စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွေးချယ်မှု လမ်းမှန်ပါစေ


တက္ကသိုလ်ရိပ်သာလမ်းသစ်မှအပြန် ကုက္ကိုင်းလမ်းဆုံကားလမ်းကူးမည့်စာရေးသူ၏ ခြေလှမ်းတို့သည် ရုတ်တရက်နောက်ကျောဘက်ဆီမှ “အန်တီသမီးကိုတစ်ခုလောက် ကူညီပါလား” ဆိုသောအသံ ကြောင့် တုံ့ခနဲရပ်သွားခဲ့ရသည်။ လှည့်ကြည့်လိုက်တော့ ဖြူဖြူသွယ်သွယ် အသက်နှစ်ဆယ်ကျော်မိန်း ကလေးတစ်ယောက်။ ဒါနဲ့စာရေးသူက “ပြောကြည့်လေ” ဟုဆိုလိုက်မိသည်။

“သမီးမနက်ကတည်းက တစ်နေရာပြီးတစ်နေရာ အလုပ်လိုက်လျှောက်နေတာ၊ အခုအဆောင်ကို မပြန်တတ်တော့လို့ စံရိပ်ငြိမ်မှာနေပါတယ်” ဟု ဆိုလာသည်။ “အန်တီလဲလှည်းတန်းပြန်မှာ လမ်းသင့် တာပဲလိုက်ခဲ့” ဟု ပြန်ပြောလိုက်ပြီး နှစ်ယောက်သား ကားဂိတ်သို့လာခဲ့ကြသည်။ လမ်းတွင်ကလေးမ က “အန်တီရယ် အလုပ်တစ်ခုရဖို့က မလွယ်လိုက်တာ၊ နားရက်မရှိ။ night duty ဆင်းရမယ်။ လခက ခုသောင်းပဲရမယ်” ဟုညည်းညူသလိုမျိုးနဲ့ စကားစပြောလာသည်။ ဒါနဲ့စာရေးသူလည်း သိလိုစိတ်နဲ့ “night duty ဆင်းရမယ်ဆိုတော့ ဘယ်အလုပ်မို့လို့လဲ” ဟုပြန်မေးရာ “nurse ပါအန်တီ” ဟုဖြေလေ သည်။ “ဒါဆိုသမီက ဘာနဲ့ကျောင်းပြီးတာလဲ” ဟု ဆက်မေးလိုက်ရာ “Law နဲ့ကျောင်းပြီးထားပါတယ်” ဟုဆိုပါသည်။

စာရေးသူအံ့သြသွားသည်။ Law နဲ့ nurse ဘာဆိုင်လို့လဲဟု တွေးမိလိုက်သည်။ ဆက်ပြီး သူမက “သမီး Law နဲ့ကျောင်းပြီးတယ်။ ဒါကလဲဝါသနာပါလို့ မဟုတ်ပါဘူး။ ရတဲ့အမှတ်နဲ့ မိဘတွေယူခိုင်းတာ ယူလိုက်ရတာပါ။ ကျောင်းပြီးတော့ အပြင်သူနာပြုအကူသင်တန်းတက်တယ်။ ပြီးတာနဲ့အလုပ်ရမယ်ဆို လို့တက်လိုက်တာ။ ဒါပေမဲ့တစ်လသုံးလေးရက်တည်း အလုပ်ရတယ်။ ဒါကြောင့်တခြားအလုပ်ကို လိုက်လျှောက်တာပါ။ သမီးရွေးချယ်တဲ့လမ်း မှားသွားပါပြီ” ဟု သနားစရာအမူအရာနဲ့ မရပ်မနားတရ စပ်ပြောလာလေသည်။

