စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နီပေါနိုင်ငံ၏ အမှောင်မိုက်ဆုံး နာရီများကို ဖြတ်သန်းခြင်း

ငလျင်ကြောင့် ပြိုကျသွားသည့် နေအိမ်ရှေ့တွင် စိတ်ပျက်လက်ပျက် ထိုင်နေသည့် နီပေါအမျိုးသမီးနှစ်ဦး (ဓာတ်ပုံ - EPA)

ငလျင်လှုပ်ပြီဆိုတာနဲ့ ကျွန်တော်တို့အားလုံး ကွန်ကရစ် ထောက်တိုင်ကြီး တစ်ခုနားမှာ ဝပ်နေကြတယ်။ ကြောက်စိတ်နဲ့ စုပြုံတိုးဝှေ့နေရင်း အန္တရာယ်ကင်းဖို့ ဘုရားစာတွေလည်း ဗလုံးဗထွေး ရွတ်နေမိကြတယ်’’

နီပေါနိုင်ငံမှ အလွတ်တန်း သတင်းထောက် ဆူနားပန်ဒေးက ဧပြီ ၂၅ ရက် ငလျင်ကြီး လှုပ်ခတ် စဉ် ၎င်းကြုံတွေ့ခဲ့ရသည့် အခြေအနေကို ပြန်လည် ဖောက်သည် ချခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ထို အချိန်တွင် ခတ္တမန္ဒူမြို့တော်၏ အနောက်ဘက် ရမ်ကော့ရှိ ဦးလေးဖြစ်သူ၏ နေအိမ်သို့ အလည်အပတ် ရောက်ရှိနေသည်။

‘‘တစ်ဖက် အခန်းထဲမှာ အဘိုးက ဘာဖြစ်လို့ဖြစ်မှန်းမသိဘဲကယောင်ကတမ်းနဲ့ လမ်းထ လျှောက်တယ်။ အမှန်ဆိုအကာအကွယ် ယူသင့်ပေမယ့်သူ့ဘာသာသူ သတိမထားမိဘဲ ပြတင်းပေါက်ဆီ ရောက်သွား တယ်’’ဟု နီပေါတိုင်းမ်စ် သတင်းစာအတွက် အလုပ်လုပ်ပေးဖူး သည့် ပန်ဒေးက ဆိုသည်။
ငလျင်လှုပ်ခတ်မှုနှင့်အတူ အိမ်ရှေ့လမ်းပေါ်တွင် အညိုရောင်ဖုန်လုံးကြီးများ ဖုံးလွှမ်းသွား သည်။

 ထို့နောက်တွင်တော့ ပန်ဒေးသည် အနောက်ဘက်သို့  ၁၂ကီလိုမီတာ လမ်းလျှောက်ပြီး မိသားစုနေအိမ်သို့ ပြန်သွားရင်းတွေ့မြင်ရသမျှ ကြေကွဲဖွယ်ရာ မြင်ကွင်းများကို မှတ်တမ်းတင်ခဲ့သည်။ ရစ်ခ်ျတာစကေး  ၇ ဒသမ ၈အဆင့်ရှိ ငလျင်ကြီးကြောင့် တိုက် တာများ အက်ကွဲပြိုကျကုန်သလို အထင်ကရ အဆောက်အအုံကြီးများသည်လည်း အပျက်အစီးပုံ ကြီးများအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။
‘‘ငလျင် ငြိမ်သွားပြီးတဲ့ နောက် အိမ်အပြင်ထွက်လာပြီး တာနဲ့ ကျွန်တော့် အတွေးထဲ ဝင်လာတာ သူငယ်ချင်းတွေနဲ့ မိသား စုတွေ ဘာဖြစ်နေသလဲဆိုတာပဲ။ ဖုန်းတွေက ခေါ်လို့မရတော့ဘူး။ ဒါပေမဲ့ ကံအားလျော်စွာပဲ မက်ဆေ့ခ်ျ ပို့လို့ရသေးတယ်။ ဖုန်းအင်တာနက် ဒေတာဖွင့်လို့ရတယ်။ ကျွန်တော့်အမေကလွဲပြီး ကျန်တဲ့သူအားလုံးဆီက သတင်းကို ရ လိုက်ပါတယ်။ စိုးရိမ်စိတ်တွေ ထူပူပြီး အိမ်ထဲကို တစ်ခေါက်ပြန် ဝင်၊ ပစ္စည်းတွေ သိမ်းပြီးတာနဲ့ ကျွန်တော့်ဦးလေး အိမ်ကနေ ထွက်ဖို့ပြင်တယ်။ အဲဒီမှာပဲ ငလျင် နောက်ဆက်တွဲ ပထမဆုံး တုန်ခါမှုဖြစ်လာတယ်။ နောက်ပိုင်းမှာ အဲဒီတုန်ခါမှုတွေ အကြိမ်တော်တော် များများဖြစ်နေခဲ့ပါတယ်’’ဟု ပန်ဒေးက ပြောကြားသည်။

