စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူသားတွေ အသက် (၅၀၀) ထိ နေနိုင်တော့မလား


ရှေးခေတ် လူသားများ၊ ကျွန်ုပ်တို့နှင့် သမိုင်း မလှမ်းမကမ်းက ဘိုးဘေးဘီဘင် များသည် အသက်ရှည်ဆေးကို ယုံကြည် ကြသည်။ ထာဝရ အသက်ရှည်ဆေးကို ရှာဖွေကာ တစ်ဘ၀လုံး ရှင်သန်ခဲ့ ပြီးနောက် အိုနာသေကို မကျော်လွှားနိုင် သဖြင့် လောကကြီးကို လက်ပြ နှုတ်ဆက်သွားကြရ ကုန်သည်။

တရုတ် အင်ပါယာရှင် ဘုရင်များလည်း အသက်ရှည်ဆေးကို အမျိုးမျိုးဖော်စပ် မှီဝဲခဲ့ ကြသည်။ ကျောက်စီမ်း၊ ရွှေ စသည့် ပစ္စည်းများမှ ဖော်စပ်ထားသော အသက်ရှည် ဆေးများပင် ပါဝင်သည်။ အများအားဖြင့် အသက်မရှည်စေသည့် အပြင် ဘေးထွက် ဆိုးကျိုးများကြောင့် အသက်တိုခဲ့ ရသည်များပါ ရှိခဲ့သည်။ (၁၆) ရာစုနှစ်က ဟန်ဂေရီနိုင်ငံမှ ထရန်စီဗာနီယန်မြို့စားကြီး ကတော် အဲလိဇဘတ် ဘတ်သိုရီသည် သွေးစုပ် ဖုတ်ကောင် မိန်းမကြီး အဖြစ် နာမည်ကျော်သည်။ အကြောင်းမူကား သေမင်းကို အန်တုဖို့ မိန်းမငယ် များ၏ သွေးနဲ့ချည်း နေ့တိုင်းရေချိုး သောကြောင့် ဖြစ်၏။

သိပ္ပံပညာရှင် တစ်ဦးသည်လည်း မသေဆေး အဖြစ် ခွေး သုတ်ရည်၊ ခွေးဝှေးစေ့နှင့် ခွေးသွေး တို့ကို ရောစပ် အရည်ဖျော်ပြီး ၎င်း၏ သွေးကြော ထဲသို့ ထိုးသွင်းခဲ့မှုကြောင့် ဟာသ ဖြစ်ကာ နာမည်ပြောင်ဖြင့် ကျော်ကြားခဲ့ပြန်သည်။ သူ့နည်းက တော်သေးသည်။ ပါးစပ်က သောက်ချစရာ မလို။ ဂျမေကာနိုင်ငံမှ နည်းလမ်းကား လိပ်ဝှေးစေ့ကို စွပ်ပြုတ် လုပ်သောက် ရခြင်း ဖြစ်၏။

ယနေ့အချိန်တွင်လည်း အသက်ရှည်ဆေး၊ မသေဆေးများကို ရှာဖွေသော အလုပ်သည် လူချမ်းသာများ၏ မဟာ ရည်မှန်းချက် ပန်းတိုင် အလုပ်ကြီး ဖြစ်နေသည်။ အင်တာနက် ရှာဖွေရေး လုပ်ငန်းကြီး ဂူဂဲကို ထူထောင်သူ ကိုယ်တိုင်က လူသားများသည် အသက် (၅၀၀)ထိ နေနိုင်စေရမည် ဟု အတိအလင်း ပြောကြား ထားသည်။ သိပ္ပံ နည်းပညာများ တိုးတက်လာမှု များကြောင့် လူသားကို အိုမင်းစေသည့် အကြောင်းရင်းများကို ချေဖျက်ကာ လူသားကို နှစ်ရာဂဏန်းမှသည် ထောင်ချီသည် အထိ အသက်ရှည်အောင် လုပ်နိုင်မည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ထား ကြသည်။

