စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဟာလိဝုဒ်နှင့် မြန်မာပြည်

                      

Hollywood က Die Hard နှင့် Mission Impossible နှစ်ခုပေါင်း၍ Mission Die Hard ရိုက်ရန် စီစဉ်လိုက်ကြသည်...။
ထူးထူးခြားခြားနေရာအဖြစ် မြန်မာနိုင်ငံကို ရွေးလိုက်ကြသည်။
Bruce Willis,Tom Cruise နှင့် Michelle Yoeh အပါအဝင် သရုပ်ဆောင်များစွာနှင့် အားဖြည့်ထားကြသည်။

ဇာတ်လမ်းအစတွင် ချောင်းသာတွင် တွမ်ခရု နားနေသည်။ ထိုစဉ် Mission အတွက် စခန်းမှ Video Message ဝင်လာသည်။ တွမ်ခရု ဖွင့်ဖတ်သည် ... အဝိုင်းလည်နေသည် ...။ Your New Mission is... ဆိုတာပဲ တွေ့လိုက်ရသည်...။ SIM card ကို ပြောင်းထည့်ပြီး ပြန်ချိတ်သည်...အဝိုင်းလည်သည်.... ။ နောက်တစ်ကတ် ပြောင်းချိတ်သည်... အဝိုင်းလည်နေသည်...။ စိတ်မရှည်သဖြင့် Hotel wifi ဖြင့် သွားကြည့်သည်.... မထူးခြား။

ဒါနဲ့ပဲ အရေးကြီး Mission ဆိုတာ သိသဖြင့် Bruce Willis ကို ရန်ကုန်သို့ Video ဖိုင်ယူလာရန် ချိန်းလိုက်သည်။

Bruce က iPad ဖြင့် ရန်ကုန်လာသည်။ လေဆိပ်တွင် Custom နှင့် တိုးသည်။ အိုင်ပက်ကို သိမ်းလိုက်သဖြင့် တိုင်ပတ်ကုန်သည်။ Laptop ထဲရှိ Backup ဖိုင်ကိုကြည့်ရာ Laptop တက်မလာသဖြင့် ပြင်ရန် ပန်းဆိုးတန်းနားရှိ ဆိုင်တစ်ဆိုင် အပ်လိုက်သည်။ ဆိုင်က ကိုယ်တော်တွေက ထုံးစံအတိုင်း Format ချပြီး Windows အသစ်ပြန်တင်လိုက်သဖြင့် နားကားကုန်သည်။

နောက်ဆုံး မီရှဲယိုက Mission ကို အသေးစိတ် အလွတ်ကျက်လာပြီး တရုတ်နယ်စပ်မှ ကားကို အမြန်မောင်းချလာသည်။ မြို့အဝင်တွင် ပြိုင်ကားကို Sticker ကပ်ထားသည်ဟုဆိုတာ ရစ်နေသဖြင့် မောင်းပြေးသည်။ လမ်းက ချိုင့်တွေနဲ့တွေ့ပြီး ပြိုင်ကား စမုံတုံးသွားသည်။ ဒါနဲ့ပဲ Taxi ကိုတားပြီး ဝင်ထိုင်လိုက်ရာ မီတာမဟုတ်သဖြင့် Taxi သမားနှင့် စကားများပြီး ကန်ထုတ်ခံရသည်။ အဲနောက် Smart Card အားကိုးဖြင့် ဘတ်စ်ကား တက်စီးပြန်ရာ ဘတ်စ်ကားတွေက Smart ကတ် စက်ပျက်နေတယ် ပြောသဖြင့် အကြွေလည်း မရှိသောကြောင့် ဒေါ်လာ ၁၀၀ တန်ကို စိတ်တိုတိုနဲ့ပေးရင်း ဆုံမှတ်ရောက်အောင် လာခဲ့သည်။

သုံးယောက်ဆုံတော့ မီရှဲယိုက Mission ကို ပြောပြသည်။ လူဆိုးတွေ ဒီကိုလာပြီး ဒုက္ခပေးမည်။ Hacker တွေလည်း ပါလာသည်။ ဒါကိုသိတော့ ဒီကဂျောတွေကို သိထားသော တွမ်ခရုကရယ်ပြီး ဒီလောက်တော့ အေးဆေးပါ ... လက်ပိုက်နေရုံပဲဟု ပြောသည်။

လူဆိုးတွေ ရန်ကုန်ရောက်လာသည်။ Die Hard 4 တုန်းကလို Hacker အုပ်စုက Fire Sale ကို စရန်ပြင်သည်။ လျှပ်စစ်ဓာတ်အားကို ဖြတ်တောက်ဖို့ Hack ရန်ပြင်သည် ... မရ ...။ တစ်လမ်းဝင် တစ်လမ်းထွက် မိန်းလိုက်ချမှ ရမည်ဆိုသဖြင့် လူမသိသူမသိ မိန်းတွေ လိုက်ချသည်။ လမ်းတွေ မီးပျက်ကုန်သည်။ သို့သော် ဘယ်သူမှ အံ့သြဟန်မပြ ...။ အသွားအလာမပျက် ...၊ စကားပြောမပျက် ...။ လူဆိုးတွေ ဘယ်လိုမှ စဉ်းစား၍မရ ...။ မီးပျက်လို့ တစ်မိနစ်ပင်မကြာ၊ မီးစက်သံတွေ အလျှိုလျှိုပေါ်လာပြီး မီးများ ဟိုတစ်စသည်တစ်စ ပြန်လင်းလာသည်။ တစ်မြို့လုံး စကေးနှင့် လျှပ်စစ် Backup Plan တွေ့မြင်လိုက်ရသည့်အခါ လူဆိုးတွေ လက်ဖျားခါသွားသည်။

