စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သတင်းရင်းမြစ် ပိုဆန်လာတဲ့ လူမှုကွန်ရက်များ


လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေကို အဓိကအသုံးပြုကြတဲ့ ရည်ရွယ်ချက်က ခင်မင်ရင်းနှီးသူအချင်းချင်း ချိတ်ဆက်ဖို့ အွန်လိုင်း ကနေ မိတ်ဆွေတွေတိုးပွားစေဖို့ဆိုတာတွေပဲ ယေဘုယျဆန်ဆန် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လူမှု ကွန်ရက် ယဉ်ကျေးမှုထွန်းကားလာတာနဲ့အမျှ ဦးတည်ရာလမ်းကြောင်းတွေဟာလည်း သိမ်သိမ်မွေ့မွေ့ ပြောင်းလဲလာခဲ့ပါပြီ။

 ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး လူမှုကွန်ရက်ကြီးတွေဖြစ်ကြတဲ့ Facebook နဲ့ Twitter တို့ဟာ ဒီနေ့အချိန်မှာတော့ အင်တာနက်ပေါ်က အဓိကသတင်းရင်းမြစ် တွေအဖြစ် ပြောင်းလဲလာနေပြီလို့ မကြာသေးမီကပြုလုပ်ထားတဲ့ သုတေသန စစ်တမ်းတစ်စောင်က ဖော်ပြထားပါတယ်။

            
Pew သုတေသနဌာနဟာ အမေရိကန်က အရွယ်ရောက်ပြီးသူ ၂,၀၀၀ ကျော်ရဲ့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်သုံးစွဲမှု ရည်ရွယ်ချက်နဲ့  အတွေ့အကြုံတွေကို စနစ်တကျမေးခွန်းထုတ်ပြီး စစ်တမ်းတစ်ရပ် ကောက်ခံပြုစုခဲ့ပါတယ်။ ရလဒ်အနေနဲ့တော့ အများစုဟာ လူမှုကွန်ရက်တွေကို မိတ်ဆွေအပေါင်းအသင်း ရှာဖွေချိတ်ဆက်ဖို့ဆိုတာထက် သတင်းဦး၊ သတင်းထူးတွေရှာဖွေသိရှိရာ ရင်းမြစ်အနေနဲ့ အသုံးပြုနေတယ်ဆိုတာကို ဖော်ထုတ်တွေ့ရှိလာတာပါပဲ။
Facebook ရော Twitterပါ သီးခြားအသုံးပြုနေသူတွေရဲ့ ၆၃ ရာခိုင်နှုန်းက သူတို့သိချင်တဲ့သတင်းတွေကို လူမှုကွန်ရက်ဝက်ဘ်ဆိုက် တွေကနေ ရှာဖွေဖတ်ရှုကြောင်း သဘောထားပေးခဲ့ကြပါတယ်။ ဒါဟာ လူမှုကွန်ရက်တွေကို သတင်းရင်းမြစ်အဖြစ် အသုံးပြုလိုသူ တိုးပွား လာကြောင်း ထင်ထင်ရှားရှားမြင်သာတဲ့ အခြေအနေတစ်ရပ်ပါပဲ။

၂၀၁၃ ခုနှစ်က အလားတူ စစ်တမ်းတစ်ခုမှာတော့ Twitter သုံးစွဲသူ ၅၂ ရာခိုင်နှုန်းနဲ့ Facebook သုံးစွဲသူ ၄၇ ရာခိုင် နှုန်းတို့က သတင်းရင်းမြစ်အဖြစ် လူမှုကွန်ရက်တွေကို အသုံးပြုနေကြောင်း ဖြေကြားခဲ့ကြဖူးပါတယ်။

‘‘လူတစ်ဦးချင်းစီရဲ့ အမူ အကျင့်ပြောင်းလဲလာတာတွေ၊ သတင်းအဖွဲ့အစည်းတွေက လူမှုကွန်ရက်တွေပေါ်မှာ ပိုပြီးအခြေချ လှုပ်ရှားလာတာတွေ၊ ပြီးတော့လူမှုကွန်ရက်တွေက သတင်းတွေ ကို စိစစ်ပေးနိုင်အောင် ပိုပြီးစနစ်တကျချဉ်းကပ်လာတာတွေက အခုလို သက်ရောက်မှုမျိုးဖြစ်လာ စေတာပါ။ လူမှုကွန်ရက်တွေကို သတင်းရင်းမြစ်အဖြစ် အသုံးချမှု ဟာ ရှေ့ဆက်ပြီးလည်း တိုးတက်လာနိုင်ပါတယ်’’လို့ Pew က သုတေသန အစီရင်ခံစာမှာ မှတ် ချက်ပြုရေးသားဖော်ပြထားခဲ့ပါ တယ်။

