စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်္ကြန်ကာလ သတိပြုရန်

 
ဓာတ်ပုံ − နစ်ကီ
မြန်မာတို့၏ နှစ်ကူးအတာသင်္ကြန် မကြာမီရက်ပိုင်းအတွင်း ရောက်ရှိတော့မည်ဖြစ်သည်။ သင်္ကြန်ပွဲသည် မြန်မာတို့၏ ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သကဲ့သို့ တစ်နိုင်ငံလုံး အားလပ်ရက်အများဆုံးရရှိ၍ လည်ပတ်သွားလာပျော်မြူးကြသော အချိန်အခါလည်းဖြစ်သည်။ ကားနှင့်တစ်ဖုံ၊ ခြေကျင်တစ်သွယ်ဖြင့် သွားလာ၍အလှပြကြအချိန်အခါလည်းဖြစ်၏။

သို့သော် မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့လာပြီးနောက်ပိုင်း သင်္ကြန်နွေဦးကာလအပူချိန်သည် တဖြည်းဖြည်းမြင့်တက်နေပြီး  ခရမ်းလွန်ရောင်ခြည်လွန်ကဲမှု အန္တရာယ်ရှိသည့်အဆင့် ၁၁ အထက်တွင်ရှိနေ၏။ ထို့အပြင် သင်္ကြန်ကာလတွင် အသုံးပြုသော ရေများမှာလည်း သန့်ရှင်းကြောင်းကို မည်သူမျှအာမခံချက်မပေးနိုင်ပေ။
ယင်းအခြေအနေတွင် သင်္ကြန်လည်ပတ်ကြသူများမှာ နေဒဏ်၊ ရေဒဏ်နှင့် လေဒဏ်များကို ခံစားရပြီး အရေပြား၊ ဝမ်းဗိုက်နှင့် ကူးစက်ရောဂါများ ဖြစ်ပွားလာသည်ဟု သိရသည်။

‘‘အရင်ဆုံး နေရောင်နဲ့ထိတွေ့မယ်။ ခရမ်းလွန်ရောင်ခြည်တွေမြင့်တက်နေတယ်။ ဒီလိုမြင့်လေ အန္တရာယ်များလေပဲ။ နေရောင်ခြည်များပြီး နေရောင်လောင်မယ်။ အရေပြားတွေရောင်ပြီး နီရဲလာမယ်။ ကြာရင် စပ်ဖျဉ်းဖျဉ်းဖြစ်လာမယ်။ ဒီထက်ဆိုးလာရင် မီးလောင်ဖုတွေလိုဖြစ်လာမယ်။ ပြီးတော့ ဝက်ခြံတို့၊ အရေပြားမှာ အနီကွက်ကြီးတွေ နဂိုအခံရှိတဲ့သူတွေဆို ပိုဆိုးသွားမယ်’’ဟု ရန်ကုန်ဆေးရုံကြီး အထူးအရေပြားရောဂါဌာနမှ အရေပြားရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာလင်းထက်ကပြောသည်။
အဆိုပါအရေပြားပြဿနာများသာမက အအေးမိဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မျက်စိ၊နားနှင့်ဆိုင်သော ကူးစက်ရောဂါများရရှိနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် အရေပြားကင်ဆာများပါ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

‘‘မသန့်ရှင်းတဲ့ရေတွေကို အသုံးပြုပြီး အားပြင်းတဲ့ မီးသတ်ပိုက်တွေနဲ့ ရေကစားတာကြောင့် မျက်စိနဲ့နားတွေမှာ ထိခိုက်ဒဏ်ရာရနိုင်သလို လူတစ်ဦးကနေ တစ်ဦးဆီကို ဒီရေတွေက ရောဂါပိုးတွေကပ်ငြိပါပြီးတော့ ဗိုက်နာ ဗိုက်အောင့်ဖြစ်ပြီး ဝမ်းပျက်ဝမ်းလျှောလို ကူးစက်ရောဂါတွေရနိုင်တယ်’’ဟု ကျန်းမာ/ပညာဌာန ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာခင်မောင်လွင်က ပြောသည်။

ခန္ဓာကိုယ်အရေပြားပေါ်သို့ နေထိ၊ ရေထိရာမှ တစ်ဖန်လေပါထိလျှင် အရေပြားပျက်စီးနှုန်းမှာ သာမန်ချိန်များထက် ပိုမိုဖြစ်ပွားနိုင်သကဲ့သို့ အခြားကျန်းမာရေး ပြဿနာများ ပိုမိုအဖြစ်များလာနိုင်ကြောင်း ဆရာဝန်ကြီးများကဆိုသည်။