ဒါနဲ့ နောက်တစ်ဆင့် မီးပွိုင့်တွေကို့ Hack ပြီး Traffic တွေ ကမောက်ကမ ဖြစ်အောင် ကြံသည်။ Hacker က မီးပွိုင့် Control Center ရှာသည်။ မတွေ့။ မီးပွိုင့်နားသွားပြီး Access Point လိုမျိုးဟာတွေ ရှာသည်မရှိ။ ဒါနဲ့ပဲ စိတ်မရှည်ဘဲ မီးပွိုင့်ကိုပေးသည့် လျှပ်စစ်ကြိုးကို ကပ်ကြေးဖြင့် သွားညှပ်သည်။ မီးပွိုင့်ပျက်သွားသည်။ သူပျော်သွားသည်၊ ကားတွေ ပြဿနာ တတ်တော့မယ်ပေါ့။

ဒါပေမဲ့...
သူ့အပြုံးက တစ်မိနစ်ပင်မခံ။ ကားတွေက အေးဆေးဆေးနှင့် လက်ကလေးပြလိုက် ... လက်ညှိုးလေး တစ်ချောင်းထောင်လိုက် ... မီးတောက်လိုက် ... ဟွန်းတီးလိုက် ... အစ်ကိုရေ တစ်စီးလောက်လို့ ပြောလိုက်နှင့် ဟိုတိုးဒီတိုးနှင့် ဆက်သွားနေကြသည်၊ ... သူ့ဟာနှင့်သူ ဟုတ်နေကြသည်။ လူဆိုးတွေ မျက်လုံးထပ်ပြူးသွားသည်။ တစ်မြို့လုံး လူတွေကို ဒီလို Emergency Training တွေ ဘယ်တုန်းကများ ပေးထားလဲဟု စဉ်းစားမရ ဖြစ်သွားသည်။

သည်တော့ ဒါတွေ လုပ်မရရင် Stock Market တွေကို Hack မယ်ကွာ ...၊ စတော့ဈေးတွေ ကမောက်ကမဖြစ်ပြီး လူတွေဆူအောင် လုပ်မယ်ဟုဆိုတာ ကြိုးစားသည် ...။ Online တွင် Stock Market မတွေ့ ... ။ သူတို့များ မှားနေလားဟု Google တွင် Online Market ဟုဆိုကာ ရှာတော့ အင်္ကျီလေးတွေ၊ ပိုက်ဆံအိတ် copy လေးတွေ ရောင်းသော Online shopping တွေသာ ရှာတွေ့သည်။

ဒါနဲ့ပဲ Fire Sale နောက်တစ်ဆင့် ဖြစ်သည့် အဆောက်အအုံတွေရှိ Emergency Alarm တွေ မြည်အောင်လုပ်မည်ဟု ကြိုးစားသည်။ ထုံးစံအတိုင်း Online မှ လုပ်မရသည့်အတွက် နီးစပ်ရာ အဆောက်အအုံမှ Fire Alarm ကို Manual ဖွင့်ရန် ကြိုးစားသည်။ မှန်ခွဲ၍ နှိပ်ပါဆိုသော ခလုတ်ကိုနှိပ်ရာ ခလုတ်က သံကြေးကပ်နေသည်။ မရမက ထုထောင်းနှိပ်ရာ ကျိကျိနှစ်ချက်သာမြည်ပြီး ပျက်သွားသည်။ အပေါ်က Emergency ရေပန်းကို မီးခြစ်ဖြင့်တက်ရှို့ရာ Zippo ဆီသာ ကုန်သွားသည်။ ရေက အိမ်မြောင်သေးပေါက်သလောက်တောင် ကျမလာ။ တော်တော်လေသွားကြသည်။

ဒါနဲ့ စိတ်ပျက်ပျက်ဖြင့် ငါးမရရေချိုးပြန် ပုံစံဖြင့် ATM စက်ကို Hack ပြီး ပိုက်ဆံထုတ်ရန် ကြိုးစားသည်။ ATM စက်တစ်ခုဆီ သွားသည်။ ပျက်နေသည်။ နောက်တစ်ခုဆီ သွားသည်။ စက်မဖွင့်ထား။ နောက်တစ်ခုက စက်ဖွင့်ထားတော့ ဝမ်းသာအားရဖြင့် သူတို့ VISA ကတ်ကြီး ထည့်ပြီး ကြိုးစားသည်။ Connection မတက်သဖြင့် PIN ရိုက်၍မရ ...။ သုံး၊ လေး၊ ငါးခါ စမ်းတော့ စက်ကကြောင်ပြီး သူ့ VISA ပါ ထုတ်မပေးတော့။ သွားပြီး ... သူ့ VISA ကတ်ပါ အဆစ်ပါသွားသည်။