နောက်ဆက်တွဲ တုန်ခါမှုတစ်ခုဖြစ်တိုင်း အိမ်များ သိမ့်သိမ့် တုန် လှုပ်ခတ်သွားပြီး လူအများက ကြောက်လန့်တကြား မြေကြီးပေါ် ပြေးမှောက်ကြသည်။ ပန်ဒေးသည်လည်း ရင်တထိတ်ထိတ် နှင့်ပင် နေအိမ်သို့ ပြန်လာခဲ့သည်။ ‘‘အဲဒီအပြန်လမ်းကတော့ တ ကယ့်ကို ကြေကွဲစရာ မှတ်တမ်းတစ်ခုပါပဲ’’ဟု ပန်ဒေးက သက်ပြင်းရှိုက်ရင်း မှတ်ချက်ပြုသည်။

ငလျင်ဒဏ်ကြောင့် အိမ် သစ်၊ အိမ်ဟောင်း အများအပြား မြေပေါ်တွင် ပြားပြားဝပ်နေသည်။ လမ်းများပေါ်တွင် မြေလွှာပက် ကြားအက်ကြောင်းကြီးများ ပေါ် နေပြီး တစ်ချိန်က ထည်ဝါခဲ့သည့် ဝတ်ပြုကျောင်းဆောင် တစ်ခု၏ နံရံအမြင့်ကြီးမှာလည်း ပြိုကျနေပြီ ဖြစ်သည်။

ရွှံ့နှင့်အုတ်တို့ ရောနှောပြီး ဆောက်ထားသည့် အိမ် ငယ်လေး တစ်လုံးမှာ လဲပြိုလျက် ရှိကာ အပြာရောင် မော်တော်ဆိုင် ကယ်လေး တစ်ဦးသည် အပျက် အစီးပုံအတွင်းမှ တစ်စွန်း တစ်စထွက်ပေါ်နေသည်။ ဆိုင်ကယ်ပိုင် ရှင်မှာမူ အရိပ်အယောင်မျှပင် ရှာမတွေ့တော့ချေ။
အမျိုးသမီး တစ်ဦးကမူ ပြိုကျနေသော နေအိမ်အုတ်ပုံများ ပေါ် ကျော်လွှားတက်ရင်း တစ်ချိန် က မီးဖိုချောင်ဖြစ်ခဲ့ဟန်တူသည့် နေရာမှ ရေစည်ကို လှမ်းယူရန်ကြိုးစားနေသည်။ ငလျင်ဘေးမှအသက်ရှင် လွတ်မြောက်လာသူများသည် ဟင်းလင်းပြင် နေရာ များသို့ အလျှိုအလျှို ထွက်လာပြီး ငလျင်နောက်ဆက်တွဲ လှုပ်ခတ်မှု တစ်ကြိမ်ဖြစ်တိုင်း ကျီးလန့်စာစား ထိတ်လန့်လျက် ရှိသည်။
‘‘အဆောက်အအုံမြင့်တွေ ရှိတဲ့နေရာကို တတ်နိုင်သလောက် ရှောင်ကွင်းပြီး ခတ္တမန္ဒူ ဒါဘား ဧရိ ယာကို ကျွန်တော်ရောက်အောင် လာခဲ့တယ်။ အဲဒီနေရာက လုံးဝကို ပြားပြားဝပ် ဖြစ်သွားလောက်အောင် ပြိုကျပျက်စီးနေပါပြီ။ လူတွေက အသက်ရှင် ကျန်ရစ်သူတွေကို အပျက်အစီးပုံတွေ အောက်မှာ လိုက်ရှာနေတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေး လုပ်ငန်း တွေက အရမ်းနှေးကွေးပြီး အလုပ်မတွင်ဘူး ဖြစ်နေတယ်လေ’’ဟု ပန်ဒေးက ပြောကြားသည်။