Facebook ဟာ InstantArticles ဆိုတဲ့ Feature ကို မေလအတွင်းက စတင်အသုံးပြုခွင့်ပေး ပြီး သတင်းအဖွဲ့အစည်းတွေက နောက်ဆုံးရ သတင်းတွေကို ဝက်ဘ်ဆိုက်ပေါ်မှာ တိုက်ရိုက် ရေးသားလွှင့်တင်နိုင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒီရလဒ်က Facebook ပေါ်မှာ သတင်းစီး ဆင်းမှု ပိုမိုမြန်ဆန်တိကျလာ အောင်အကူအညီဖြစ်စေမှာပါ။ National Geographic၊ New York Times နဲ့ Buzzfeed တို့လို သတင်းဌာနတွေနဲ့ပူးပေါင်း ပြီး ဒီ Feature ကို Facebook က မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Twitter ကလည်း Face−book လိုပဲ သတင်းတွေကို အထောက်အပံ့ပေးချဉ်းကပ်မယ့် ဗျူဟာကို ပိုပြီးအားထည့် အ ကောင် အထည် ဖော်လာပါတယ်။ Twitter က စီစဉ်နေတဲ့ Project Lightning ဟာ Twitter မှာ Account ဖွင့်မထားတဲ့သူတွေ ဆီကိုတောင် နောက်ဆုံးရ သတင်း ထူး၊ သတင်းဦးတွေကို အမြန်ဆုံး ရောက်ရှိစေမယ့် Feature မျိုး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Twitter ဟာ အခိုင်မာဆုံး သတင်းရင်းမြစ်တွေကို စုစည်းပေးနေတဲ့ လူမှုကွန်ရက်တစ်ခု အနေနဲ့ နာမည်ကောင်းရနေပြီး အဲဒီနယ်ပယ်မှာ ကောင်းသထက် ကောင်းအောင် ကြိုးစားလာတဲ့ သဘောပါပဲ။

Pew ရဲ့ တွေ့ရှိချက်ဟာ သမားရိုးကျလမ်းဟောင်းအတိုင်း သွားနေတဲ့ သတင်းမီဒီယာအဖွဲ့ အစည်းတွေအတွက် တပ်လှန့်မှု တစ်ခုလည်း ဖြစ်လာပါတယ်။ လူမှုကွန်ရက်တွေကို သတင်းရင်းမြစ်တွေအဖြစ် ရှုမြင်သူ အရေ အတွက်တိုးပွားလာခြင်းဟာ လူမှုကွန်ရက်အသုံးပြုသူ အရေ အတွက်မြင့်တက်လာတာနဲ့ ဆက် စပ်မှုမရှိဘူးလို့ Pew က ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ သတင်းတွေကို ထိတွေ့သိရှိချင်နေတဲ့ အင်တာနက် အသုံးပြုသူတွေ ကိုယ်တိုင်က သမားရိုးကျသတင်းဌာန တွေကို မှီခိုမှုလျော့ကျလာပြီး လူမှုကွန်ရက်တွေဆီ အာရုံပိုကျ လာတာဖြစ်ပါတယ်။

အသက် အပိုင်းအခြားနဲ့ တွက်ချက်ရင်တော့ အရွယ် ရောက်ပြီးသူအများစုက သူတို့ သိချင်တဲ့သတင်းတွေကို မူလ သတင်းရင်းမြစ်မှာပဲ ရှာဖွေဖတ်ရှုပြီး Facebook နဲ့ Twitter တို့ကိုတော့ ဒုတိယဦးစားပေး သတင်းရင်းမြစ်တွေအဖြစ်ပဲ အသုံးပြုလေ့ ရှိကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ အင်တာနက် အသုံးပြုသူအများစုကတော့ သတင်း ထူး၊ သတင်းဦးတိုင်းကို လူမှုကွန်ရက်တွေကပဲ လိုက်ရှာတော့တယ် လို့ Pew ရဲ့ စစ်တမ်းအတွက် ဖြေကြားပေးခဲ့ကြပါတယ်။ ဒါဟာနောက်တက်လာမယ့် မျိုးဆက် တွေက သတင်းဌာနတွေအပေါ် မှီခိုမှုကျဆင်းလာနိုင်တဲ့ အရိပ် လက္ခဏာလည်းဖြစ်ပါတယ်။

Pew ရဲ့ အဆိုအရ လက်ရှိအချိန်မှာ သတင်းထူး၊ သတင်းဦး တွေကို မျှဝေဖော်ပြမှုမှာ Twitterက Facebook ထက် လူကြိုက်များနေတယ်လို့ သိရပါတယ်။ Twitter ကနေ ဦးဦးဖျားဖျားသတင်းတွေ ရှာဖတ်လေ့ရှိတယ်လို့ ဖြေဆိုသူ၅၉ ရာခိုင်နှုန်းရှိချိန်မှာ Facebook ဘက်က ထောက်ခံသူ ၃၁ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ Pew ကလူမှုကွန်ရက်တွေမှာ သတင်းဖတ်ရှုသူတွေအနေနဲ့ ဘယ်လိုသတင်း မျိုးကို ဦးစားပေးရှာဖွေလေ့ရှိ သလဲဆိုတာကိုပါ သီးခြားသုတေ သနပြုခဲ့ကြပါတယ်။