ယခင်နှစ်က သင်္ကြန်အစရက်မှ အဆုံးရက်များအထိ ဆီးပူညောင်းကျဖြစ်ခြင်း၊ အပူလျှပ်ပြီး ဖျားနာခြင်း၊ နေပူလောင်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နားနှင့် မျက်စိထဲသို့ ရေဝင်ခြင်း၊ လည်ချောင်းနာခြင်း စသောရောဂါများဖြင့် လာရောက်ကုသသူ လူနာများ တစ်နေ့လျှင် ၅၀ ခန့်ရှိခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဆေးခန်းအချို့မှ စုံစမ်းသိရသည်။

သင်္ကြန်ကြောင့် အသားဖြူသူများမှာ အသားညိုသူများထက် နေလောင်ဒဏ်ကို ပိုမိုခံစားရသကဲ့သို့ အရက်စွဲနေသူများမှာလည်း သွေးထဲ၌ နဂိုဗီတာမင် B3 ချို့တဲ့မှုဓာတ်အခံရှိနေချိန်တွင် သင်္ကြန်လည်ပတ်ပါက အရေပြားပြဿနာများ ပိုမိုဖြစ်ပွားတတ်သည်။

ခရမ်းလွန်ရောင်ခြည်ကြောင့် နေလောင်ခြင်း၊ ရေကြောင့် အရေပြားများနူးလာခြင်း၊ အရေပြားစိုစွတ်မှုကြောင့် ဘက်တီးရီးယားပိုးမွှားများ ပိုမိုပေါက်ဖွားလွယ်ခြင်း၊ အပေါ်ယံဆဲလ်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး တိုက်ခတ်လာသည့် လေပူများကြောင့် မျက်စိနှင့် အရေပြားပျက်စီးခြင်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

ထို့အပြင် လည်ပတ်စဉ်အတွင်း အရက်၊ ဘီယာသောက်သုံးခြင်းသည် မြင့်တက်နေသည့် အပူရှိန်နှင့်အတူ သွေးကြောများ ပိုမိုကျယ်ဝန်း၍ သွေးခုန်နှုန်း၊ သွေးလည်ပတ်မှုများကို ပိုမိုမြန်ဆန်စေပြီး ဦးနှောက်သွေးကြောပေါက်ခြင်းကို ဖြစ်ပွားစေနိုင်ကြောင်း ဆရာဝန်ကြီးအချို့က သုံးသပ်ပြောသည်။

သင်္ကြန်တွင်းအလှပြသည့်အနေဖြင့် ပြုလုပ်လာကြပုံနှင့်ပတ်သက်၍လည်း ‘‘ဆိုးဆေးတွေကာလာ ခြယ်ကြတယ်။ ဆံပင်တွေတင်မဟုတ်ဘဲ မျက်နှာတွေပါခြယ်လာကြတယ်။ ဆပ်ပြာပူဖောင်းတွေ သုံးတယ်။ အမှန်တော့ ဆပ်ပြာမှုန့်တွေက အရေပြားကို ထိတွေ့လို့ရတာမဟုတ်ဘူး။ အရေပြားကိုစားတယ်။ မျက်စိထဲဝင်တယ်။ မျက်ကြည်လွှာကိုထိတယ်။ ဒါတွေကို ရှောင်ရှားသင့်တယ်’’ဟု ဒေါက်တာလင်းထက်က အကြံပြုသည်။

ခရမ်းလွန်ရောင်ခြည်မြင့်တက်နေချိန်ဖြစ်သော နံနက် ၁၀ နာရီမှ ၂ နာရီအတွင်း တတ်နိုင်သမျှ ရေပက်ခံထွက်ခြင်း၊ မျက်နှာနှင့် ဆံပင်များတွင် ဆေးရောင်ကာလာများခြယ်ခြင်း၊ နေပူထဲတွင် အရက်သေစာအလွန်အကျွံသောက်သုံးခြင်း၊ အရက်စွဲလမ်းသူများ၊ ဝက်ခြံ၊ တင်းတိပ်ရောဂါ အခံရှိသူများ၊ အရေပြားလေးဖက် နာ (အနီကွက်ကြီးများဖြစ်ပေါ် ခြင်း)ရှိသူများမှ ရေပက်ခံထွက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ အရေပြားယားယံလျှင် မကုတ်မိစေရန်နှင့် ဆပ်ပြာမှုန့်၊ ဆပ်ပြာပူဖောင်းများသုံးစွဲခြင်းမှ ရှောင်ရှားရန် လိုအပ်ကြောင်း ဆရာဝန်ကြီးများကလည်း လမ်းညွှန်ထားသည်။

