စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အင်တာနက် စီးပွားရေး ဘယ်နေရာမှာ ဖြစ်နိုင်သေးလဲ



လက်ရှိ အင်တာနက် အသုံးပြုသူ များပြားမှုနဲ့ လုပ်ငန်းများက ရန်ကုန်မှာပဲ စုစည်း တည်ရှိနေပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ရှင်းပါတယ်။

အင်တာနက်လိုင်း မြန်ဆန်မှု
ရန်ကုန်ဟာ အင်တာနက်လိုင်း ရရှိမှုမှာ အမြန်ဆုံး ဖြစ်နေလို့ ဖြစ်ပါတယ်။ အင်တာနက် ဘယ်လောက်နှေးတယ်ပဲ ပြောပြော လက်ရှိ ရန်ကုန်မှာ ရရှိနေတဲ့ ဝန်ဆောင်မှုဟာ အခြား နယ်မြို့တွေထက်သော သာနေပါတယ်။ ဒါကြောင့်လည်း အင်တာနက် မြန်တဲ့ နေရာမှာ စုစည်းရခြင်းပါ။

စီးပွားရေး အချက်အချာ ကျမှု

နေပြည်တော်ကို ထည့်တွက်ချင်ရင် ရပေမယ့် အင်တာနက် မြန်ဆန်မှု အပြင် အင်တာနက်နဲ့ အထောက်အပံ့ ပြုပေးမယ့် စီးပွားရေး လုပ်ငန်းများဟာ ရန်ကုန်မှာပဲ တည်ရှိနေလို့ ဖြစ်ပါတယ်။ ဥပမာ ရန်ကုန်က အထည်ဆိုင် သို့မဟုတ် စက်ရုံ တစ်ခု အနေနဲ့ ဝဘ်ဆိုဒ်တစ်ခု လုပ်ကောင်း လုပ်မှာ ဖြစ်ပေမယ့် မုံရွာမြို့ အထည်ဆိုင် သို့မဟုတ် စက်ရုံက ဝဘ်ဆိုဒ် လုပ်ဖို့ မသေချာ ပါဘူး။

မြန်မာပြည်ရဲ့ တံခါးပေါက်

နေပြည်တော်၊ မန္တလေး၊ ရန်ကုန် တို့မှာ နိုင်ငံတကာ လေဆိပ်များ ရှိနေသည့်တိုင် ရန်ကုန်ဟာ မြန်မာပြည်ရဲ့ တံခါးပေါက် တစ်ခုအဖြစ် ဆက်လက် တည်ရှိနေပါသေးတယ်။ အင်တာနက် ဆိုင်ရာ စီးပွားရေး လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာများကို သယ်ဆောင်လာသူများက ရန်ကုန်ကို ဦးစွား အခြေချပါတယ်။ မြန်မာပြည်ကနေ နိုင်ငံတကာကို out sourcing လုပ်နေတဲ့ ကုမ္ဗဏီများကလည်း ရန်ကုန်မှာပဲ အခြေချတာ အသင့်တော်ဆံး ဖြစ်ပါတယ်။ ဒါကြောင့်မို့ တံခါးပေါက် သဖွယ်ဖြစ်နေတဲ့ ရန်ကုန်ဟာ အင်တာနက် စီးပွားရေး အဖွံ့ဖြိုးဆုံး ဖြစ်ပါတယ်။

အနာဂတ် အလားလာ၊ Geolocation ပြောင်းလဲနိုင်စွမ်း ရှိမရှိ

ဒီတော့ ရန်ကုန်ဟာ ဘာကြောင့် အင်တာနက် စီးပွားရေး ဖွံ့ဖြိုးသလဲဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမယ့် လူတိုင်း မစဉ်းစားမိတဲ့ အရာလေး စဉ်းစားကြည့်ရအောင်...။ တစ်ချိန်ကျရင် အင်တာနက် စီးပွားရေး ဖွံ့ဖြိုးတဲ့ နေရာက ရန်ကုန်မဟုတ်ပဲ အခြား မြို့ တစ်ခုခု သို့မဟုတ် နှစ်ခု သုံးခု သို့မဟုတ် ရန်ကုန်နဲ့ တန်းတူ ဖွံ့ဖြိုးတဲ့ မြို့တွေကော ပေါ်လာနိုင်တယ်လို့ မထင်မိဘူးလား...။ ဒီတော့ ရန်ကုန်မှာ အင်တာနက် စီးပွားရေး ကျဆုံးလာမယ့် အခြေအနေကို ဦးစွာ စဉ်းစားကြည့်ရအောင်. ..

၁) ရန်ကုန်မှာ အင်တာနက်လိုင်း အမြန်ဆုံး အမြဲ ဖြစ်နေမှာလား..