စာရေးသူတွေဝေသွားသည်။ ကလေးမကိုလည်း သနားမိသည်။ “သမီးကိုအန်တီအကြံတစ်ခုပေးမယ်။ ရွေးချယ်စရာမရှိတဲ့အချိန်မှာရတဲ့ အလုပ်ကိုအကောင်းဆုံးလုပ်ပါ။ စေတနာထားပါ။ အပြုံးနဲ့ဆက်ဆံပါ။ ဒါဆိုသမီးရဲ့လူနာရှင်တွေက ဆေးရုံဆင်းတာနဲ့အိမ်မှာပါ ဆက်ခေါ်ရင် သမီးအဆင်ပြေသွားမှာပါ” ဟု နှစ်သိမ့်စကားဆိုလိုက်မိသည်။ “ကျေးဇူးပါပဲအန်တီ” ဟုပြောပြီး ဘတ်စ်ကားလာသည်နှင့် အတူစီးခဲ့ပြီး လှည်းတန်းအရောက် လမ်းခွဲခဲ့ကြလေသည်။

စာရေးသူတွေးမိသည်။ သည်နိုင်ငံမှာ ဘွဲ့ရအလုပ်လက်မဲ့တွေ၊ ရတဲ့ဘွဲ့နဲ့ လုပ်နေတဲ့အလုပ် ကိုက်ညီ မှုမရှိတာတွေ လွန်စွာပေါများသည်ကို တွေ့မြင်နိုင်ပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်လျော့နည်းခဲ့လို့ ရွေးချယ်မှုလမ်းမှားခဲ့ခြင်းကြောင့်ဟု ဆိုနိုင်ပါသည်။ စာရေးသူတို့နိုင်ငံမှာ တက္ကသိုလ်ဝင်တန်းအောင်သည်နှင့် အမှတ်များပါက မိမိတို့သားသမီးကို ဆရာဝန်လိုင်းယူခိုင်းသည်။ ကလေးကဝါသနာမပါ။ ဒါပေမဲ့မိဘကို မလွန်ဆန်ရဲ။ မိမိဆန္ဒကို ထုတ်မပြောနိုင်ဖြစ်ကြရသည်။ ထို့ ကြောင့်ဆရာဝန်မဖြစ်ဘဲ လမ်းခုလတ်တွင် ရပ်ခဲ့ကြသည်က တစ်ပုံတစ်ပင်။ တချို့ကျပြန်တော့ ကလေးကဆရာဝန်ဖြစ်ချင်သည်။ မိဘက ငွေမြန်မြန်မြင်ချင်သည်။ ဒါကြောင့် ရေကြောင်းတက်ခိုင်း၍ သင်္ဘောသားဖြစ်စေခဲ့သည်။ ကလေးမှာဝါသနာပါတာကို လုပ်ခွင့်မရဘဲ ပင်လယ်ပြင်မှာဘဝပြီးဆုံးခဲ့ရ သည်။ တချို့ကျပြန်တော့လည်း ရတဲ့အမှတ်နဲ့ လက်လှမ်းမီတဲ့ ဘာသာကိုယူပြီး ကြုံရာအလုပ်ဝင်လုပ် ရတော့သည်။

ဒါတွေဟာ ကလေးတွေကို ငယ်စဉ်ကတည်းက စိတ်ဓာတ်ချိုးနှိမ်ခဲ့လို့ဖြစ်ရသည်ဟု ထင်မြင်မိပါသည်။ ကလေးသည် အရာရာကိုသိလိုသည်။ စမ်းသပ်လိုသည်။ စပ်စုသည်။ နှိုက်နှိုက်ချွတ်ချွတ်လည်းမေး တတ်ပါသေးသည်။ ဒါကိုမိဘနဲ့ဆရာတွေက နားလည်ပေးသင့်ပါသည်။ စာရေးသူငယ်စဉ်အခါ မြန်မာ ဖတ်စာတွင် သင်ကြားခဲ့ရသော နှိုက်နှိုက်ချွတ်ချွတ်ခေါင်းစဉ်သင်ခန်းစာကို သတိရမိသည်။ “ဖေဖေ သားသားတို့အပြင်သွားရင် ဖိနပ်စီးရပြီး ငှက်ကလေးတွေက ဘာလို့ဖိနပ်မစီးတာလဲ” ဟု အမေးမျိုး၊ “မေမေ ညီမလေးကိုမွေးတော့ ဆေးရုံမှာဆရာဝန်တွေနဲ့မွေးပြီး သားတို့အိမ်ကကြောင်မကြီးက ဘာလို့ သူ့ဟာသူမွေးတာလဲ” ဟူသော မေးခွန်းများကို ကလေးကမေးလာသည်။ ဖခင်ဖြစ်သူက စိတ်ရှည်ရှည် နဲ့ နားလည်သဘောပေါက်အောင် ပြန်ဖြေပေးသည့်အကြောင်း သင်ကြားခဲ့ရသည်။

