စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျော့ကွင်းထဲကကျား ပုံပြင်

ရေဒီယိုလိုင်းက ကျော့ကွင်းထဲကကျား ပုံပြင်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြည်သူ့ရင်ပြင်မှာ ပြုလုပ်တဲ့ မြန်မာ အမျိုးသမီး ပွဲတော်ကို သွားဖို့ တက္ကဆီငှားဖြစ်နေတယ်။ မြို့ထဲကနေပေါ့။ ကျွန်တော် တက္ကဆီ စီးနေတုန်း ရေဒီယိုလိုင်း တစ်ခုက အစီအစဉ်ကို တက္ကဆီ ဒရိုင်ဘာက ဖွင့်တော့ နားထောင်ဖြစ်တယ်။ ကလေးများအတွက် အစီအစဉ်တစ်ခု အသံလွင့်နေတာပါ။ ပုံပြင်ပြောပြတဲ့ အစီအစဉ်လေး တစ်ခုပေါ့။ ပုံပြင်လေးက ဒီလို -

ကျားကြီး တစ်ကောင် ရှိသတဲ့။ ကျားဟာ မုဆိုးထောင်တဲ့ ကျော့ကွင်း တစ်ခုထဲမှာ မိနေတဲ့အခါ ဖြတ်သွားတဲ့ တိရစ္ဆာန်များက ဆွမ်းကြီး ဝိုင်းလောင်း ပါတော့တယ်။ ဒါ ငါတို့ အမျိုးကို၊ အမေကို၊ အဖေကို သတ်စားခဲ့သူကြီး ဆိုတဲ့ အငြိုးနဲ့ တစ်ကောင်ပြီး တစ်ကောင် ကစ်လိုက်တာ ကျားဟာ အင်မတန်ကို နာကျင်သွားသတဲ့။ ကျားကလည်း လာသမျှ အကောင်တွေကို ကြိုးဖြုတ်ပေးနိုးနိုး သနားကမား မျက်နှာနဲ့ တောင်းပန်တာပေါ့။ မျောက်၊ ယုန်၊ သမင်၊ ဆင်၊ ဒရယ် အစရှိသဖြင့် အကောင်များက ရိုက်ထု လိုက်တာ ကျားခမျာ မျော့မျော့သာ ကျန်တော့တယ်။

ဒါနဲ့ နောက်ဆုံးကျ တောကြောင်က အနီးရောက်လာတယ်တဲ့။ သူလည်း ဆွမ်းကြီးလောင်းဖို့ ရွယ်နေတုန်း ကျားက တောင်းပန်ပြီး စကားပြောရှာပါတယ်။
‘ အသင် တောကြောင်ရေ. ကျွန်ုပ်မှာ အကောင်ပေါင်း ၂၀ ကျော်လောက်က ပေးတဲ့ ဒဏ်ရာကြောင့် အတော်လေးကို နာနေပါပြီ။ အကယ်၍ အသင်ဟာ ထပ်၍ ရိုက်နှက်လျှင် ကျွန်ုပ် သေဖို့သာ ရှိပါလိမ့်မည်။ အသင့်အနေနဲ့ ကျွန်ုပ်ကို ရိုက်မည့် အစား ကြိုးကို ဖြုတ်ပေးသင့်သည်။ အကြောင်းက ကျွန်ုပ်သည် သင့်ထံပါး ဆွေစဉ် မျိုးဆက် ၈ ဆက်တိတိ ကျွန်ပြု လုပ်ကျွေးသွားမည်ဖြစ်သောကြောင့် ဖြစ်သည်။ စားသောက်ရန် အတွက် လည်းကောင်း၊ အိပ်စက်ရန် အတွက်လည်းကောင်း၊ အမဲလိုက်ရန် အတွက်လည်းကောင်း အားလုံး တာဝန်ယူ ပြုစု စောင့်ရှောင့်ပေးပါမည်။ ကျွန်ုပ်မရှိတော့က ကျွန်ုပ် မျိုးဆက်က တာဝန်ယူပေးသွား ပါလိမ့်မည်’

ဒါနဲ့ တောကြောင်က သနားလို့ မရိုက်တော့ပဲ နေမယ့် အဆင့်ကနေ ကြိုးဖြုတ်ပေးတဲ့ အဆင့်အထိကို ရောက်သွားတယ်။ ကျားရဲ့ ပြောစကားမှာ မျောသွားတာကို။