မြို့တော်၏ အထင်ကရသာသနိက အဆောက်အအုံများ အနက် ကက်စ်သာမန်ဒပ် ဘုရား ကျောင်းမှာ အကြီးအကျယ် ပြိုကျပျက်စီးနေပြီ ဖြစ်သည်။ လှပဆန်းကျယ်စွာ ဆောက်လုပ်ထား သည့် ပိရမစ်ပုံ လှေကားစောင်း တန်းသည် မုန့်မုန့်ညက်ညက် ကြေမွသည်အထိ အခြေအနေဆိုးနေသည်။ နှစ်ပေါင်းရာနှင့်ချီ သက်တမ်းရှိသည့် ရှီဝဝတ်ပြု ကျောင်း ဆောင်သည်လည်း မြေပေါ်တွင် အလဲလဲအပြိုပြို ဖြစ်နေသည်။ ဘာဆန်တာပူ နန်းတော်ရာ၏ အနောက်ဘက်ခြမ်းသည် အကောင်းပကတိ ကျန်ရှိသည့် အရာဟူ၍ ရှာမရတော့ချေ။ အနီးရှိ အပျက်အစီးပုံ တစ်ခုပေါ်တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး မတ်တတ်ရပ်နေရင်း လူအများကို မည်သို့ အကူ အညီပေးရမည်ကို ရုတ်တရက် ဝေခွဲမရဘဲ ငေးကြောင်နေဟန် ရှိ သည်။

ငလျင်ကြီးသည် ခတ္တမန္ဒူမြို့တော်၏ အနောက်ဘက် လမ်ဂျွန်ဒေသအနီး၌ ဗဟိုပြုခဲ့ပြီး နောက်ဆက်တွဲ တုန်ခါမှုများသည် ငလျင်ဗဟိုချက်မှ အရှေ့ဘက်သို့ နေရာရွေ့လာကာ ခတ္တမန္ဒူ မြို့တော်တစ်ဝိုက်တွင် ပျံ့နှံ့လှုပ်ရှားခဲ့သည်။ ငလျင်အပြီး နောက်ဆက်တွဲ လှုပ်ရှားမှု အနည်းဆုံး ၃၅ ကြိမ်မျှ ရှိခဲ့ပြီး ယင်းတို့အနက် တစ်ကြိမ် သည် ပြင်းအားအဆင့် ၆ ဒသမ ၆ ထိသက်ရောက်ခဲ့သည်။ ငလျင်ကြောင့် နီပေါနိုင်ငံ အရှေ့ဘက်အစွန်အဖျားရှိ ဧဝရက်တောင် တွင် ဆီးနှင်းပြိုကျမှုများ ဖြစ်ပွား ပြီး တောင်တက်သမားများပါ အသက်ဆုံးရှုံးခဲ့ရသည်။

ဧပြီ ၂၈ရက်အထိ စာရင်းအရငလျင်ကြောင့် လူပေါင်း၎,၄၀၀ကျော် သေဆုံးကြောင်း နီပေါ အစိုးရက အတည်ပြုထားပြီး သေဆုံးမှု ကိန်းဂဏန်း ဆက်လက်မြင့်တက်နေဦးမည်ဟု ခန့်မှန်းထားသည်။ နီပေါ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်လည်း လူ ၈၀ကျော်သေဆုံးပြီး တိဗက်တွင် ၂၅ဦး ခန့် သေဆုံးကြောင်း သိရသည်။ ခတ္တမန္ဒူ မြို့တော်သို့ နိုင်ငံတကာအထောက်အပံ့များ စတင်ရောက်ရှိလာပြီ ဖြစ်သော်လည်း အစွန်အဖျား ဒေသများသို့ ဆက်သွယ်ရန်အလွန်ခက်ခဲနေဆဲ ဖြစ်သည်။ ခတ္တမန္ဒူတွင်လည်း လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်ကာ လမ်းများလည်း ပိတ်ဆို့နေသည်။ မြို့ခံများသည် ညအချိန်များတွင် မှောင်မည်းနေသော လမ်းများပေါ် ထွက်လာပြီး အိပ်စက်ကြသည်။ ၎င်းတို့အနေဖြင့် နောက်ထပ်ငလျင်တစ်ခု ထပ်မံလှုပ်ခတ်မည် ကို စိုးရိမ်သောကြောင့် အိမ်ထဲသို့ ပြန်မဝင်ရဲချေ။

