စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိန်းကလေးနှင့် ဆိုရှယ်မီဒီယာ

             
တွစ်တာ၊ ဖေ့စ်ဘွတ်ခ်တို့ ပေါ်လာကတည်းကပင် လူအများကြား၌ အလုပ်တွေပိုဖြစ်လာသလို ဆက်ဆံရေး၊ လူမှုရေးများ ပိုပိုကျယ်ပြန့်လာကာ ပြဿနာများလည်း ပိုများလာပါသည်။ အထူးသဖြင့် ငယ်ရွယ်သူမိန်းကလေးများအတွက် ဆိုရှယ်မီဒီယာ၏ သက်ရောက်မှုအပြိုင်အဆိုင်တွေက ပိုအရှိန်ပြင်းလာသည်ကို တွေ့ရပါသည်။

အထူးသဖြင့် ဆိုရှယ်မီဒီယာများပေါ်လာကတည်းက မိန်းကလေးငယ်အချို့သည် သူတို့၏ရုပ်ရည်၊ ခန္ဓာကိုယ်အနေအထားနှင့်ပတ်သက်ပြီး မကျေနပ်မှုများ၊ သိမ်ငယ်မှုများ ပိုမိုခံစားလာရကြောင်း အမေရိကန်စိတ်ပညာဂျာနယ်တစ်စောင်၏ လေ့လာမှုအရ သိရှိရသည်။

များသောအားဖြင့် အရွယ်ရောက်လာသော မိန်းကလေးများသည် ပင်ကိုသဘာဝအရ မိမိတို့ကိုယ်ခန္ဓာအချိုးအစားနှင့်ပတ်သက်ပြီး မယုံကြည်မှု၊ စိတ်မချမှု ဖြစ်တတ်လေ့ရှိပြီး ကောလိပ်နှင့် တက္ကသိုလ်ကျောင်းသူများတွင် ပိုမိုဆိုးရွားတတ်ပါသည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်၌ သူတို့တင်လိုက်သော အလှပုံများနှင့်ပတ်သက်ပြီး Like မည်မျှရသည်၊ ချီးမွမ်းသည့်မှတ်ချက် ဘယ်လောက်ရသည်ဆိုသည်ကို မိန်းကလေးများအချင်းချင်း ပြိုင်မှန်းမသိပြိုင်လာကြသည်။ များများရသူက ကိုယ့်ကိုယ်ကိုယ် မော်ဒယ်မင်းသမီးလို ခံစားလာရသည့်အခါ မရသူများအတွက် ကြေကွဲစရာဖြစ်လာကြသည်။

အထူးသဖြင့် တွစ်တာ၊ ဖေ့စ်ဘွတ်ခ်တို့ကဲ့သို့ ဆိုရှယ်မီဒီယာများက မိန်းကလေးငယ်တို့အတွက် ပရိသတ်များ၏ မှတ်ချက်များဖြင့် အလှပြိုင်ရာဒေသလို ဖြစ်လာပြီး အပျော်တမ်းမှ အကြီးအကျယ်အထိ ဖြစ်လာကြပါသည်။ ဘီဘီစီရုပ်မြင်သံကြား သတင်းတစ်ခုဆိုလျှင် ဆိုရှယ်မီဒီယာကို အလွန်အသုံးပြုသော မိန်းကလေးငယ်များသည် သူငယ်ချင်းများ၏ပုံများကို ကြည့်မိကြပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသလို ခံစားရသည်ဟုဆိုသည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် စိန့်ပီတာဘတ်မြို့က သူနာပြုသင်တန်းကျောင်းသူတစ်ဦးဖြစ်သူ ရှန်တာဟီတလီက ဆိုရှယ်မီဒီယာများသည် တစ်ခါတစ်ရံ မိန်းကလေးများကို ဘယ်လိုပုံစံမျိုးက အကောင်းဆုံးဆိုသည်ကို ပြသသတ်မှတ်နေခြင်းအတွက် အပြစ်တင်သည်။

ဆိုရှယ်မီဒီယာမှာ ၂၁ ရာစု လူငယ်များအတွက် နေ့စဉ်ဘ၀၏ မရှိမဖြစ်အရာဖြစ်လာနေသည်

‘‘ဆိုရှယ်မီဒီယာတွေက အမျိုးသမီးတွေကို ဘယ်လိုပုံစံရှိရမယ်။ ဘယ်လိုနေရမယ်ဆိုတာ ပုံဖော်ပေးနေတယ်။ ကျွန်မတို့တွေက အမျိုးသားတွေ စိတ်ဝင်စားတာလိုချင်တယ်။ ဒါက ကျွန်မတို့ကို အရူးလုပ်နေတယ်ဆိုတာတော့ သဘောမပေါက်ကြဘူး။ ဘာကိုလက်ခံမယ်၊ လက်မခံဘူးဆိုတာ ပတ်ဝန်းကျင်ကို ပြောခွင့်ပေးထားသလို ဖြစ်နေတယ်’’အမေရိကန်နိုင်ငံ ယူတာ (Utah)ပြည်နယ် တက္ကသိုလ်က ဦးဆောင်ပြုလုပ်ခဲ့သော သုတေသနတွင် ဆိုရှယ်မီဒီယာများပေါ် အခြားမိန်းကလေးများနှင့် မျက်နှာ၊ ကိုယ်လုံးအလှ အမြဲနှိုင်းယှဉ်ကြည့်ဖြစ်နေသော မိန်းကလေးများမှာ ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုနှင့် ယုံကြည်မှုနည်းလာကြသည်ဟုဆိုသည်။