ဂူဂဲထူထောင်သူ ဆာဂျေး ဘရင် ကလည်း သေခြင်းတရားကို ကုစားလို့ ရတော့မည်ဟု ဆိုထားသည်။ ဂူဂဲသည် လူသား တို့ကို သိပ္ပံနည်းကျ အသက်ရှည်အောင် ဆောင်ရွက်ရေး သုတေသန များတွင် ဒေါ်လာ ဘီလီယံ နဲ့ချီ အသုံးပြုလျက် ရှိသည်။ မသေဆေး ရှာနေသူများ ထဲတွင် စူးစမ်းလို စိတ်ကြောင့် လုပ်နေသူတွေ ပါသလို၊ မိမိ အသက်ရှည် လို၍ လုပ်နေသူ များလည်း ပါပြီး၊ သေခြင်းကို ကြောက်ရွံ့သောကြောင့် မသေဆေး ရှာနေသူများ လည်း ပါသည်။

ငွေကြေးကလည်း တွန်းအားပေးနေသည်။ အကယ်၍ လူသားတို့ကို ဆယ်နှစ်လောက် သို့မဟုတ် ရာစုနှစ် တစ်ခုစာလောက် အသက်ပိုရှည် အောင် လုပ်ပေးနိုင်သည့် နည်း လမ်းရှိသူဖြစ်ပါက ထိုလူဆီကို ကမ္ဘာတစ်ဝန်း က လူအပေါင်း ချဉ်းကပ်ကာ ငွေတွေ ပုံပေး လိမ့်မည်။ ထိုသူသည် ခဏချင်း မှာပင် ကမ္ဘာ့ လူချမ်းသာကြီး ဖြစ်သွားလိမ့်မည်။

သေခြင်းတရားကို လူတွေ လွယ်လွယ် ခေါင်းငုံ့ အရှုံးပေးနေသည်ကို အံ့သြ မကျေနပ် နေသူများလည်း ရှိသည်။ ဆော့ဖ်ဝဲ လုပ်ငန်းရှင် လာရီ အဲလိဆင်ကဆိုလျှင် သေခြင်းတရား ဟူသည် ပဟေဠိ တစ်ခုသာ ဖြစ် ကြောင်း၊ လူသားများသည် အဖြေရအောင် အင်တိုက် အားတိုက် မကြိုးစားဘဲ ငုံ့ခံ အရှုံး ပေးနေကြသည်ကို နားမလည်နိုင်အောင် ဖြစ်ရကြောင်း အဲလိဆင်က ပြောသည်။

လူသားများကို မွေးကင်းစက စပြီး အသက်တိုစေမည့် မျိုးဗီဇများ ထုတ်ပယ်ကာ အသက်ရှည်စေမည့် မျိုးဗီဇများ အစားထိုး ထည့်ပေးခြင်းဖြင့် လူသားသည် နှစ်တစ်ထောင်ထိ အသက်ရှည် နိုင်သည်ဟု ဗြိတိန်သား မျိုးဗီဇ ပညာရှင် အော်ဘရေး ဒီဂရေးက ပြောသည်။ သိပ္ပံ ပညာရှင် များသည် လူသား များကို စမ်းဖို့ ကြိုးစားနေ သလို၊ တစ်ဖက်တွင်လည်း ပိုးမွှားများ၊ ယင်ကောင်များ၊ ကြွက်များကို အသက်ရှည်အောင် လုပ်ကြည့်ပြီး စမ်းသပ် နေကြ ပြန်သည်။

လူဆိုတာ သေမျိုးလို့ချည်း တစ်ထစ်ချ တွက်ထားလို့ မရဘူး။ ကားအိုကြီးတွေ လိုပေါ့။ ပြင်စီးမယ်၊ ပျက်တဲ့နေရာ ပစ္စည်းသစ် အစားထိုး ထည့်မယ်ဆိုရင် အကြာကြီး စီးလို့ ရတယ်။ လူလည်း အဲ့လိုပဲ။ မကောင်းတဲ့ အပိုင်း တွေကို ကောင်းတာတွေနဲ့ အစားထိုးသွားမယ် ဆိုရင် အကြာကြီး နေသွားလို့ရမယ် ဟု ဒီ ဂရေးက အနာဂတ်ကို မျှော်ကြည့်ပြီး ပြောသည်။ အင်တာနက် ငွေကြေး ၀န်ဆောင်မှု လုပ်ငန်း PayPal အကြီးအကဲ ပီတာ သီရယ်သည် အသက်ရှည်ဆေး သုတေသန အတွက် ၎င်းကို ဒေါ်လာ (၃ ဒသမ ၅) သန်း ထုတ်ပေး ထားကြောင်း ဒီဂရေးက ဖွင့်ပြောသည်။