ဒီတစ်ချက်က စဉ်းစားစရာပါ။ Ooredoo, Telenor, MPT တို့ရဲ့ ဈေးကွက် တားဂတ်နဲ့ အင်တာနက် ဝန်ဆောင်မှု ကုမ္ဗဏီများရဲ့ မျော်မှန်းဈေးကွက်ကို ရန်ကုန်လို့ ထင်ပါသလား..။ လူဦးရေ ငါးသန်းကျော်သာ နေထိုင်တဲ့ ရန်ကုန်ကလွဲရင် ကျန်တဲ့ မြိုကတွေမှာ လူဦးရေ ၄၅ သန်း ရှိပါတယ်။ ဒီဈေးကွက်ကို ထိုးဖောက်တဲ့အခါ ရန်ကုန်ကို အမြဲတမ်း အကောင်းဆုံး၊ အမြန်ဆုံး ဝန်ဆောင်မှုနဲ့ ဆက်ထိန်းထားနိုင်မယ်လို့ ထင်ပါသလား...။

၂) အိမ်ခြံမြေ ဈေးက အင်တာနက် စီးပွားရေးကို အဟန့်အတား ဖြစ်စေမလား...

ကျနော် အလုပ်လုပ်ခဲ့ဖူးတဲ့ ဂျာမနီ အခြေဆိုက် အင်တာနက် ကုမ္ဗဏီတစ်ခုဆိုရင် တစ်ချိန်က ဆာကူရာ တာဝါရဲ့ အပေါ်ဆုံးထပ်ရဲ့ အောက်တစ်ထပ်မှာ ရုံးစိုက်ခဲ့ဖူးပါတယ်။ ဆာကူရာ တာဝါဆိုတာ မြန်မာပြည်မှာ ရုံးခန်း ဈေးအကြီးဆုံး စာရင်းထဲ ပါဝင်တဲ့ တာဝါဖြစ်ပြီး အာရှမှာလည်း ရုံးခန်း ဈေးအကြီးဆုံး ထိပ်တန်း စာရင်းထဲမှာ ပါဝင်ပေါသေးတယ်။ ယင်းနေရာကနေ ရွှေ့လာလိုက်တာ ယခုဆိုရင် ကမာရွတ်က လုံးချင်းအိမ်ကလေး တစ်လုံးကို ငှားတဲ့အထိ ဖြစ်သွားပါပြီ။ ဒါဟာ ကုမ္ဗဏီကို ဆင်းရဲတယ်လို့ မဆိုလိုပါ။ ဒါပေမယ့် အိမ်ခြံမြေ ရဲ့ ကြီးမြင့်တဲ့ ဈေးကို ရှောင်ဖယ်ပြီးတော့ ဈေးသက်သာတဲ့ နေရာကို ရွှေ့ပြောင်းလာခြင်း ဖြစ်ပါတယ်။ ဒီတော့ ရန်ကုန်မှာ အဆက်မပြတ် တက်နေတဲ့ အိမ်ခြံမြေ ဈေးကွက်ဟာလည်း အင်တာနက် စီးပွားရေး လုပ်ငန်းများကို အခြား နေရာ ဒေသ တစ်ခုဆီသို့ ရွှေ့လျားသွားစေနိုင်ပါတယ်။ အချို့က အင်တာနက် စီးပွားရေးဟာ နေရာဟာ အဓိက မဟုတ်၊ အင်တာနက်လိုင်းသာ အဓိကလို့ ဆိုကောင်းဆိုပါလိမ့်မယ်။ စမ်းလုပ်ကြည့်ပါ။ ရုံးခန်း နေရာ တစ်ခုကောင်းကောင်း မရှိပဲနဲ့ အင်တာနက်စီးပွားရေး လုပ်ငန်း တစ်ခု ဖွံ့ဖြိုးအောင်မြင်ဖို့ ခက်ခဲတယ် ဆိုတာ သိလာပါလိမ့်မယ်။ ဒါကြောင့်မို့ပဲ အမေရိကန်က ဆီလီကွန်ဗယ်လီကနေ ဆန်ဖရန်စစ္စကို Bay Area ကို ရွှေ့ပြောင်းလာကြ ပါပြီ။

အခွင့်အလမ်းများ

ဒီတော့ ဘယ်လို အခွင့်အလမ်းများ ရှိနိုင်တယ် ဆိုတာ လေ့လာကြည့်ရအောင်...