သေဆုံးသူများကို ခတ္တမန္ဒူ မြစ်ကမ်းပါးတွင်ပင် ရိုးရာ ဓလေ့ ထုံးစံအတိုင်း အလျင်အမြန် မီးသင်္ဂြိုဟ်ကြရသည်။ အလောင်း တစ်လောင်း သင်္ဂြိုဟ်ပြီးသည်နှင့် အပျက်အစီးပုံအောက်မှ ဆွဲထုတ်လာသည့် နောက်ထပ် အလောင်းများကို သင်္ဂြိုဟ်ရန်စီစဉ်ရပြန်သည်။ သေဆုံးသူများ၏ မိသားစုများ အော်ဟစ်ငိုယိုနေသော အသံများက ခတ္တမန္ဒူ မြစ်ကမ်းနံဘေးတွင် စိတ်မချမ်းမြေ့ ဖွယ်ပျံ့လွင့်နေပါသည်။
‘‘လောလောဆယ်တော့ ခတ္တမန္ဒူ အခြေအနေလောက်ကိုပဲ မျက်မြင်တွေ့နိုင်သေးတယ်။ အ စွန်အဖျား ဒေသတွေမှာ ပိုဆိုးမယ်လို့ မှန်းထားတယ်။ အထူးသဖြင့် ငလျင်ဗဟိုပြုတဲ့ ဒေသတွေဟာ လုံးဝဥဿုံ၊ ဒါမှမဟုတ် လုံးဝနီးပါး ပျက်စီးသွားပြီလို့ ယူဆရပါတယ်။ အခုလောလောဆယ် တော့ နယ်စွန်နယ်ဖျား ဒေသတွေနဲ့ ပတ်သက်လို့ ဘာသတင်း အ ချက်အလက်မှ မရသေးဘူး’’ဟု Save the Children အဖွဲ့မှ စေတနာ့ဝန်ထမ်း ဒါဗန်ဒရာဆင်းတက်ခ်က ပြောကြားသည်။

ခတ္တမန္ဒူ တောင်ကြားရှိ ကုလသမဂ္ဂက ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်ထားသော နေရာအများအပြား လည်း ပျက်စီးကုန်သည်။ တစ်မြို့လုံး ဆိုးဆိုးရွားရွား ပျက်စီးပြိုပျက်နေသည့် မြင်ကွင်းများကို စိတ်မ ချမ်းမသာ တွေ့မြင်ရပြီးနောက် အလွတ်တန်း သတင်းထောက် ပန်ဒေးသည် ၎င်း၏ မိသားစု နေအိမ်သို့ ပြန်လည် ရောက်ရှိသွားသည်။
‘‘အိမ်ကို ချောချောမောမော ပဲ ပြန်ရောက်သွားပါတယ်။ ကျွန်တော့်မိဘ နှစ်ပါးစလုံး ဘေးကင်းကြတယ်။ နှစ်ပေါင်း ၃၀ လောက် သက်တမ်းရှိခဲ့တဲ့ ကျွန်တော်တို့အိမ်က လုံးဝ ပြိုမကျဘဲမားမားမတ်မတ် ဆက်ရှိနေတာကို အရမ်းအံ့ဩမိတယ်။ ပတ်ဝန်းကျင်မှာတော့ သန်းခေါင်လောက် ကျရင် ငလျင်ကြီးတစ်ခု ထပ်လှုပ် ဦးမယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေခဲ့ပါတယ်’’ဟု ပန်ဒေးက ၎င်း၏ အတွေ့အကြုံကို ဖောက် သည်ချသည်။