ဒါနဲ့ ကြိုးလည်း ဖြုတ်ပေးလိုက်ရော၊ ရက်အတော်ကြာ ကျော့ကွင်းအမိခံနေရတဲ့ ကျားက ဗိုက်ဆာဆာနဲ့ တောကြောင်ကို ဖမ်းကိုက်ဖို့ ကြိုးစားတယ်။ အမှန်တော့ တောကြောင်ဆိုတာ ကျားနဲ့ မျိုးနွယ်က သိပ်မကွာပဲလေ။ အားမကြီးရင်တောင် အားမငယ်တာတော့ အမှန်ပဲ။ မတိုက်ခိုက်ပဲ သစ်ပင်ပေါ် တက်ပြေးပါတယ်။ ကျားဟာလည်း ဒဏ်ရာတွေ ပြည့်နေတော့ အားသိပ်မရှိတော့ ဆက်ပြီးတော့ မကြိုးစားနိုင်ပါဘူး။ သူ့ဘာသူပဲ လက်လျှော့လို့ တောထဲကို ပြန်ဝင်သွား ပါတယ်။

ဒါနဲ့ ပုံပြင်လည်း ပြီးရော ရေဒီယိုထဲမှာ အစီအစဉ်တင်ဆက်သူက သားသားတို့ မီးမီးတို့ အနေနဲ့ ကျေးဇူးရှင်ကို ကျေးဇူး မကန်းရဘူး။ ကျေးဇူးကန်းရင် ဒုက္ခရောက်တတ်တယ်။ ကူညီမယ့်သူ မရှိဘူး အစရှိသဖြင့် ဆုံးမပြီး ပြီးသွားပါတယ်။

သူကသာ ပြီးသွားပေမယ့် ကျွန်တော်တို့ အတွက်က စဉ်းစား၊ သင်ခန်းစာယူ၊ သံဝေဂ ရစရာတွေ အများကြီးပါ။ တစ်ချက်ချင်းစီကို သုံးသပ်ရမယ်ဆိုရင် -

ခွင့်လွတ်တတ်တဲ့ စိတ် နှင့် ရန်ငြိုးစိတ်

ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ ခွတ်လွတ်တတ်တဲ့ စိတ် ခေါင်းပါးလာတာကို တွေ့လာရ ပါတယ်။ တစ်နည်းအားဖြင့် ရန်ငြိုးစိတ် ပိုများလာကြတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ခွင့်လွတ်တယ် ဆိုတာ မိမိအနေနဲ့ သူတစ်ဖက်သား အပေါ်မှာ ဘာ အငြိုး၊ အာကာသမှ မထားတော့ပဲ ချစ်သော မျက်စိဖြင့် ပြန်မြင်နိုင်အောင် ကြည့်နိုင်ခြင်း ဖြစ်ပါတယ်။ ဒါဟာ မလွယ်ပါဘူး။ ကိုယ့်ကို ဒုက္ခတွင်းထဲ ရောက်အောင် ပို့ခဲ့သူကြီးကို သင့် အနေနဲ့ တစ်နေ့တစ်ချိန်က ပြုံးပြုံးကြီး လက်ပိုက်ကြည့်ပြီး လက်ခံ ပေါင်းနိုင်ပါသေးလား။ ဒါဟာ အင်မတန် ခက်ခဲ ပါတယ်။ ခန္ဓီ သည်းခံခြင်း တရားဟာ နဂိုကတည်းက လက်ကိုင်ထားရင် ခွင့်လွတ်တယ် မလွတ်ဘူး ဆိုတာ ထည့်တောင် စဉ်းစားစရာ မလိုတော့တဲ့ အချက်ပေါ့။

