စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ကလေးရဲ့ ကြောက်စိတ်ကို ဘယ်လို ဖယ်ရှားပေးမလဲ


ကလေးငယ်ငယ်လေးတွေဟာ ကမ္ဘာကြီးကို လေ့လာစူးစမ်းမှု ပြုခါစအရွယ်လေးတွေပဲဖြစ်ပါတယ်။ သူတို့ဟာ ပုံပြင်တွေနားထောင်ရတာ၊ရုပ်ရှင်ဇာတ်ကားတွေကြည့်ရတာကို အလွန်နှစ်ခြိုက်ကြပြီး လောဘကြီးတဲ့မြေခွေး၊ မီးတွေမှုတ်ထုတ်တဲ့နဂါးကြီးနဲ့ ဗိုက်ဆာနေတဲ့ကျားကြီး စတဲ့ ဇာတ်ကောင်တွေအကြောင်း နားထောင်ရတာ ကြည့်ရတာသဘောကျလေ့ရှိပါတယ်။ အသက် ၃ နှစ်မှ ၄နှစ်ကြား ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအရ စိတ်ကူးယဉ်ဇာတ်ကောင်တွေဟာ တကယ့်အပြင်မှာမရှိကြောင်း နားမလည်တတ်သေးပါဘူး။ ဒါကြောင့် ပုံပြင်ထဲမှ နဂါးကြီးအကြောင်းနားထောင်ပြီးနောက်မှာ ဗီရိုနောက်မှာ နဂါးကြီးရှိနေမလားဆိုတဲ့ ကြောက်စိတ်တွေ ဖြစ်လာ တတ်ကြတာဖြစ်ပါတယ်။

ကလေးတွေရဲ့ ကြောက်စိတ်နဲ့ ကြောက်စိတ်ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတွေဟာ လူကြီးတွေအတွက် နားလည်ဖို့ခက်ခဲပြီး အဓိပ္ပာယ်မရှိသလိုထင်ရတတ်ပါတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ ငယ်ဘ၀ကြောက်စိတ်တွေကို အလေးအနက်ထားမဖြေရှင်းခဲ့ရင် နောင် ကြီးပြင်းလာတဲ့အခါ ဆိုးဝါးတဲ့ စိတ်ပူပန်တတ်မှုတွေဖြစ်တတ်ကြောင်း ပညာရှင်တွေက ပြောပြကြပါတယ်။ ကလေးစိတ်ပညာအထူးပြုတွေရဲ့ အဆိုအရ ကလေးတွေရဲ့ ကြောက်စိတ်ကို နည်းမှန်လမ်းမှန် ဖယ်ရှားပေးနိုင်ဖို့ လုပ်သင့်တဲ့နည်းလမ်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးရဲ့ကြောက်စိတ်ကို နားလည်အောင်ကြိုးစားပါ

ကလေးတွေဟာ သူတို့ရဲ့ပတ်ဝန်းကျင်မှာ ကြုံရတာတွေပေါ်မူတည်ပြီး ကြောက်တဲ့အရာတွေဟာ ကွဲပြားခြားနားတတ်တာမို့ တစ်ယောက်နဲ့တစ်ယောက် တူချင်မှ တူကြပါလိမ့်မယ်။ ကလေးက တစ်ခုခုကို ကြောက်နေတာ သတိထားမိတာနဲ့ တပြိုင်နက် အေးအေးဆေးဆေးစကားပြောရင်း မေးမြန်းလေ့လာသင့်ပါတယ်။ ကလေးက မပြောချင်တဲ့အခါမျိုးမှာ အတင်းမမေးသင့်ပဲ အေးဆေးလှည့်ပတ်မေးသင့်ပါတယ်။ ဒါပေမဲ့ ဘာမှမမေးပဲထားရင်တော့ ကလေးရဲ့စိတ်ထဲ လုံခြုံမှုနည်းပါးလာစေနိုင်လို့ အမှုမဲ့အမှတ်မဲ့ မနေသင့်ပါဘူး။

ကလေးကြောက်တဲ့အရာကို အတင်းမလုပ်ခိုင်းပါနဲ့

သင်က မြွေကြောက်တတ်တဲ့အခါမျိုးမှာ မြွေကိုအတင်းကိုင်ခိုင်းရင် ဘယ်လိုခံစားရမလဲ တွေးကြည့်ပါ။ ကလေးရဲ့ကြောက်စိတ်ကို ဖယ်ရှားဖို့ သူကြောက်တာကို အတင်းလုပ်ခိုင်းတဲ့နည်း ကိုမကျင့်သုံးသင့်ပါဘူး။ ဒါဟာ ကလေးရဲ့ကြောက်စိတ်ကို ပိုဆိုးစေတဲ့အတွက် အတင်းရင်ဆိုင်ခိုင်း မယ့်အစား ချစ်မေတ္တာအပြည့်နဲ့ အားပေးပြီး သူ့ဘာသာကြောက်စိတ်ပြေတဲ့အထိ စိတ်ရှည် လက်ရှည် စောင့်ဆိုင်းသင့်ပါတယ်။

