စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကင်ညာတက္ကသိုလ် စီးနင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ အရေအတွက် (၁၄၇)ဦးထိ မြင့်တက်လာ

ကင်ညာရှိ တက္ကသိုလ် တစ်ခုကို အယ်လ်ရှာဘက် စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုအတွင်း သေဆုံးသူ အရေအတွက်သည် (၁၄၇)ဦးထိ မြင့်တက်လာကြောင်း အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဧပြီ ၂ ရက်က ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဂါရစ်ဆာ တက္ကသိုလ်ဝင်းထဲသို့ မျက်နှာဖုံးစွပ် လက်နက်ကိုင်များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူအများအပြား သေဆုံး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ အစိုးရက ကျောင်းပရဝုဏ်ကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားသည့် စစ်ဆင်ရေးမှာ ယခုအခါ ပြီးပြတ်သွားပြီဟု ကြေညာခဲ့ပြီး သေနတ်သမား လေးဦးကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ဆိုသည်။

လက်ရှိ စာရင်းများအရ သေဆုံးသူ (၁၄၇)ဦးရှိပြီး (၇၉)ဦး ဒဏ်ရာများ ရရှိကာ ကျောင်းသူကျောင်းသား (၅၈၇)ဦး လွတ်မြောက်ခဲ့ကြောင်းလည်း သိရှိရသည်။ သေနတ်သမားများသည် AK 47 မောင်းပြန်ရိုင်ဖယ်များကို အသုံးပြုခဲ့ပြီး အသေခံ ဗုံးခွဲအင်္ကျီများကို ဝတ်ဆင်လာခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဂျိုးဆက် ကိုင်ဆာရီက အကြမ်းဖက်သမားများသည် ၎င်းတို့၏ စီးနင်းတိုက်ခိုက်မှု ပြီးဆုံးချိန်တွင် မိမိကိုယ်ကိုယ် အသေခံ ဖောက်ခွဲလိုက်ကြကြောင်း APသတင်းဌာနသို့ ပြောကြားခဲ့သည်။ အသေခံ ဗုံးခွဲရာတွင် အစအနများ လွင့်စင် ထိမှန်သဖြင့် ကင်ညာ လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာ ရရှိခဲ့သည်။

သတင်းအချို့က အကြမ်းဖက်သမားများသည် ရဲများ ချဉ်းကပ်လာချိန်တွင် အသေခံ ဗုံးခွဲလိုက်ခြင်းဟု ဖော်ပြကြပြီး အချို့ကမူ သေနတ်ကျည်ဆန် ထိမှန်သဖြင့် ဖောက်ခွဲရေး ပစ္စည်းများ ထပေါက်ကွဲခြင်းဟု ဆိုသည်။ မည်သည့်အချက် အမှန်ဖြစ်သည်ကိုမူ လက်ရှိအခြေအနေတွင် ကွဲကွဲပြားပြား မသိရသေးချေ။

အဆိုပါ တိုက်ခိုက်မှု အပြီးတွင် ကင်ညာတစ်နိုင်ငံလုံး၌ သန်းခေါင်ယံ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားလိုက်သည်။ အယ်လ်ရှာဘက် စစ်သွေးကြွများ အဓိက ခိုအောင်းနေရာ ဆိုမာလီယာ နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော ဒေသကြီး လေးခုတွင်မူ နေဝင်ချိန်မှစကာ အရုဏ်တက်ထိ အပြင်မထွက်ရ အမိန့်ကို အရေးပေါ် ထုတ်ပြန်လိုက်သည်။

တက္ကသိုလ် တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိသူများအနက် (၉)ဦးမှာ အခြေအနေ ဆိုးရွားပြီး ကုသမှုများ ခံယူရန် နိုင်ရိုဘီ မြို့တော်သို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။ အယ်လ်ရှာဘက် အကြမ်းဖက်သမားများသည် ဧပြီ (၂)ရက်၊ ဒေသစံတော်ချိန် နံနက်ပိုင်း၌ တက္ကသိုလ်ထဲ ဝင်ရောက်ကာ ကျောင်းသူကျောင်းသား အချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး လုံခြုံရေး အစောင့်နှစ်ဥိးကို ပစ်သတ်ခဲ့သည်။

ထို့နောက်တွင် ကျောင်းပရဝုဏ်အတွင်း လှည့်လည်သွားလာကာ မြင်သမျှကို ပစ်ခတ်ခဲ့သလို စာမေးပွဲဖြေရန် ပြင်ဆင်နေသည့် ကျောင်းသူကျောင်းသား အချို့လည်း စာသင်ခန်းထဲတွင်ပင် ပစ်သတ်ခံခဲ့ရသည်။ ယခုလုပ်ရပ်ကို အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ်အဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ရှုတ်ချ ပြောကြားခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် အစွန်းရောက် အကြမ်းဖက်မှုများကို ကင်ညာနိုင်ငံက တွန်းလှန် တိုက်ခိုက်ရေးအတွက် ကူညီသွားရန် အသင့်ရှိနေကြောင်း ကတိပြုခဲ့သည်။

အမေရိကန်က အစိုးရကလည်း အယ်လ်ရှာဘက်တို့ကို တိုက်ခိုက်ရာတွင် လိုအပ်သော အထောက်အပံ့များ ပေးသွားမည်ဟု ကင်ညာ အစိုးရကို ကမ်းလှမ်းခဲ့သည်။ ကင်ညာအစိုးရက ယခုတိုက်ခိုက်မှုကို အဓိက ကြိုးကိုင်သူမှာ အယ်လ်ရှာဘက် ထိပ်တန်း စစ်ခေါင်းဆောင် တစ်ဦးဖြစ်သည့် မိုဟာမက် ကူနိုဖြစ်ကြောင်း စွပ်စွဲထားသည်။

BBC၏ အဆိုအရ ကူနိုသည် ဂါရစ်ဆာရှိ အစ္စလာမ်မစ် ဘာသာရေး ကျောင်းတစ်ကျောင်းတွင် ၂၀၀၇ ခုနှစ်ထိ ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ဖူးကြောင်း သိရသည်။ အယ်လ်ရှာဘက် အဖွဲ့က မိမိတို့သည် ကင်ညာနှင့် စစ်ဖြစ်နေသည်ဟု ခံယူပြီး ယင်းအတွက် ယခုလို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ကင်ညာ အစိုးရ တပ်ဖွဲ့များသည် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများ ဖြတ်ကျော် ဝင်ရောက်လာနိုင်သည်ကို တားဆီးရန်အတွက် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ဆိုမာလီယာ နယ်နိမိတ်ထဲ ဝင်ရောက် တပ်စွဲထားခဲ့သည်။ နယ်စပ်တွင် ကင်ညာတပ်များ နေရာယူထားခြင်းဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပြန်ပေးဆွဲမှုများကို ဟန့်တားရန် အထောက်အပံ့ ဖြစ်စေမည်ဟု မျှော်လင့်ခဲ့သော်လည်း အဆိုပါ ဒေသများတွင် စိတ်ကြိုက် ခြယ်လှယ်နေသည့် အယ်လ်ရှာဘက်တို့ အနေဖြင့်မူ ကင်ညာအပေါ် မျက်မုန်းကျိုးစရာ ဖြစ်လာခဲ့သည်။
_Ref: BBC

http://www.7daydaily.com/story/35024#.VR6npy7dXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...