အပြင်လောကတွင်တော့ ဤသို့မဟုတ်ပါ။ စူးစမ်းသိလို၍ မေးလာသောကလေးငယ်ကို “ငါအလုပ်ရှုပ် နေတဲ့အထဲ ဒီကလေးကဘာတွေလာမေးနေတာလဲ” ဟုအော်ငေါက်ပစ်တာတစ်မျိုး၊ “နားငြီးတယ်” ဆို ပြီးခေါင်းခေါက်လိုက်သည်ကတစ်ဖုံ တွေ့မြင်နိုင်ပါသည်။ စာဖတ်သူကိုယ်တိုင်လည်း ကြုံဖူးပါလိမ့်မည်။ ထို့အပြင်ဆရာ၊ ဆရာမများသည်လည်း တပည့်ငယ်၏အမေးကို “ငါရှင်းပြပြီးပြီ ထပ်မမေးနဲ့၊ ငါ့နည်းအ တိုင်းတွက်၊ တခြားနည်းဆို အမှတ်မပေးဘူး” ဆိုပြီး ပြောတတ်ကြပါသေးသည်။ ထိုအခါ စူးစမ်းအဖြေ ရှာလိုသောစိတ်၊ သိလိုသောခံစားမှုနှင့် ရင်ထဲကဆန္ဒတို့သည် ငယ်စဉ်ကတည်းက ပျောက်ကွယ်သွား ခဲ့ရလေသည်။ ဤသို့သော ကလေးငယ်များသည် ဘယ်သောအခါမျှ leader ဖြစ်မလာဘဲ follower အဆင့်၌သာ ရပ်တည်ခဲ့ကြသည်။ သည်လိုပြော၊ သည်လိုနေ၊ သည်လိုထိုင်၊ သည်ကျောင်းတက်၊ သည်အလုပ်လုပ်ဟူသော မိဘနှင့်ဆရာတို့၏ စီမံမှုအောက်တွင် ဘဝကျင်လည်ရတော့သည်။ ထို့ ကြောင့် ရွေးချယ်မှုလမ်းမှား၍ အဆင်မပြေမှုများနှင့် ကြုံတွေ့ရတတ်သည်ဟု ထင်မြင်ယူဆမိပါသည်။ ထို့ကြောင့် မိဘနှင့်ဆရာတို့သည် မိမိဆန္ဒကို ရှေ့တန်းမတင်ဘဲ တပည့်သားတို့၏သဘောထားနှင့် လိုလားချက်တို့ကို မေးမြန်းသင့်သည်။ ပြီးမှကျိုးကြောင်းဆီလျော်အောင်ရှင်းပြခြင်း၊ ဆုံးဖြတ်ခြင်းတို့ကို ပြုလုပ်သင့်ပါသည်။

အဆုံးဆိုရသော် ရရှိလာသော လူ့ဘဝခဏတာဝယ် လူသားတိုင်းသည် ရွေးချယ်မှုလမ်းမှန်သင့်သည်။ လူငယ်များသည် မိမိဆန္ဒအမှန်ကို ထုတ်ဖော်ပြောဝံ့သော စိတ်ကိုမွေးမြူရမည်။ မိဘများသည်လည်း ရင်သွေးငယ်၏စိတ်ဓာတ်ရဲရင့်အောင် ငယ်စဉ်မှစ၍ လေ့ကျင့်ပျိုးထောင်ပေးသင့်သည်။ ထိုအခါရွေး ချယ်မှုလမ်းမှန်ကန်၍ သာယာချမ်းမြေ့သော ဘဝခရီးကို ပျော်ရွှင်စွာလျှောက်လှမ်းနိုင်မည်ဟု ဆန္ဒပြုမိ ပါသည်။


Democracy Today Daily

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...