အသက်ရှည်ဆေး ရှာဖွေသည့် သိပ္ပံသမားများကို အခြားသော သိပ္ပံသမားများက ဝေဖန် ပြစ်တင်မှု များလည်း ရှိနေသည်။ အဓိပ္ပာယ် မရှိသည့် အသက်ရှည်ဆေး သုတေသနမှာ သုံးလိုက်သည့် ဒေါ်လာသန်းပေါင်း များစွာကို လူသားများ အတွက် လက်တွေ့ အကျိုးရှိမည့် သုတေသနများမှာ ထည့်သုံး လိုက်လျှင် ပိုမကောင်းဘူးလားဟု ဝေဖန်နေသော ပညာရှင်များလည်း ရှိသည်။

ဝေဖန်မှုများ ရှိနေသည့်တိုင် ကမ္ဘာတစ်ဝန်းက ကောင်းပေ့ အဆင့်မြင့်ပေ့ဆို သော ဓာတ်ခွဲခန်းကြီးများ ထဲက အချို့တွင် အသက်ရှည်ဆေးကို ပုံစံတစ်မျိုး မဟုတ် တစ်မျိုးနှင့် စမ်းသပ်နေ ကြသည်။ မျိုးဗီဇကို ပြုပြင်ခြင်းနည်း မှသည် ခန္ဓာကိုယ်ထဲက ပျက်စီးနေသော ဆဲလ်လေးများကို သွားပြင်ရန် မိုက်ခရို အဆင့် စက်ရုပ်လေးများ တီထွင်ခြင်းမျိုး၊ ပျက်စီးသွားသော ခန္ဓာ အစိတ်အပိုင်းများ နေရာတွင် ပုံတူပွား အစိတ်အပိုင်းများနှင့် အစားထိုးခြင်း၊ စက်ရုပ် ခန္ဓာပစ္စည်း များဖြင့် အစားထိုးခြင်းများ ကိုပါ စမ်းသပ်နေ ကြပြီ။ လောလောဆယ် နာမည် အကြီးဆုံးနှင့် ဖြစ်နိုင်ခြေ အနီးစပ်ဆုံးကား လူ့အသိဉာဏ်ကို ကွန်ပျူတာ ပုံစံပြောင်းယူကာ စက်ရုပ် ဦးနှောက်ထဲ ထည့်ပေးသည့် နည်းလမ်း ဖြစ်၏။