စိတ်ညစ်ညစ်နဲ့ သူတို့ကားဆီ ပြန်လာတော့ ကားက လမ်းဘေးရပ်ထားသဖြင့် ကရိန်းကမသွားသည်။ လိုက်မေးတော့လည်း ဘယ်သူ့ခွေး အဖေခေါ်ရမသိ ဖြစ်နေသည်။ ဒါနဲ့ စိတ်တွေ အကြီးကြီးလေပြီး လမ်းမဘေးက ခြေဦးတည့်ရာ လျှောက်သွားကြရာ ဘတ်စ်ကားပေါ်မှ ကွမ်းတံတွေး လှမ်းထွေးခံရသည်၊ လမ်းဘေးဈေးဗန်း တက်နင်းမိသဖြင့် မရှိရှိသည့် ပိုက်ဆံဖြင့် လျော်ရသည်။ လမ်းမဘေး ရှေ့နောက်မကြည့် လျှောက်သဖြင့် ဆိုက်ကားသမား လှမ်းဆဲတာ ခံရသည်။

စိတ်ပျက်လက်ပျက်ဖြင့် အုပ်စုလိုက် ၁၉ လမ်း သွားသောက်ကြတော့ ဘီယာဆိုင်က Bill ကို သုံးဆလောက် ပေါင်းထည့်ပြီး ဂျင်းထည့်လိုက်သည်။ နောက်ဆုံး ကိုယ့်တိုင်းပြည်ကိုပဲ ပြန်ပါတော့မည်ဟု စိတ်ဆုံးဖြတ်ကာ လေဆိပ်သွားတော့ ကားပိတ်သဖြင့် နေ့ဝက်လောက် ချွေးဒီးဒီးကျအောင် Taxi စီးလိုက်ရသည်။ ဟိုရောက်တော့ Flight Delay ဆိုသဖြင့် ကိုးနာရီလောက် ထပ်စောင့်လိုက်ရသည်။ မပြန်ခင်တော့ ကောက်ချက်ချလိုက်သည် ...
“ငါတို့ ကမ္ဘာလှည့်ပြီး လုပ်စားလာတာကြာပြီ။ ဒီလိုမျိုး ဘယ်လိုစမ်းစမ်း ခံနိုင်တဲ့ နေရာမျိုး မတွေ့သေးဘူး။ တော်တော်တော်တဲ့ သူတွေ။ ငါတို့တောင် စမုံတုံးတော့မလို့။ သူတို့ကတော့ ဟန်တောင်မပျက်ဘူး” ... တဲ့။

ဒီအဖြစ်အပျက်ကို နောက်က အစအဆုံး နောက်ယောက်ခံ ကြည့်နေသူတွေကတော့ ... တွမ်ခရုက ဂျာနယ်လက်ပွေ့သမားအဖြစ်၊ ဘရုစ်က လေဆိပ်က အထမ်းသမားအဖြစ်၊ မီရှဲယိုက ၁၉ လမ်းမှ Promotion သူလေးအဖြစ်နှင့် ဖြစ်သည်။ ဂျာနယ်သမားယောင်ဆောင်ပြီး ကားပေါ်ကနေ ကွမ်းတံတွေးဖြင့် လှမ်းထွေးလိုက်ရသည်၊ Beer ဆိုင်တွင် Bill ရှင်းရာ ဂျင်းထည့်လိုက်ရသည်၊ လေဆိပ်တွင် ပစ္စည်း လုသယ်ပြီး ရသလောက် တောင်းလိုက်ရသည်ဟု ပြန်ပြောကာ သူတို့သုံးယောက် ရယ်နေကြသည်။
တွမ်ခရုက ပြောသည် ...
“တွေ့တယ်မလား။ အဲလိုကောင်တွေလောက်ကို ဒီမှာ စကားထဲတောင် ထည့်ပြောဖို့ မလိုဘူး”

သည်လိုနှင့် Mission Die Hard ဇာတ်လမ်းကြီးကို ခမ်ခမ်းနားနား ရိုက်ကူးပြီး တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြိုင်တူပြသသည်။ ရှယ်ကားဖြစ်လို့ နှစ်လ၊ သုံးလလောက် ပြမည်ဟု ကြေညာသည်။ သို့သော် ပြပြီး သုံးရက်အကြာတွင် မြို့ထဲတွင် ခိုးကူးခွေများ ထွက်လာသဖြင့် အားလုံး ဝိုင်းအားပေးကြရာ Hollywood မှာ ခွက်ခွက်လန်အောင် ရှုံးလေသတည်း။

Credit: ခန့်ကြွယ်စိုး-www.thevoicemyanmar.com


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...