘက် ခြေချင်းဝတ်က အမာရွတ်လေးကို ညွှန်ပြရင်း ကိုကျော်မင်းက ဆိုတယ်။

အတတ်နိုင်ဆုံး ပေါ့ပါးအောင် ပြုလုပ် ထားပေမယ့် အရုပ်နှစ်ရုပ်နဲ့ သံချောင်းတွေရဲ့ စုစုပေါင်း အလေးချိန် (၁၀) ပိဿာလောက်ကို ထမ်းပိုး ပြီး နေပူပူအောက် အချိန်နေ့ တစ်ပိုင်းလောက် လမ်းလျှောက် ကခုန်ရတဲ့ အလုပ်က သိပ်တော့ မလွယ်ကူမှန်း ကျွန်တော် ခန့်မှန်းမိပါတယ်။

““အဓိက အလုပ်ကတော့ မီးရထား လုပ်ငန်းပါပဲ။ ဒါကတော့ ၀ါသနာအရ လိုက်ကတဲ့ သဘောပါ။ မီးရထားမှာ ကတော့ အသက်ကြီးတဲ့ အထိ လုပ်ရမှာပါပဲ။ ကတာကိုလည်း ကနိုင်တဲ့ အထိ လိုက်ကနေမှာပါပဲ”” လို့ ကိုကျော်မင်းက ဆိုပါတယ်…။

the messenger

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...