တစ်ဖက်ကနေ ကြည့်ပြန်တော့လဲ ခွင့်လွတ်တိုင်းဟာ မကောင်းပါဘူး။ လူတစ်ဦးချင်းရဲ့ သံဝေဂရ နားလည်နိုင်တဲ့ ဥာဏ်ရည်မက မတူပါဘူး။ ကိုယ့်က ခွင့်လွတ်လိုက်ရင် အရင်လို ပုံမှန် ပြန်လည် ပေါင်းသင်းပြောဆိုလိုက်ရင် အရင်လိုပဲ ကိုယ့်အပေါ် ဖြန်ကျလာရင် သင်ဘယ်လို လုပ်မလဲ။
အကောင်းဆုံးကတော့ ခွင့်လွတ်လိုက်ပေမယ့် အလားတူ ထပ်မဖြစ်ရအောင် ကိုယ့်ဘက်ကနေ ဆင်ခြင်ခြင်းပါ။ ဥပမာအားဖြင့် မြင်တုန်းမြင်ခိုက် ခွင့်လွတ်တဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံပြီး နောက်တော့မှ မတွေ့အောင် ကိုယ်က အတတ်နိုင်ဆုံး ရှောင်ပေါ့။ အချို့က အမှားတစ်ခါ လုပ်ပြီး နောက်မလုပ်တော့ပဲ လိမ္မာသွားကြတယ်။ သူတို့ကိုယ် ကိုယ်က အသိုင်းအဝိုင်းထဲ လက်မခံပဲ ပယ်ထားလိုက်ပြန်တော့ သူတို့အတွက် နစ်နာပြီး ဝမ်းနည်းရတာပေါ့။ ဒီတော့ ဒီ ခွတ်လွတ်တတ်တဲ့ စိတ်ကို ထားပေမယ့် လုပ်ကိုင်ပြောဆိုမှုမှာတော့ ဆင်ခြင် သတိထားရန် လိုအပ်ပါတော့တယ်။

ရန်ငြိုးစိတ်ကတော့ ရှိကို မရှိသင့်ပါဘူး။ ရန်ကြွေး၊ ရန်ငြိုးထားပြီး ဒါကို တေးပြီး ပြန်လည် ချေပခြင်းက ကောင်းတဲ့ လုပ်ဆောင်ချက် မဟုတ်ပါ။ ယနေ့က တရားဥပဒေ စိုးမိုးနေပါပြီ။ အကယ်၍ ကိုယ့်အပေါ် မလိမ့်တစ်ပတ် ရိုက်သွားတဲ့ သူကိုဆိုရင် သူရိုက်သလို ငါပြန်ရိုက်မယ်လို့ လုပ်မယ့်အစား မှန်မှန်ကန်ကန် နည်းလမ်းနဲ့ပဲ ပြန်လည် ရှာကြံ တုံ့ပြန်သင့်ပါတယ်။ ကိုယ့်မြင်းကို သူ ၂ နာရီစီးလို့ သူ့ လှေကို ငါ နှစ်နာရီ လှော်ရင် ကိုယ်ပဲ ပင်ပန်းတာပေါ့။ မြင်းလည်း ပင်ပန်းသလို ကိုယ့်လည်း ပင်ပန်းတော့ နှစ်ခါ နာပါတယ်။ ဒီလိုပဲ ရန်ငြိုးထားပြီး ကလဲ့စားချေရန် ကြိုးစားခြင်းက ၂ ခါ နာပါတယ်။ ရန်ငြိုးမထားနဲ့ ဆိုလို့ ခွင့်လွတ်ရန်လည်း မဟုတ်ပါဘူး။ တရားဥပဒေ နည်းလမ်းနဲ့ မိမိဟာ မနစ်နာရအောင်လည်း ဖြေရှင်းရန် လိုအပ် ပါတယ်။ မကောင်းမှုလုပ်ထားသူ အပေါ် မကောင်းတဲ့ ကံ ကျမှာတော့ မှန်တယ်။ ဒါပေမယ့် ငါ အဲ့ဒါကိုပဲ စောင့်ကြည့်တော့မယ်လို့ လုပ်လို့ မရ။ သူ အနေနဲ့ နောက်ထပ် ဒီလို မကောင်းမှုကို ထပ်မလုပ်လေအောင်၊မကောင်းမှုရဲ့ ဆိုးကျိုးကို နားလည်စေအောင်။ အခြားသူများကို ဆက်ပြီးတော့ ယင်းကဲ့သို့ မလုပ်ရလေအောင် ကောင်းတဲ့ စိတ်ဆန္ဒ ဦးဆောင်မှုနဲ့ သူ့ကို ကောင်းတဲ့ နည်းလမ်းနဲ့သာ ပြန်လည် တုံ့ပြန်တာ အကောင်းဆုံး ဖြစ်ပါတယ်။