အသက်ရှည်ဆေး စမ်းသပ်မှုများ၊ လူသား အသိဉာဏ်ကို စက်ရုပ်ဆီသို့ ကူးပြောင်းရေး လုပ်ငန်းများသည် လူ့တန်ဖိုးများနှင့် ထိပ်တိုက် ဖြစ်လာသည့် ပြဿနာလည်း ရှိနေသည်။ လူတွေ နှစ်ရာချီ၊ ထောင်ချီပြီး အသက်ရှည်လာကြမည် ဆိုပါက လူဦးရေ အဆမတန် တိုးလာမည့် ကမ္ဘာကြီးမှာ မည်သို့ ရှင်သန် နေထိုင်ကြမည်နည်းဟူသော မေးခွန်းကို မည်သူမျှ မဖြေနိုင်ကြသေး။ လူသား ခန္ဓာ အစိတ်အပိုင်းများကို စက်ရုပ် အစိတ်အပိုင်းတွေနဲ့ အစားထိုးကာ အသက်ရှည်နိုင်မည်ဆို လျှင်ပင် ကြာလာပါက ကျွန်ုပ်တို့သည် လူသား များ၊ စက်ရုပ်လား ဝေခွဲမရသည့် ပြဿနာ ကြုံရလိမ့်မည်။ အခြေခံ အကျဆုံး မေးခွန်းကား ကျွန်ုပ်တို့ နှစ်ပေါင်း ရာထောင်ချီ အသက်ရှည်မည် ဆိုပါက ထိုကာလကြီး တစ်လျှောက် ဘာတွေ လုပ်ပြီး နေထိုင်ကြမှာလဲ။ ယခု အတိုင်းပဲ နေ့စဉ်ဘ၀မှာ ရုန်းလိုက် ကန်လိုက် စိတ်ဆင်းရဲလိုက် စိတ်ပျော်လိုက်နဲ့ နှစ်ပေါင်းရာထောင်ချီ ဖြတ်သန်းနေရ ခြင်းလောက် ညစ်ညူးဖို့ ကောင်းတာ မရှိဟု ပြောသူများလည်း ရှိနေသည်။ သိပ္ပံစာအုပ်များ၊ ရုပ်ရှင်များထဲ တွင်လည်း ထာဝရ ရှင်သန်နေရခြင်းသည် သေခြင်းထက် ပိုဆိုးသော မခံမရပ် နိုင်လောက်အောင် ညည်းငွေ့မှုကြီး ဖြစ်သည်ဟု ဖော်ကျူးနေ ကြသည်။

နာနို အဆင့် ကျန်းမာရေး စက်ရုပ်လေး များ

ဂူဂဲ အင်ဂျင်နီယာဌာန အကြီးအကဲရေး ကာ့ဒ်ဝဲကလည်း ၂၀၃၀ ခုနှစ်ခန့် ရောက်လျှင်ပင် နာနိုအဆင့် စက်ရုပ်ငယ်လေးများ ဖန်တီး ထုတ်လုပ် ကာ လူ့ခန္ဓာ ကိုယ်သွေးကြောနှင့် တစ်သျှူးများ အတွင်း သွားလာစေကာ ပျက်စီးနေသည့် ဆဲလ်များ ပြုပြင် အစားထိုးခြင်း၊ ဆဲလ်အသစ်များ ထည့်သွင်း ပေးခြင်းများ လုပ်ဆောင်ကာ လူသားကို ထာဝရကျန်းမာနေအောင် ကူညီနိုင်တော့မည်ဟု ဆိုသည်။ နာနိုအဆင့် သေးငယ်သော စက်ရုပ်ငယ်လေး များသည် သွေးဆဲလ်လေး များလောက်သာ ရှိလိမ့်မည်။ ဆေးလုံး အတွင်း ထည့်သွင်းပြီး ဆေးသောက်သည့် အတိုင်း လူက သောက်ချရုံ ဖြစ်သည်။ ခန္ဓာကိုယ်ထဲမှာ ကျန်းမာရေး ပြုပြင် ထိန်းသိမ်းမှုများကို ထိုစက်ရုပ်လေးများက လုပ်လိမ့်မည်။

ခန္ဓာကိုယ် အတွင်း သွားလာနေသော နာနို စက်ရုပ်ငယ်များကို လူသားက ထိန်းချုပ်ခိုင်းစေ နိုင်မည်။ မိမိ ပြုပြင်လိုသည့် အပိုင်းကို စက်ရုပ်လေး များအား စေလွှတ်ကာ ပြုပြင် ခိုင်းနိုင်သည်။ သို့ဖြစ်ရာ ရောဂါကြီးမလာ ခင်ပင် ကြိုတင် ကာကွယ်နိုင်မည်။ အိုမင်း လာသော ဆဲလ်များကို အသစ်လဲခြင်းဖြင့် လူသားသည် ထာဝရ ကျန်းမာနေမည်ဟု ဆိုသည်။

ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာ နာနို စက်ရုပ်များ ကျေးဇူးကြောင့် ကြွက်များသည် ဆီးချိုပျောက်သွား ကြသည်ဟု သိရသည်။ ကာ့ဒ်ဝဲ၏ နာနို စက်ရုပ် ကျန်းမာရေး လုပ်သား အိုင်ဒီယာကို အစတုန်းက တော်တော်များများက ကြောင်တောင်တောင် သိပ္ပံ အရူးထခြင်း အဖြစ်သာ သတ်မှတ်သည်။ လက်တွေ့ ပြသနိုင်သောအခါ ဝေဖန်သူတွေ လျော့သွား သည်။ နောက်တစ်နည်းကား ပင်မကလပ် စည်းများကို သုံးကာ ခန္ဓာကိုယ်ကို ပြုပြင် ထိန်းသိမ်းခြင်း ဖြစ်သည်။ ခန္ဓာကိုယ်တွင် ပျက်စီးသည့် မည်သည့် အင်္ဂါကိုမဆို ပင်မကလပ် စည်းဆဲလ်များ သုံးကာ ပုံတူပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တွင် အစားထိုး တပ်ဆင်ထည့် သွင်းခြင်း ဖြစ်သည်။

လူချမ်းသာများ အသက်ရှည်ဆေး၊ မသေဆေးရှာနေကြ ခြင်းကို အရူးထသည်ဟု ပြောသူများ ရှိသလို၊ လုပ်သင့်သော အလုပ်ဟု ပြောသူများ လည်း ရှိနေသည်။ နယူးယောက်မှ ဆရာဝန် တစ်ဦး ဖြစ်သော လီယိုနယ်ဘစ်ဆန် က လူချမ်းသာများ အနေဖြင့် ပိုနေသည့် ငွေများ ပေါ်မှာ ဒီအတိုင်း ထိုင်ကာ သေဖို့ အချိန်ကို စောင့်နေခြင်းထက် မသေဆေးကို ရှာဖွေကာ တစ်ခုခု အားထုတ်နေခြင်းက ပိုမကောင်းဘူးလားဟု ဆိုလိုက်သည်။

သွေးသစ်လောင်းခြင်း

အသက်ရှည်လိုလျှင် ငယ်သူများ၏ သွေးနဲ့ အစားထိုး ထည့်သွင်းရမည်ဟု ဆိုသူများလည်းရှိသည်။ လက်တွေ့စမ်းသပ်နေသူ များလည်း ရှိနေ သည်။ ကြွက်များနဲ့ စမ်းသပ်ထားချက်အရ ကြွက်ပျို၏ သွေးပစ္စည်းများ ထည့်သွင်းပေး လိုက်သော ကြွက်အိုသည် ငယ်မူ ငယ်သွေးပြန်ကာ သန်မာ ဖျတ်လတ် လာကြောင်း တွေ့ခဲ့ရသည်။ ဖရန်ကင်စတိန်း ၀တ္ထုထဲက နဲ့တောင် ဆင်သေးသည်။ ကြွက်နှစ်ကောင်ကို ပူးကာ သွေးကြောချင်း ဆက်ပေး ထားသည်။ နှစ်ကောင်၏ သွေးများ အပြန် အလှန်ရော သွားသည်။ ထိုအခါ ကြွက်အို သည် သွက်လက်ဖျတ်လက်လာပြီး ကြွက်ပျို မူကား အိုမင်း လေးလံ လာကြောင်း တွေ့ခဲ့ရ သည်။ ကယ်လီဖိုးနီးယားရှိ စတန်းဖို့ဒ် တက္ကသိုလ်တွင်လည်း အလားတူ နည်းလမ်းဖြင့် အယ်လ်ဇိုင်းမား ဝေဒနာရှင် တစ်ဦးကို စမ်းသပ် ကြည့်ရာ ဦးနှောက်နုပျို ခွန်အားရှိ လာသည်ကို တွေ့ရသည်။ လူသား ကိုမူကား ကြွက်များလို နှစ်ကောင်တွဲပြီး သွေးရောထား ဖို့ မလိုသော နည်းလမ်းဖြင့် စမ်းသပ်ခြင်း ဖြစ်သည်။ ထိုစမ်းသပ်မှု အောင်မြင်ပါက ငယ်သူများ၏ သွေးထဲက မည်သည့် ပစ္စည်းသည် ကြီးသူများကို ပြန်နုပျို လာအောင် လုပ်နိုင်ကြောင်း သေချာ သိရအောင် ဖော်ထုတ်မည်ဟု သုတေသန အဖွဲ့ ခေါင်းဆောင် တိုနီ ၀စ်-ကိုရေးက ဆိုသည်။ အိုသူများကို ပြန်နုပျို အောင် လုပ်ပေးသည့် အဓိက သွေးပစ္စည်းကို သိလျှင် အာနိသင်တူသော ဆေးဝါးမျိုးကို ဖော်ထုတ်နိုင်မည်။ ထိုအခါ သွေးသွင်းစရာ မလိုဘဲ ဆေးသောက်ရုံ နဲ့ လူသားများ နုပျိုနိုင်မည်ဟု ၎င်းက ဆိုသည်။

