စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အပူကြောင့်ဖြစ်ပေါ်တတ်သော ရောဂါဝေဒနာများ


နိဒါန်း

လူများစွာတို့အတွက် နွေရာသီကာလဆိုတာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ ခရီးသွားရက်၊ အပန်းဖြေရက်ဖြစ်ပါတယ်။ တစ်နည်းပြောရပါက လေအေးပေးစက်များ တပ်ဆင်ထားတဲ့ ရုံးခန်း၊ အိမ်ဧည့်ခန်းတွေထဲက အပြင်နေပူထဲ အထွက်များတဲ့ကာလ ဖြစ်ပါတယ်။

အဲဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများတဲ့ ကာလ၊ အအေးဓာတ်သင့်တင့်အောင်မရှိတဲ့ ပတ်ဝန်းကျင်မှာ အနေများတဲ့ကာလဖြစ်ပါတယ်။ အဲဒီမှာ ပူပြင်းလွန်းတဲ့ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့အခါ လူအတော်များများမှာ နေရောင်ခြည်နဲ့ ဆက်စပ်တဲ့ဖျားနာမှုတွေကို ခံစားကြရပါတော့တယ်။

အပူဒဏ်ခံရမှုအပေါ် ခန္ဓာကိုယ်တုံ့ပြန်မှု

နေပူထဲတွင် အလုပ်လုပ်ကြရသူများ၊ သွားလာနေထိုင်ကြသူများအနေနဲ့ အပူဒဏ်ခံစားရမှု အနည်းအများဟာ သဘာဝရေးရာအခြေအနေလေးမျိုးအပေါ်မှာ မူတည်နေပါတယ်။ အဲဒါတွေက တော့ (၁)အပူချိန်၊ (၂)ရေငွေ့၊ (၃)အပူရှိန်နဲ့ လေတိုက်နှုန်းတို့ဖြစ်ကြပါတယ်။ အထူးသဖြင့် နှလုံးရောဂါရှိသူများ၊ water pills ဆောင်ထားရသူများအနေနဲ့ အပူဒဏ်ခံစားရမှုဟာ ပိုမိုဆိုးရွားတတ်ပါတယ်။

အမှန်တော့ လူ့ရဲ့ခန္ဓာကိုယ်ဟာ ပြင်ပအပူဒဏ်ကို ခုခံကာကွယ်ဖို့ သုံးမျိုးသုံးစားဆောင်ရွက်ပေးလေ့ရှိပါတယ်။ ဒါတွေကတော့ အသက်ရှူခြင်း၊ ချွေးထွက်ခြင်းနဲ့ သွေးလည်ပတ်မှုကို ပြောင်းလဲပေးခြင်းတို့ ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် ပြင်ပအပူရှိန်မြင့်တက်လာပါက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုတွေဟာ မြန်ဆန်လာတတ်ကြပါတယ်။ ယင်းမှတစ်ဆင့် အရေပြားအပူချိန်တွေကို တိုးမြှင့်လာစေပြီး ခန္ဓာကိုယ်တွင်းမှ ပိုလာတဲ့အပူတွေကို ပြင်ပသို့စွန့်ထုတ်ပေးစေပါတယ်။ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ကြရတဲ့အခါ ခန္ဓာကိုယ်ရှိကြွက်သားများဟာ သွေးစီးဆင်းမှု ပိုမိုလိုအပ်လာပါတယ်။ အဲဒီအချိန်မှာ ခန္ဓာမှလွှတ်ပေးနေတဲ့ အရေပြားရဲ့ သွေးစီးဆင်းမှုအတွက် လိုအပ်တဲ့သွေးပမာဏကို လျော့ကျစေပြီး ခန္ဓာကိုယ်မှအပူများ အပြင်ကိုစွန့်ထုတ်စေပါတယ်။