လစ်လှူရှုစိတ်

လစ်လှူရှုခြင်း အတတ်ပညာကိုတော့ အတော်များများ တတ်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် ရှေ့မှာ မသိသလို လစ်လှူရှလိုက်ပြီး နောက်ကွယ်မှ သူ့မကောင်းပြောရင်တော့ ဒါ လစ်လှူရှုတာ မဟုတ်သေးပါ။ လစ်လှူရှုတယ် ဆိုတာ သူ့အပေါ်မှာ ကိုယ်ဟာ မုန်းခြင်းမရှိ၊ ချစ်ခြင်းမရှိ၊ အလယ်အလတ် စိတ်ခံစားချက်ဖြင့်သာ မြင်ခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အကယ်၍ နောက်ကွယ်မှာ မကောင်းပြောနေသေးရင်တော့ ဒါဟာ လစ်လှူရှုခြင်း မဟုတ်ပါဘူး။ လစ်လှူရှုခြင်းကို ပြောရခြင်းက ကျားကို ရိုက်သွားတဲ့ တိရစ္ဆာန်များအတွက်ပါ။ ကျားဟာ ကျော့ကွင်းကြောင့် သေမှာ သေချာနေပါပြီ။ မကယ်ပေမယ့် ဒီတိုင်း လစ်လှူရှုလိုက်ခြင်းက ပိုလို့ အေးချမ်းပါလိမ့်မယ်။ စာဖတ်သူ အများစု အနေနဲ့ ဒါမဖြစ်သင့်တာပဲ။ ရိုက်ကို ရိုက်သင့်တယ်လို့ တွေးနေမိ ပါလိမ့်မယ်။ သင့်အနေနဲ့ သင့်ကို တစ်စုံတစ်ယောက်က ရိုက်ဖူးပါသလား၊ အနိုင်ကျင့်ဖူးပါသလား။ တွေ့တဲ့အခါ ကဲ့စား မချေပဲ လစ်လှူရှု ခေါင်းလွဲ ကြည့်လိုက်ပါ သင်တကယ် အေးချမ်းပါလိမ့်မယ်။ အဲ့ဒီထက် အေးချမ်းချင်တယ် ဆိုရင် သူချမ်းသာပါစေ၊ ကျန်းမာပါစေ ဆိုပြီးတော့ တကယ်စိတ်ရင်းနဲ့ မေတ္တာ ပိုကြည့်ပါ။ မေတ္တာဓာတ်ကြောင့် ကိုယ်ဟာ ပိုလို့ အေးချမ်းပါလိမ့်မယ်။ အကယ်၍ အဲ့လိုမဟုတ်ပဲ ဖြတ်သွားတဲ့ အကောင်တွေလို ရိုက်နေကြရင် ရိုက်နေခိုက် ကိုယ့်မှာ ထွက်တဲ့ ဒေါသဟာ အကုသိုလ် အပိုဆု ဖြစ်ပြီး သံသရာဟာ ဆိုးမှာ မဟုတ်ပါဘူး။