ကလုန်းတွေ၊ စက်ရုပ် ပစ္စည်းတွေ

နောက်ထပ် နည်းလမ်းတစ်ခုကား လူ့ခန္ဓာ အစိတ်အပိုင်းများကို ပုံတူထုတ်လုပ်ကာ အဟောင်း နေရာ အသစ်လဲ တပ်ဆင်ပေးခြင်း နည်း ဖြစ်သည်။ ပုံတူပစ္စည်း မထုတ်နိုင်လျှင်လည်း အလားတူ စွမ်းဆောင် နိုင်သော စက်ကိရိယာ မျိုးဖြင့် လူ့ခန္ဓာကိုယ်ထဲမှာ အစားထိုး ထည့်သွင်းမည် ဖြစ်သည်။ ဥပမာ နှလုံး ပျက်စီးလျှင် လူ့နှလုံးအတိုင်း ပုံတူ ထုတ်လုပ် ထားသော နှလုံးအသစ်ဖြင့် အစားထိုးမည်။ ကျောက်ကပ်၊ အသည်း၊ အဆုတ် စသည်တို့ သည်လည်း ထိုနည်းလည်းကောင်း ဖြစ်၏။ ပုံတူထုတ် မရပါ ကလည်း စွမ်းဆောင်ရည်ချင်း တူသည့် စက်ကိရိယာ များကို အစားထိုး ထည့်သွင်းမည် ဖြစ်သည်။ ထိုသို့ပျက်သည့် အပိုင်း အသစ် လဲတပ်ခြင်းဖြင့် လူသားသည် ထာဝရ ရှင်သန်သွားနိုင်မည်ဟု ပညာရှင်များက မျှော်မှန်း ထားသည်။

လူတစ်ပိုင်း၊ စက်ရုပ်တစ်ပိုင်း

ရုရှား အင်တာနက် ဘီလီယံနာသူဌေး ဒီမီထရီအီကော့ သည်လည်း လူသား ဦးနှောက်ထဲက အသိဉာဏ်ကို စက်ရုပ်ဦး နှောက်ထဲ ပြောင်းထည့်ဖို့ ဒေါ်လာ သန်းပေါင်းများစွာကုန်ကျခံ သုတေသနပြု နေသည်။ ထိုနည်းလမ်းဖြင့် သူ့ခန္ဓာကိုယ် သေဆုံး သွားလျှင်ပင် သူ့စိတ်သည် စက်ရုပ်ကိုယ် ထည်တွင် ဆက်လက်ရှင်သန်ကာ နှစ်ပေါင်း တစ်သောင်းလောက် နီးပါး အသက်ရှင်ဖို့သူ ကြိုးစားနေသည်။ သမိုင်းတစ်လျှောက် မသေ ဆေးရှာခဲ့ကြသူ အားလုံး သေခြင်းဟူသော အတားအဆီးကို မကျော်နိုင်ခဲ့ကြ။ ယနေ့ သိပ္ပံပညာ ကရော ကျော်နိုင်မည်လား၊ နောင်အနာဂတ် သိပ္ပံ ပညာ ကရော ကျော်နိုင်မည်လား ကိုကား သမိုင်း စာမျက်နှာမှာ မြင်ကြရမည်။


Messenger

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...