ဂျပ်ဆင်ဆေးရုံကြီးတွင် မိန်းကလေးငယ်များကို ကုသပေးနေရသော ဆရာဝန်မ ဂယ်လီဟိုလန်က သူ့လူနာမိန်းကလေးများသည် ဆိုရှယ်မီဒီယာပုံများပေါ်မှ လူကြိုက်များသော ကိုယ်ခန္ဓာပိန်ပိန်သွယ်သွယ် မော်ဒယ်များကို အတုယူပြီး မလိုအပ်ဘဲ အလွန်အမင်းပိန်အောင် တလွဲနည်းများဖြင့် အားထုတ်ကြိုးပမ်းသူများဖြစ်သည်ဟုဆိုသည်။

‘တချို့ကတော့ ပိန်အောင် အစားရှောင်တဲ့နည်း၊ လေ့ကျင့်ခန်းလုပ်တဲ့နည်းတွေသုံးဖို့ စဉ်းစားကြတယ်။ တချို့တွေကတော့ အဆီတွေထုတ်ပြီး ခွဲစိတ်ဖို့တွေးကြတယ်။ ဒါကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်ဆိုတာ မတွေးကြတော့ဘူး’

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းထိုင်းနိုင်ငံ၌ ဆိုရှယ်မီဒီယာနှင့်ပတ်သက်ပြီး မိန်းကလေးများကို ယဉ်ကျေးမှုဝန်ကြီးဌာနက သတိပေးရသည့်အဖြစ်ကို ရောက်ရှိနေပါသည်။ ပြဿနာမှာ ထိုင်းနိုင်ငံ၌ မိန်းကလေးများသည် ဆိုရှယ်မီဒီယာများ၌ မျက်နှာမဖော်ဘဲ ရင်သားအောက်ပိုင်းကို ဖော်ပြသော ဆယ်လ်ဖီခေါ် ကိုယ့်ပုံကိုယ်ရိုက်တင်ခြင်းများ ခေတ်စားလာနေသည့်အတွက်ဖြစ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၌ ထိုကဲ့သို့ ဆိုရှယ်မီဒီယာများပေါ်တွင် ရင်အောက်ပိုင်း ကိုယ်တစ်ပိုင်းပုံများ တင်နေသော မိန်းကလေးများကို ဖော်ထုတ်အရေးယူသွားမည်ဟု ထိုင်းအစိုးရက မတ်လ ၁၆ ရက်က ကြေညာခဲ့သည်။ အဆိုပါမိန်းကလေးများသည် ၂၀၀၇ ထိုင်းနိုင်ငံ၏ ကွန်ပျူတာရာဇဝတ်မှုဥပဒေအရ တိုင်းပြည်၏လုံခြုံရေးကို ထိခိုက်စေပြီး လူထုကို အထိတ်တလန့်မတည်ငြိမ်အောင်ပြုလုပ်မှုဖြင့် ထောင်ဒဏ်ငါးနှစ်ကျခံရမည်ဟု ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘ရင်အောက်ပိုင်း ဆယ်လ်ဖီရိုက်တင်တဲ့အခါ လူတွေက မျက်နှာကိုမမြင်ရတော့ဘူး။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ကလည်း ဘယ်သူမှန်းမသိတော့ဘူး။ ဒါကြောင့် လူတွေကို အဲဒီလိုရိုက်ဖို့ တွန်းအားပေးနေသလိုဖြစ်နေတယ်’’ဟု ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြောခွင့်ရသူ အာနန်ဒါဟာချောင်အိုချူတီကပြောကြားသည်။

ထိုသို့လုပ်သူများကို ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက ဖော်ထုတ်ပြီး ထောင်ငါးနှစ်ချမည်ဆိုသော်လည်း မည်ကဲ့သို့ဖော်ထုတ်မည်ဆိုသည်ကို ပြောကြားခြင်းမရှိပေ။

အမေရိကန်နိုင်ငံမှ ခရစ္စတယ်ဟာလေအမည်ရှိ စိတ်ကုသခြင်းဆိုင်ရာပညာရှင်တစ်ဦးက သည်လိုမိန်းကလေးများကို ပြည့်စုံသောခန္ဓာကိုယ်အလှ စသည်ဖြင့် လူများ၏ သတ်မှတ်ထင်မြင်ချက်များကို ပြသခြင်းအတွက် ဆိုရှယ်မီဒီယာများတွင် တာဝန်ရှိသည်ဟုဆိုသည်။

‘‘ပြည့်စုံတဲ့အလှတို့၊ ကြော့ရှင်းတဲ့စံပြကိုယ်လုံးတို့ဆိုတာ လူမှုအသိုင်းအဝိုင်းက ဖန်တီးသတ်မှတ်ကြတာပါ။ လူတွေက ဆိုရှယ်မီဒီယာတွေမှာ ဘယ်လိုပုံတွေတင်ထားလဲအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်နေကြတာ။ တကယ်တော့ အလှတရားဆိုတာ အရွယ်အစားလည်းမဟုတ်ပါဘူး။ ပုံပန်းသဏ္ဌာန်လည်းမဟုတ်ပါဘူး’’ဟု သူကပြောကြားသည်။

ထို့ကြောင့် မိန်းကလေးများအနေဖြင့် ဆိုရှယ်မီဒီယာများကို ပိုသုံးလေလေ သူတို့၏ရုပ်အလှနှင့် ခန္ဓာကိုယ်အပေါ် မကျေနပ်မှုများ ပိုလာလေ ဖြစ်လာနိုင်သည်ဟု လူမှုရေးပညာရှင်များက အကြံပေးသုံးသပ်တင်ပြထားသည်။

7daydaily

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...