လောဘစိတ်နှင့် တစ်ဝက်တစ်ပြတ်ပညာ

အလိမ်ခံရသူဟာ လောဘရှိသူများနဲ့ ဥာဏ်ရည် မပြည့်သူများသာ ဖြစ်ပါတယ်။ လောဘရှိသူများ အနေနဲ့ လိုချင်တပ်မက်စိတ်နဲ့ ဝေဖန်ခွဲခြားနိုင်စွမ်းကို အဖုံးအုပ်ခံရပြီး အဲ့ဒီမှာ အလိမ်ခံရပါတော့တယ်။ သူတစ်ဖက်သားကို အားနာတယ် ဆိုတာကတော့ မာယာ၊ သာထေရ တို့နဲ့ လောဘ တစ်မျိုးပါပဲ။ အားနာလို့ ပေးလိုက်တယ် ဆိုတာက မိမိသာ သူ့ကို ဒါမပေးဘူးဆိုရင် င့ါကို ကပ်စေးနည်းတယ်လို့ ထင်တော့မှာပဲ။ င့ါကို စေတနာ တရား ခေါင်းပါးတယ်လို့ မြင်တော့မှာပဲ အစရှိသဖြင့် ငါ၊ ငါ၊ ငါ ကို စွဲနေတဲ့ အတ္တသာ ဖြစ်ပါတယ်။ ငါတစ်ယောက် နာမည်ကောင်းရဖို့။ ငါတစ်ယောက် နာမည်ဆိုး မရဖို့ ဆိုတဲ့ စိတ်များက မြန်မာလူမျိုးကြားမှာ အဖြစ်များပြီး ဒါကို အားနာတယ်လို့ ခေါင်းစဉ်တတ်ပါတယ်။ အမှန်တကယ်ကတော့ သူက ငါကို ဖုံးလွမ်းဖို့ မာယာ၊ ပရိယာယ်နဲ့ သုံးတဲ့ စကားလုံးသာ ဖြစ်ပြီး အားနာမှုနဲ့ အတ္တ၊ မာန၊ လောဘနဲ့ မကွဲတော့ပဲ အမှားအယွင်းတွေ ဖြစ်ကုန်ပါတော့တယ်။အားနာလို့ပဲ ဖြစ်ဖြစ်၊ အကျိုးလိုလို့ ဖိုလ်ထိုးတာပဲ ဖြစ်ဖြစ် လောဘက ဖုံးတော့ အလိမ်ခံရပါတယ်။ ကိုယ် ဒုက္ခ ရောက်ရ ပါတယ်။ တစ်ဝက်တစ်ပြတ် ပညာကတော့ ပညာ မပြည့်စုံခြင်း ဖြစ်ပါတယ်။ ပညာ မပြည့်စုံဘူး ဆိုတာ ဝေဖန် ပိုင်းခြားနိုင်စွမ်း ကို ကွဲကွဲပြားပြား မသိသေးတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ တောကြောင် အနေနဲ့ ကျားဆိုတာ အသားစား သတ္တဝါဖြစ်ပြီး သူ့ထက် အားကြီးနေတာ သိလျက် မဝေဖန် ပိုင်းခြား နိုင်ပါဘူး။ ကျွန်အဖြစ် ခိုင်းရမယ်လို့လည်း လောဘနဲ့ ထင်ခဲ့ပါသေးတယ်။ သူ အပြေးသန်လို့ လွတ်သွားတာ ကံကောင်း။

မိမိတို့ လူ့ပတ်ဝန်းကျင်မှာလည်း ဒီလိုပါပဲ။ လုပ်ငန်းတစ်ခုကို စတင်တဲ့အခါ လုပ်ငန်း သဘာဝ၊ သဘောတရားများကို သေချာ မသိ၊ ပညာမစုံတာကြောင့် အလိမ်ခံရသူ များပါတယ်။ လောဘ ကြောင့်လည်း အလိမ်ခံရတာ များပါတယ်။ ဒါကြောင့်မို့ မိမိဟာ ပညာလည်း စုံဖို့ လိုသလို၊ လောဘလည်း နည်းဖို့၊ ပါးဖို့ ကြိုးစားရန် လိုအပ် ပါတယ်။ ဒါမှ အလိမ် မခံရ မှာပါ။ ယခု စာရေးနေတဲ့ စာရေးသူ ကိုယ်တိုင်လည်း အလိမ်ခံရချင် ခံရပါအုံးမယ်။ အကယ်၍ မိမိ သွားနေတဲ့ လမ်းကြောင်းမှာ လိုအပ်တဲ့ ပညာသာ စုံစုံလင်လင် မသိသား၊ မတတ်ထားရင်ပေါ့။ ဒါကြောင့်မို့ ပညာစုံအောင် ကြိုးစားဖို့က ကိုယ့်တာဝန်ပါ။ ကျောင်းတော်ကြီးက ကျောင်းပညာ သင်ပေးပေမယ့် ဘဝမှာ ကြုံတွေ့ရမယ့် ကိစ္စ အားလုံးကို ဖြေရှင်းပေးဖို့အတွက် အဖြေတွေ ရှိလိမ့်မှာ မဟုတ်ပါဘူး။ မိမိ အနေနဲ့ အတွေ့အကြုံကနေလည်း သင်ခန်းစာ ယူရသလို၊ လူကြီး သူမများဆီကလည်း သင်ခန်းစာ ယူရန် လိုအပ် ပါတယ်။