ထို့အပြင် ရေကြောင့်ယားယံလာပါက ရေပက်ခံနားချိန်တွင် ရေသန့်နှင့် ဆေးကြောခြင်း၊ အဖြူရောင်အင်္ကျီမှာ ရေနှင့်ထိသောအခါ အသားနှင့်ကပ်၍ နေရောင်အား ပြန်ကန်နိုင်စွမ်းလျော့ပါးသွားခြင်းကြောင့် အဖြူရောင်မဟုတ်သည့် အရောင်ရင့်ရင့် (သို့မဟုတ်) အရောင်ပါသော လက်ရှည်အင်္ကျီများဝတ်ဆင်ခြင်း၊ မျက်လုံးကိုနေရောင်မထိတွေ့စေရန် နေကာမျက်မှန်များတပ်ဆင်ခြင်း၊ အရေပြားမပျက်စီးစေရန် ရေစိုခံနေရောင်ကာဆီများ လိမ်းခြင်းတို့ ပြုလုပ်ပေးရမည်ဖြစ်သည်။

‘‘လည်၊ ရင်၊ မျက်နှာတို့၊ နားတို့လုံအောင် ဖုံးအုပ်ထားရမယ်။ အိပ်ရေးဝဝအိပ်ပေးရမယ်။ ရေနဲ့ ကျန်းမာစေမယ့် အာဟာရတွေကို များများစားသောက်ပေးရမယ်။ အချို၊ အဆီများလွန်တာတွေကို ရှောင်ရမယ်။ သင်္ကြန်လည်ပြီး ပြန်လာတဲ့အခါမှာလည်း ရေသန့်သန့်နဲ့ချိုးပြီး အရေပြားနဲ့ ဆံပင်တွေကို ခြောက်သွေ့အောင်ထားရမယ်။ အနီကွက်၊ ယားနာမရှိရင် သနပ်ခါးရေကျဲလေးလိမ်းပေးပါ’’ ဟု ကမာရွတ်မြို့နယ်မှ အထွေထွေရောဂါကုဆရာဝန်မကြီးတစ်ဦးကအကြံပြုသည်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း သင်္ကြန်တွင်းဖြစ်ပွားတတ်သော ကူးစက်ရောဂါမျာကို ကာကွယ်ရန် ဆပ်ပြာဖြင့်ဆေးကြောသန့်စင်ခြင်း၊ သန့်ရှင်းသောအစာနှင့် ရေသောက်သုံးခြင်း၊ မီးသတ်ပိုက်များနှင့် ရေကစားခြင်းမှ ရှောင်ကြဉ်ရန်လိုအပ်ကြောင်းကို ပြည်သူများသို့ အသိပေးနှိုးဆော်ထားသည်။

‘‘အင်္ကျီတို၊ ဘောင်းဘီတိုဝတ်တာက သင်္ကြန်တွင်းမှာလှပေမယ့် သင်္ကြန်ပြီးသွားတဲ့အခါမှာ အသားအရေတွေ ပျက်စီးကျန်ခဲ့တယ်။ ပြန်ပြုပြင်ရတာ အရမ်းဒုက္ခရောက်တယ်။ ကိုယ်ပျော်ရတာနဲ့ ပြန်လုပ်ရတာနဲ့ မမျှဘူး။ ဒါကြောင့် ဒီနှစ်လည်မယ်ဆိုရင်တောင် အကာအကွယ်တွေ တော်တော်လုပ်ထားရမယ်’’ဟု အသက်(၂၀)အရွယ် တက္ကသိုလ်ကျောင်းသူ မထားသီတာကပြောသည်။

အများစုမှာ တစ်နှစ်ပတ်လုံး မြိုသိပ်ထားခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အဆင်မပြေမှုများအတွက် ဖြေဆေးတစ်ခုအဖြစ် အဆိုပါသင်္ကြန်အားလပ်ရက်ကို အသုံးချကြသည်။ သို့သော် သင်္ကြန်ရက်ကုန်ဆုံးပါက ကျန်းမာရေး၊ လူမှုရေးဆိုးကျိုးများစွာ ကျန်ရစ်ခဲ့ခြင်းကို သတိမမူမိကြပေ။
အဆိုပါ အကြို၊ အကျ၊ အကြတ်နှင့် အတက်ဟူသော သင်္ကြန်လေးရက်တာကာလသည် တိုတောင်းသော်လည်း ယင်းကာလတိုတို၌ပင် ကျန်းမာရေးပြဿနာများစွာ ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် ကြိုတင်ကာကွယ်ထားရန်၊ ကျန်းမာရေးအသိရှိထားရန် လိုအပ်ကြောင်း ဆေးပညာရှင်များက တိုက်တွန်းပြောကြားသည်။

http://www.7daydaily.com/story/35340#.VSvTrC7dXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...