အဲဒီအခါမှာ Facebook ရောTwitter ပါ အသုံးပြုသူအများစုက ဖျော်ဖြေရေးသတင်းတွေကို ဖတ်ရှုလေ့ရှိကြောင်း ဖြေကြပါတယ်။ Twitter ကနေ ဖျော်ဖြေရေး သတင်းတွေဖတ်ရှုသူ ၇၈ ရာခိုင်နှုန်းလောက်ရှိနေပြီး Facebook ကနေ ဖျော်ဖြေရေးသတင်းတွေ ခြေရာခံရှာဖွေသူ ၇၄ ရာခိုင်နှုန်း လောက် ရှိတယ်လို့ဆိုပါတယ်။ အစိုးရပိုင်းနဲ့ မူဝါဒရေးရာ သတင်းတွေအတွက် Twitter ကို အသုံးပြုရှာဖွေသူ ၇၂ ရာခိုင်နှုန်းနဲ့ Face-book ကို အသုံးပြုသူ ၆၁ ရာခိုင် နှုန်းရှိပါတယ်။
အားကစားသတင်းတွေနဲ့ ပတ်သက်ရင်တော့ Twitter ကို မှီငြမ်းသူ ၇၀ ရာခိုင်နှုန်း၊ Face-bookကနေ ဖတ်ရှုသူ ၅၅ ရာခိုင်နှုန်းရှိပါတယ်။ ပြည်တွင်းက နာမည်ကျော်တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုတော့ Twitter သုံးပြီး ရှာဖွေသူ ၆၃ ရာခိုင်နှုန်းပဲရှိပြီး Facebook ပေါ် ကနေ လိုက်ရှာတဲ့သူကတော့ ၆၉ ရာခိုင်နှုန်းထိ မြင့်တက်နေပါ တယ်။

နောက်ထပ် စိတ်ဝင်စားစရာ တစ်ချက်က Facebook ရော Twitter မှာပါ တိုးပွားလာတဲ့ အသုံးပြုသူ လူသစ်အရေအတွက် မှာ လူငယ်ပိုင်းက ပိုများနေတာ ပါ။ Account အသစ်ဖွင့်တဲ့ အခြေအနေမှာ အသက် (၁၈)နှစ်ကနေ(၃၄)နှစ်ကြား လူငယ်အရေ အတွက်က Twitter ပေါ်မှာ ၄၉ရာခိုင်နှုန်းထိ ရှိနေပါတယ်။ အသက် (၃၅)နှစ်အထက်ကတော့ ၃၁ ရာခိုင်နှုန်းပဲရှိတယ်။ အဲဒီ ကဏ္ဍနှစ်ခုမှာပဲ Facebook ကို အခြေပြုလေ့လာကြည့်ရင် လူငယ်အရေအတွက် ၄၉ ရာခိုင်နှုန်းနဲ့ အရွယ်ရောက်ပြီး လူလတ်ပိုင်းအရေအတွက် ၃၄ ရာခိုင်နှုန်း ရှိနေပါတယ်။ လူငယ်ပိုင်း ပိုများလာလေလေ၊ လူမှုကွန်ရက်တွေ ပေါ်ကနေ သတင်းရှာဖွေဖတ်ရှု သူဦးရေ တိုးလေလေဖြစ်လိမ့်မယ် လို့ Pew က ခန့်မှန်းထားပါတယ်။

တကယ်တော့ သတင်းတွေ ကို စာဖတ်သူတွေလက်ထဲကို ပျံ့နှံ့ရောက်ရှိသွားဖို့ဆိုတာက သတင်းမီဒီယာဌာနတွေရဲ့ အရေးပါဆုံး လုပ်ငန်းစဉ်တစ်ခုဖြစ်ပါ တယ်။ သတင်းဌာနတစ်ခုရဲ့ သတင်းတွေပျံ့နှံ့မှု တွင်ကျယ် လေ၊ အောင်မြင်မှုကြီးမားလေလို့ ယေဘုယျသတ်မှတ်နိုင်ပါတယ်။ အခုတော့ Facebook နဲ့ Twitter တို့လို လူမှုကွန်ရက်တွေက အဲဒီ နယ်ပယ်ကို ဝင်ပါလာကြပါပြီ။ သေချာတာကတော့ လူမှုကွန် ရက်တွေက သတင်းတွေကို လွယ်လွယ်ကူကူ ဖြန့်ဝေပေးနေလေ လေ၊ မူရင်းသတင်းဌာနတွေရဲ့ ရပ်တည်မှုကို သွယ်ဝိုက်ရိုက်ခတ် မှု ပိုများလေလေ ဖြစ်လာနေတယ် ဆိုတာပါပဲ။

—Ref: The Verge, Guardian
 http://www.7daydaily.com/story/41934

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...