ဒါနဲ… ကျွန်တော်ကိုယ်တိုင် ကလည်း အားနာနေတတ်ဆဲပါပဲ။ အဲ့ဒီ အားနာတတ်တဲ့ စရိုက်ကြောင့် မိမိကိုယ်ကိုလည်း ဒုက္ခရောက်စေသလို သူတစ်ဖက်သားကိုလည်း ဒုက္ခ ရောက်စေပေါင်း မနည်းတော့ ပါဘူး။ ဒါဟာ အတ္တ တစ်မျိုးလည်း ဖြစ်ပါတယ်။

နက်နက်နဲနဲ တွေးခေါ်တတ်မှု

ရေဒီယို နားထောင်ပြီးတော့ စာဖတ်သူတွေကို နောက်ဆုံးပေးချင်တဲ့ အကြောင်းအရာကတော့ နက်နက်နဲနဲ တွေးခေါ် တတ်မှု ဖြစ်ပါတယ်။ နက်နက်နဲနဲ တွေးခေါ်တတ်ခြင်းဟာ ကောင်းတဲ့အလေ့အထ ဖြစ်ပြီး မိမိအတွက် အင်မတန် အကျိုးရှိပါတယ်။ ဘုရားလက်ထက်က အချို့သော အနာဂါန် ပုဂ္ဂိုလ်တွေ၊ အိပ်နေရင်းနဲ့ ပထဝီဓာတ်သိလို့၊ မာနေတဲ့ သဘောတရားကို သိလို့ အရဟတ္တဖိုလ်ဥာဏ် တည်သွားတာတွေ၊ ခြေထောက်ဆေးနေရင်း အအေးဓာတ်ကို သိရင်း နိဗ္ဗာန်ကို မျက်မှောက်ပြုသွား နိုင်သူတွေ အစရှိသဖြင့် အများကြီးပါ။ ဒါဟာ ဘာကိုပြသလဲဆိုရင် နက်နက်နဲနဲ တွေးခေါ်တတ်ခြင်းက မိမိအတွက် အထောက်အကူ ဖြစ်ကြောင်းကို ဆိုလို ပါတယ်။

လူအများစုဟာ အကြောင်းအရာ တစ်ခုကို အပေါ်ယံ တွေးနေတုန်း လူနည်းစုက ယင်းအကြောင်းအရာကို နက်နက်နဲနဲတွေးပါတယ်။ နက်နက်နဲနဲ လေ့လာပါတယ်။ ဆန်းစစ်ပါတယ်။ နောက်တော့ သူတို့ဟာ ပိုလို့ အဆင့်မြင့် ထူးချွန်တဲ့ ပညာရှင်တွေ၊ ဆရာတွေ ဖြစ်ကုန်ကြ ပါတယ်။ ကြားလိုက်တဲ့ အရာတိုင်းအတွက်၊ မြင်လိုက်တဲ့ အရာတိုင်းအသိ၊ သိလိုက်ရတဲ့ အာတိုင်းအတွက်၊ စားမိတဲ့ အရာတိုင်းအတွက်၊ ထိမိတဲ့ အရာတိုင်း အတွက်၊ရှူမိတဲ့ အရာတိုင်းအတွက် သမန်ကာ ရှန်ကာ သတိလက်လွတ်ထားမယ့် အစား၊ အပေါ်ယံ သိမယ့် အစား ဘာကြောင့်၊ ဘာကြောင့် အစရှိသဖြင့် အဖြေရှာ၊ လေ့လာဆန်းစစ် တွေးနေသူ တစ်ဦးဟာ Creative Thinking, Critical Thinking skill များ တက်လာပြီး မိမိရဲ့ လုပ်ငန်းဆောင်တာ ဘဝအတွက်ကော၊ Personal ဘဝ အတွက်ကော များစွာ အထောက်အကူ ပြုပေး ပါလိမ့်မယ်။

အောင်ခမ်း (ရိုးရာလေး)

@Look Magazine Myanmar တွင် ဖော်ပြပြီး ဖြစ်ပါသည်။

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477662

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...