ချွေးထွက်ခြင်းဟာလည်း ခန္ဓာကိုယ်ရဲ့ အပူချိန်များကို ကျဆင်းစေပြီး အအေးဓာတ်ကိုရစေပါတယ်။ ဒါဟာလည်း ပြင်ပလေထုစိုထိုင်းဆတွေဟာ လျော့နည်းနေပြီး ထွက်လာတဲ့ချွေးတွေကို အငွေ့ပြန်စေနိုင်မှသာဖြစ်နိုင်ပြီး အဲဒီချွေးတွေ အငွေ့ပြန်သွားလို့ လျော့နည်းကျသွားတဲ့ ဆားဓာတ်နဲ့ ရေဓာတ်တွေကို ပြန်လည်အစားထိုး ဖြည့်ဆည်းပေးနိုင်မှသာ ဖြစ်နိုင်ပါတယ်။

(၁) အပူဒဏ်ဖိစီးခံရမှု (Heat Stress)

လူရဲ့ခန္ဓာကိုယ် အပူချိန်ဟာ မြင့်မားပါက အပူဒဏ်ဖိစီးခံရမှု (Heat Stress)ကို ခံစားကြရပါတယ်။ အပူဒဏ်ဖိစီးခံရတဲ့သူတစ်ဦးဟာ အပူနဲ့ပတ်သက်တဲ့ ဝေဒနာမျိုးစုံကို ကြုံတွေ့ရတတ်ပါတယ်။ Heat exhaustion, Heat stroke, Heat cramps, fainting, Heat rash စတာတွေဖြစ်ပါတယ်။ အမှန်မှာတော့ လူအများစုဟာ ဒီအပူနဲ့ပတ်သက်တဲ့ ဝေဒနာတွေကို ကွဲကွဲပြားပြားမသိကြဘဲ ရောထွေးနေတတ်ကြပါတယ်။ အမှန်မှာတော့ ခွဲခြားသိဖို့လိုအပ်ပါတယ်။

အပူဒဏ်ဖိစီးခံရမှုဟာ အပူဆိုင်ရာပြဿနာတွေထဲမှာ အဆိုးရွားဆုံးဝေဒနာတစ်ခု မဟုတ်သော်ငြားလည်း အဖြစ်အများဆုံးသော ဝေဒနာတစ်ခုဖြစ်ပါတယ်။ ဒီဝေဒနာကို အလုပ်သမားတစ်ဦးဟာ ချွေးထွက်လွန်လာချိန်တွင် ရေအလုံအလောက်မသောက်ရပါက (ဒါမှမဟုတ်) ထွက်သွားတဲ့ ချွေးများအတွက် ဆားဓာတ်အလုံအလောက် ပြန်လည်မရရှိပါက ဖြစ်တတ်သော ဝေဒနာဖြစ်ပါတယ်။ များသောအားဖြင့် သက်ဆိုင်ရာလူနာဟာ အားဖျော့လာခြင်း၊ အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်လာခြင်း၊ ချွေးများဖြင့် စိုရွှဲလာခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

ရောဂါသွင်ပြင်လက္ခဏာများ

ချွေးထွက်လွန်ခြင်း၊ မောပန်းနွမ်းနယ်၍ အားနည်းလာခြင်း၊ ကိုယ်အပူချိန်အနည်းငယ်မြင့်တက်လာခြင်း၊ အသားအရေဖြူဖပ်ဖြူရော်ဖြစ်လာပြီး သွေးဆုတ်လာခြင်း။

ရှေးဦးသူနာပြုဆောင်ရွက်သင့်သောအရာများ

(က) အေးသောနေရာတွင် နားနေပါ။ (ခ) အားကစားသမားများ သုံးဆောင်သော အားဖြည့်အချိုရည်တစ်မျိုးမျိုးကို သောက်သုံးပါ။ (ဂ) အကယ်၍ အော့အန်ခြင်း၊ အသားအရေသွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်လာပါက ဆရာဝန် ဆေးခန်းနဲ့ အမြန်ဆုံးပြသပြီးကုသမှုခံယူပါ။