၁) ရာသီဥတု

သူငယ်ချင်းတစ်ယောက်က ရုတ်တည်နဲ့ အတည်ပေါက် နောက်ဖူးပါတယ်။ တို့တွေ ချင်းတောင်ပေါ်မှာ အင်တာနက် ရုံးသွားတည်ရအောင်တဲ့။ အမှန်တော့ ဒါဟာ လောလောဆယ် ရယ်စရာ ဖြစ်ကောင်းဖြစ်ပေမယ့် အနာဂတ်မှာ ဖြစ်လာမလာ မပြောနိုင်ပါဘူး။ Facebook တောင်မှ သူတို့ရဲ့ Data Center ကို မြောက်ဝင်ရိုးစွန်း ရေခဲတောင်တွေရှိတဲ့ နေရာမှာ တည်ပြီး သူတို့ရဲ့ ရုံးစိုက်တဲ့ မြို့တွေကို ကြည့်လိုက်ရင် တကယ်ကို အေးပါတယ်။ ဥရောပအတွက် ရုံးဆိုရင် အိုင်ယာလန်က ဒူဘလင်မှာ ရှိပြီး ယင်းဟာ ဥရောပရဲ့ အအေးဆုံး စာရင်းဝင်ပါတယ်။ ဒီတော့ ရန်ကုန်လို ပူအိုက်တဲ့ နေရာကို ရှောင်လာမလား ဆိုတာ စဉ်းစားစရာပါ။

၂) နယ်ဖက်မှာ ဖွံ့ဖြိုးလာတဲ့ အင်တာနက်လိုင်း

ရန်ကုန်ပဲ အင်တာနက်လိုင်း မြန်တယ်လို့ ထင်ရင် မှာသွားပါမယ်။ User နည်းတာကြောင့် အင်တာနက် bandwidth ကို ရန်ကုန်က လူ ၁၀ ယောက်စာကို တစ်ယောက်တည်း သုံးနေရသူတွေ နယ်တွေဘက်မှာ အများကြီးပါ။ လူဦးရေ နည်းပါးခြင်း ဟာလည်း အင်တာနက်လိုင်း ကောင်းမွန်ရန် အထောက်အပံ့ဖြစ်စေပြီး အင်တာနက် စီးပွားရေး ဖွံ့ဖြိုးဖို့ များစွာ အထောက်အကူ ပြုပါတယ်။

၃) လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု
လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာမှုကလည်း အခြားသော နယ်တွေကို အင်တာနက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ဒါနဲ့ စကားမစပ် နယ်စပ်မြို့တွေက အင်တာနက် အတော်လေး ဖွံ့ဖြိုးပါတယ်။ ဥပမာ တာချီလိတ်လို မြို့မျိုးတွေဆိုရင် အင်တာနက် ဝန်ဆောင်မှုကို ထိုင်းတွေဘက်ကနေ ဝယ်သုံးတာပါ။ ဒီတော့ မြန်မာလိုင်းထက် မြန်ပါတယ်။ ဈေးလည်း ပိုကြီးကောင်း ကြီးပါလိမ့်မယ်။ သက်လည်း သက်သာကောင်း သက်သာပါလိမ့်မယ်။ ဒါပေမယ့် အင်တာနက် ခပ်ကောင်းကောင်း သုံးနေနိုင်တာတော့ ငြင်းမရပါဘူး။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကြောင့် နိုင်ငံအတွင်းတင် မကပဲ နိုင်ငံပြင်ပနဲ့ ချိတ်ဆက်နိုင်မှုက အင်တာနက်ဆိုင်ရာ လုပ်ငန်းများကို တိုးတက်လာစေပါတယ်။

ဆက်ပြောမယ်ဆိုင် ထည့်စဉ်းစားစရာ၊ တွက်ချက်စရာ အချက်ပေါင်း များစွာ ရှိပါတယ်။ အင်တာနက် ဆိုင်ရာ စီးပွားရေး ဟာ နေရာ တစ်ခုတည်းမှာ Focus တည်နေတာထက် နယ်ပယ် ဒေသ အားလုံးသို့ ဖြန့်ကျန်နိုင်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရင်းသေ Resources တွေကို မှီခိုပြီး လုပ်ငန်းလုပ်ကိုင်တာထက် ကျနော်ကတော့ Human Resource အပေါ် မှီခိုပြီး စီးပွားရေး လုပ်ငန်းတိုးတက်မှုကို ပိုလိုလား ပါတယ်။ ဥပမာ စင်္ကာပူလို နိုင်ငံမျိုး၊ ဂျပန်လိုကို အတုယူသင့်ပါတယ်။ သယံဇာတ လုံးဝ မရှိပေမယ့် ကမ္ဘာ့ ထိပ်တန်း စီးပွားရေး မြို့တော်များ ဖြစ်အောင် ပို့ဆောင်ပေးသူက နည်းပညာ ဖြစ်ပြီး အင်တာနက် ရဲ့ ထောက်ပံ့ပမှုလည်း ပါတယ်ဆိုတာ ငြင်းမရ ပါဘူး။
.
အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/?p=1419

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...