ခတ္တမန္ဒူရှိ ဘားရ်ဆေးရုံတွင် ဆရာဝန်များသည် ဒဏ်ရာရ သူများအား အပူတပြင်းစောင့်ရှောက်ကုသမှု ပေးနေရသည်။ အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန် ဒေါက်တာ ဘီကက်ရှ်ကမ်ဘူ က ၎င်း၏လူနာ တစ်ဦးဖြစ်သည့် (၈) နှစ်သမီးလေး ဆယ်လီနာ ဒိုဟဲလ် အသက်ရှင်ရန် ပြင်းပြင်း ပြပြ မျှော်လင့်နေသည်။ ဒိုဟဲလ် သည် ရေသွားခပ်ချိန်တွင် ငလျင်လှုပ်ခတ်ပြီး အိမ်တစ်လုံး ပြိုကျရာမှ အစအနများ ထိမှန်ကာ ဦးခေါင်းခွံ အရှေ့ပိုင်း ကွဲအက်သွားခဲ့ သည်။ ၎င်းကို နီးစပ်ရာ ဆေးရုံ တစ်ခုသို့ ပို့ဆောင်ခဲ့သော်လည်း အခြေအနေ ဆိုးလွန်းသဖြင့် ဘားရ်ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

‘‘တော်တော် ဆိုးဆိုးရွားရွား ဖြစ်သွားတာ။ အိမ်အမိုးက သူ့ ခေါင်းပေါ် တည့်တည့်ကျပြီး ခေါင်းခွံအက်သွားတယ်။ သွေးခဲ နေတာကို ဖယ်ရှားဖို့အတွက် အမြန်ဆုံး ခွဲစိတ်ခဲ့ရပါတယ်။ သူ့ကိုရှာတွေ့တော့ ဒဏ်ရာရထားပြီးတာ နာရီပေါင်းတော်တော် တောင်ကြာနေပြီ’’ဟု ဒေါက်တာ ဘီကက်ရှ်ကမ်ဘူက ဆိုသည်။ ထို့နောက်တွင်မူ ၎င်းသည် နောက် ထပ် အသစ်ရောက်လာသည့် လူနာများအား စစ်ဆေးရန် ခပ်သုတ် သုတ် ထွက်ခွာသွားသည်။

နီပေါသည် ၁၉၃၄ နောက် ပိုင်း အဆိုးဆုံး ငလျင်ကြီး တစ်ခုနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။ထိုစဉ်က လူပေါင်းတစ်သောင်း ကျော် သေကျေပျက်စီးခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း အလားတူအခြေအနေဆိုးမျိုး ကြုံလာနိုင် ကြောင်း ဝန်ကြီးချုပ် ဆူရှီလ် ကွိုင်ရာလာက ဝန်ခံသည်။ ‘‘ဘာပဲဖြစ်ဖြစ်ပါ။ အစိုးရ အနေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးအတွက် အစွမ်းရှိသလောက် ကြိုးစား ဆောင်ရွက်သွားပါ့မယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံအတွက် စိန်ခေါ်မှုကြီး တစ်ခုပါ။ သမိုင်းမှာ အခက်ခဲဆုံး၊ အမှောင်မိုက်ဆုံး နာရီတွေကို ကျွန်တော်တို့ ဖြတ်သန်းနေရပါတယ်’’ဟု ကွိုင်ရာလာက ပြောကြား သည်။
ကုလသမဂ္ဂက ငလျင်၏ ဒဏ်ကို လူပေါင်းရှစ်သန်းမျှ သက်ရောက် ခံစားခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး လူပေါင်း တစ်သန်းခွဲမျှသည် အရေးတကြီး ကူညီထောက်ပံ့မှုများ လိုအပ်နေ ကြောင်း ဆိုသည်။ ယင်းတို့အနက် ကလေးငယ် တစ်သန်းခန့် ပါဝင်မည်ဟုလည်း ကုလသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြပါရှိ သည်။

‘‘ကြုံခဲ့သမျှက မယုံနိုင်စရာ ကြီး ဖြစ်နေတုန်းပဲ။ ကြောက်စရာ အကောင်းဆုံး အရာတွေကို တွေ့မြင်ခဲ့ရပေမယ့် ကျွန်တော်တို့ ကြောက်နေတုန်းပါပဲ။ ညဘက် လမ်းပေါ်မှာ ထွက်အိပ်ရင်း ရုတ်တရက် လန့်နိုးလာမိတယ်။ အဲဒီအခါမျိုးတွေမှာ စိုးရိမ်စိတ်နဲ့ မျက် တောင်မခတ်မိလောက် အောင် ချောက်ချားနေမိတုန်းပါပဲ’’ဟု အလွတ်သတင်းထောက် ပန်ဒေး က ပြောကြားသည်။
Ref: CNN, BBC, The Hindu

http://www.7daydaily.com/story/36074#.VUCvoPD-JqM

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...