(၂) Heat stroke

အပူကြောင့် ဖြစ်ပေါ်သော ဝေဒနာများတွင် အဆိုးရွားအပြင်းထန်ဆုံးဝေဒနာဖြစ်ပြီး နေပူထဲတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်နေသော အလုပ်သမားများတွင် အများဆုံး ဖြစ်ပေါ်လေ့ရှိသော်လည်း အဖြစ်များလေ့မရှိပါ။ လူရဲ့ခန္ဓာကိုယ်က ပင်မအပူချိန်တွင် ထိန်းထားနိုင်ရန် သွေးလည်ပတ်မှုမပြုနိုင်တဲ့အခါမှာ ဖြစ်လေ့ရှိတဲ့ ဝေဒနာဖြစ်ပါတယ်။ အဲဒီအခါမျိုးမှာ လူ့ခန္ဓာကိုယ်ဟာ ချွေး မထွက်နိုင်တော့တဲ့အတွက် ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့အပူတွေကို မစွန့်ထုတ်နိုင်တဲ့အတွက် ရရှိလာတဲ့ဝေဒနာဖြစ်ပါတယ်။ မှန်ကန်တဲ့ ကုသမှုကို အမြန်ဆုံးမရရှိနိုင်ပါက အသက်သေဆုံးရလေ့ရှိပါတယ်။

ရောဂါလက္ခဏာများ

စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ သွေးဆုတ်ခြင်း၊ delirium, seizures ခန္ဓာကိုယ်အပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်နေခြင်း၊ ကိုယ်ပူခြင်း၊ အသားအရေခြောက်ခန်းခြင်း၊ အသားများနီရဲခြင်း၊ အသားများပြာနှမ်းလာခြင်း။

ရှေးဦးသူနာပြု ဆောင်ရွက်ရမည့် အရာများ

အရေးပေါ်သူနာပြုကားကို ခေါ်ဆိုပါ။ လူနာအား အေးသောနေရာတစ်ခုသို့ ပြောင်းရွှေ့ထားပါ။ အအေးဆွတ်ထားသော ရေဝတ်တိုက်ပေးခြင်းအားဖြင့် လူနာအား စိုစွတ်နေပါစေ။ လူနာအား လေအေးစက်၊ ပန်ကာလေဖြင့် အပူချိန်ကျအောင် ဆောင်ရွက်ပေးပါ။

(၃) Heat cramps

ကြွက်သားများ မခံမရပ်နိုင်အောင် နာကျင်မှုကိုခံစားရတဲ့ဝေဒနာဖြစ်ပါတယ်။ ရောဂါဖြစ်ရတဲ့အကြောင်းရင်းမှာ အလုပ်သမားများဟာ အလွန်မောပန်းလို့ ချွေးထွက်လွန်လာသောအခါ ရေကို အများအပြားသောက်သော်လည်း ထွက်သွားတဲ့ချွေးများရဲ့နေရာကို ဆားဓာတ်မဖြည့်ဆည်းပေးနိုင်တဲ့အတွက် ဖြစ်ရတဲ့ဝေဒနာဖြစ်ပါတယ်။ အလုပ်လုပ်ရာတွင် အသုံးများသော ခန္ဓာကိုယ်ရဲ့ကြွက်သားများဟာ cramps အများဆုံးခံစားကြရပါတယ်။

ရောဂါလက္ခဏာများ

ကြွက်သားများ cramps or spasms ဖြစ်ခြင်း။ အလုပ်လုပ်နေ စဉ်အတွင်း (သို့မဟုတ်) အလုပ်လုပ်ပြီးမှ ဖြစ်ပေါ်တတ်လေ့ရှိပါတယ်။

ရှေးဦးသူနာပြုဆောင်ရွက်ရမည့် အရာများ

အားကစားသမားများအသုံးပြုသော အားဖြည့်အချိုရည်တစ်ခုခုကို သောက်သုံးပါ။ မသက်သာပါက ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံ၊ သူနာပြုကားတို့ကို အကြောင်းကြားပါ။

(၄) သွေးဆုတ်ယုတ်ခြင်း

နေပူထဲတွင် အလုပ်လုပ်လေ့မရှိသူများ နေပူအတွင်း အလုပ်လုပ်မိသောအခါ (သို့မဟုတ်) နေပူထဲတွင် ကြီးကြပ်ရေးအလုပ် လုပ်မိသောအခါ ဖြစ်တတ်သောဝေဒနာဖြစ်ပါတယ်။ အများအားဖြင့် နေပူအတွင်း အချိန်ကြာမြင့်စွာရပ်တန့်နေခြင်းထက် တစ်နေရာမှတစ်နေရာ ရွှေ့ပြောင်းလျှောက်သွားနေခြင်းက များသောအားဖြင့် သွေးဆုတ်ယုတ်မှုဖြစ်ပေါ်စေမှုကို လျော့ကျစေတတ်ပါတယ်။