ကြောက်စိတ်လျော့ပါးစေဖို့ ပျော်စရာအဖြစ်ပြောင်းလဲလိုက်ပါ

ကလေးက ဘာအကောင်ကို ကြောက်တာလဲ သိပြီးတဲ့နောက်မှာ ကလေးကြောက်တဲ့အကောင်နဲ့ ပတ်သက်ပြီး ရယ်စရာပုံပြင်လေးဖြစ်ဖြစ် ဖန်တီးပြီး ကလေးကို ပြောပြပါ။ ဥပမာ – ကလေးကြောက်တဲ့အကောင်က ကျားကြီးဆိုရင် ဒီလိုပုံပြင်မျိုး ပြောကြည့်လိုက်ပါ။ “ကျားကြီးဟာ တစ်နေ့မှာ ဗွက်ထဲကို ပြုတ်ကျပြီး ဗွက်တွေလူးသွားလို့ ညစ်ပတ်နေတာပေါ့။ ဒါနဲ့ သားသား/မီးမီး ရဲ့အိမ်ကိုလာပြီး ရေချိုးခန်းထဲရေချိုးပါရစေလို့ လာပြောသတဲ့။ ဒါပေမဲ့ သားသား/ မီးမီးက ရေချိုးခန်းထဲ ပေးမ၀င်တော့ ကျားကြီးက ငိုတာပေါ့။ ဒါနဲ့ သားသား/မီးမီးက သနားပြီး ရေချိုးခွင့်ပေးလိုက်တယ်တဲ့။ အဲလိုနဲ့ သားသား/မီးမီးနဲ့ ကျားကြီးက အရမ်းကိုချစ်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်တဲ့ကွယ်။” ကလေးအနေနဲ့ အဲဒီကျားကြီးကို ပိုမိုချစ်ခင်လာပြီး ကြောက်စိတ်တွေပြေပျောက်သွားစေနိုင်ပါတယ်။

ကလေးကြောက်တဲ့အရာကို ကလေးနဲ့ ဝေးဝေးထားပါ

ကလေးကြောက်တဲ့အရာကို ကလေးနဲ့ ဝေးဝေးထားခြင်းကလည်း ကလေးရဲ့ကြောက်စိတ်ကို လျော့ပါးစေတဲ့နည်းလမ်းတစ်ခုပါပဲ။ ကလေးတွေဟာ ရုပ်ရှင်ဇာတ်ကားထဲမှာပါတဲ့ စိတ်ကူးယဉ်ဆန်ဆန် သတ္တ၀ါကြီးတွေကို ကြောက်တတ်ကြပြီး မတွေ့မမြင်တာကြာရင်လည်း ပြန်မေ့သွားတတ်တာ သဘာဝပါပဲ။ ဒါကြောင့် ကလေးက သူကြည့်နေတဲ့ (ဒါမှမဟုတ်) အိမ်သားတွေ ကြည့်နေတဲ့ ဇာတ်ကားထဲက သတ္တ၀ါ (သို့မဟုတ်) လူကို ကလေးက ကြောက်တယ်လို့ပြောနေရင် အမှုမဲ့အမှတ်မဲ့မနေပဲ အဲဒီဇာတ်ကားကို ပိတ်လိုက်သင့်ပါတယ်။ ပြီးတော့မှ ကြောက်ရတဲ့အကြောင်းရင်းကို ကလေးနဲ့ဆွေးနွေးရင်း အဲဒီသတ္တ၀ါက အပြင်မှာ တကယ်မရှိလို့ ကြောက်စရာမရှိကြောင်း သေချာရှင်းပြ သင့်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ပုံပြင်တွေဟာ တကယ့်လက်တွေ့မဟုတ်ကြောင်း သေချာသိလာဖို့ ကလေးကို ရှင်းပြပေးခြင်း၊လေ့ကျင့်ပေးခြင်းက ကြောက်စိတ်ကို ဖယ်ရှားပေးတဲ့နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ကြောက်စိတ်ဟာ ငယ်ဘ၀ထဲက အစပျိုးလာခဲ့ရင် ကြီးပြင်းလာတဲ့အခါမှာလည်း အမှောင်ကြောက်ခြင်း၊ တစ်ယောက်တည်းနေရတာကြောက်ခြင်း၊ အိပ်မက်ဆိုးများမက်တတ်ခြင်း စတာတွေဖြစ်တတ်တာမို့ ကြောက်စိတ်ကင်းတဲ့ကလေးတွေ ဖြစ်ဖို့ ငယ်ငယ်လေးတည်းက စနစ်တကျပြုစုပျိုးထောင်ပေးသင့်ကြောင်း အကြံပြုလိုက်ရပါတယ်ရှင်။

Crystal Win-YangonLife

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...