ရောဂါလက္ခဏာများ

ခေတ္တခဏမျှ သတိလစ်သွားတတ်ခြင်း၊ ခန္ဓာကိုယ်တွင် သာမန်အပူချိန်မျှသာရှိနေသော်လည်း ချွေးထွက်များနေတတ်ခြင်း၊ Heat stroke, Heat exhaustation ဝေဒနာလက္ခဏာများ မတွေ့ရတတ်ခြင်း။

ရှေးဦးသူနာပြုဆောင်ရွက်ရမည့်အရာများ

အေးသောနေရာတစ်ခုခုတွင် လဲလျောင်းနေပါ။ အချိန်အတန်ကြာသည်အထိ လဲလျောင်းနေသော်လည်း သက်သာမှုမရှိပါက ဆေးကုသမှုခံယူပါ။

(၅) Heat rash

Rash ကို Pricky heat ဟုလည်း ခေါ်ဝေါ်ကြပါတယ်။ လေထုသည် ပူအိုက်စွတ်စိုနေသောအခါ အလုပ်လုပ်နေသူတစ်ဦးဟာ ချွေးများထွက်လာတဲ့အခါ အလွယ်တကူ အငွေ့မပြန်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပေါ်ရတဲ့ဝေဒနာဖြစ်ပါတယ်။

အဆိုပါ rash ဧရိယာဟာ ကြီးမားကျယ်ပြန့်လာပါက အလွန်အခံရခက်စေတဲ့ဝေဒနာကို ခံစားကြရပါတယ်။ အေးတဲ့နေရာတစ်ခုမှာနေပြီး အရေပြားကို ခြောက်သွေ့အောင်လုပ်ပေးခြင်းအားဖြင့် Heat rash ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ရောဂါသွင်ပြင်လက္ခဏာများ

အရေပြားအပေါ်တွင် အနီရောင်၊ ပန်းနုရောင် အစက်အပြောက်များပေါ်လာခြင်း၊ အဆိုပါအစက်အပြောက်များမှ အခံရခက်လာခြင်း အရေပြားများယားယံလာခြင်း။

ရှေးဦးသူနာပြုဆောင်ရွက်ရမည့်အရာများ

အသားအရေကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ ပွသော အဝတ်အစားများဝတ်ဆင်ပါ။ ရေအေးဖြင့်ရေချိုးခြင်း၊ လေအေးပေးစက်ဖြင့်နေထိုင်ခြင်းတို့က ဝေဒနာသက်သာမှုကို များစွာအထောက်အကူပြုပါတယ်။ သင့်လျော်သော အသားအရေစိုပြည်စေသော လိမ်းဆေးများကို အသုံးပြုပါ။

နိဂုံး

အပူနဲ့ပတ်သက်လို့ သတိပြုဖွယ်ရာများကို ဖော်ပြပေးခြင်းသာ ဖြစ်ပါတယ်။ အသက်ကိုဉာဏ်စောင့်ဆိုသော စကားကို သတိထားကြပြီး အပူဒဏ်ပြင်းနေသောကာလတွင် အပူကြောင့်ဖြစ်တတ်သော ရောဂါဝေဒနာများမှ ကင်းလွတ်နိုင်ကြပါစေလို့ နှစ်သစ်မင်္ဂလာဆုတောင်းအဖြစ် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

(၀န်ခံချက်။ အပူရှိန်ကြောင့် ကျွန်တော့်မြေးအငယ်မလေး ဖျားခဲ့ပါတယ်။ သားသမီးချင်း၊ မြေးအချင်းချင်း ကိုယ်ချင်းစာစိတ်ဖြင့် ဒီဆောင်းပါးကို ကျွန်တော်ရေးပါတယ်။ တကယ်တော့ ကျွန်တော်ဟာ ကျန်းမာရေးပညာရှင်မဟုတ်ပါ။)

7daydaily

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...